မြန်မာတွင် စစ်တပ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် အကြမ်းမဖက်သော တက်ကြွလှုပ်ရှားသူ နှစ်ဦး ပြီးခဲ့သည့်အပတ်အတွင်း မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ ရန်ကုန်တွင် အဖမ်းခံရပြီးနောက် ညှဉ်းပန်းနှိပ်စက်ခံရမည့် အန္တရာယ်ကြီးနေသည်ဆိုသည့် စိုးရိမ်ပူပန်မှုများ မြင့်မားနေသည်။
စစ်ကောင်စီဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) ထိပ်တန်းအဖွဲ့ဝင် အသက် ၂၇ နှစ်အရွယ် ကိုပိုင်ဖြိုးမင်း (ခ) ဒီရေနှင့် ငြိမ်းချမ်းသော ဆန္ဒပြပွဲများတွင် ပါဝင်သူ ကိုရှိုင်းဝေအောင်တို့သည် အောက်တိုဘာလ ၉ ရက် ညက သီးခြားစီ အဖမ်းခံရသည်ဟု AJAY ခေါင်းဆောင်များအနက် တဦးဖြစ်သော ကိုနန်းလင်းက AP သတင်းဌာနသို့ ပြောသည်။
ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို ဆန့်ကျင်သည့် စက်တင်ဘာလ ၁၉ ရက်နေ့က လျှပ်တပြက်ဆန္ဒပြပွဲတွင် ပါဝင်ပြီးနောက် နာရီပိုင်းအတွင်း အခြား လူငယ်တက်ကြွလှုပ်ရှားသူ လေးဦး အဖမ်းခံရကြောင်းလည်း ၎င်းကပြောသည်။
ကျေးလက်နှင့် ဝေးကွာသောဒေသများတွင် ဒီမိုကရေစီလိုလားသော ပြောက်ကျားများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို စစ်တပ်က လက်နက်ကိုင် တိုက်ခိုက်နေသည့် တချိန်တည်းတွင် အဓိကကျသည့် မြို့ပြဒေသများမှ နိုင်ငံရေးအတိုက်အခံများကိုလည်း ထိန်းချုပ်ရန် ကြိုးစားနေကြောင်း ထိုဖမ်းဆီးမှုများက သတိပေးနေသည်။
ဖမ်းဆီးခံရသည့် ဆန္ဒပြသူများသည် စစ်ကြောရေးလုပ်သူများ၏ ညှဉ်းပန်းနှိပ်စက်ခံရမည့်အန္တရာယ် မြင့်မားနေသည်ကို စိုးရိမ်ကြောင်း AJAY မှ ကိုနန်းလင်းက ပြောသည်။ ကိုပိုင်ဖြိုးမင်းနှင့် ကိုရှိန်းဝေအောင်တို့ကို စစ်ကြောရေးစခန်းတခုသို့ ပို့ဆောင်လိုက်ကြောင်းနှင့် အဖမ်းခံရသူများနှင့် အဆက်အသွယ် မရတော့ကြောင်း ၎င်းကပြောသည်။
ဖမ်းဆီးခံရသူများကို ညှဉ်းပန်းနှိပ်စက်ကြောင်း လူ့အခွင့်အရေးအဖွဲ့များနှင့် AP သတင်းဌာနအပါအဝင် မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပြီးဖြစ်သည်။
ဖမ်းဆီးခံရသော ဆန္ဒပြသူများကို ကာကွယ်စောင့်ရှောက်ရေးအတွက် စစ်ကောင်စီကို ဖိအားပေးရန် နိုင်ငံတကာအသိုက်အဝန်းနှင့် သပိတ်ကော်မတီများကို AJAY က ၎င်းတို့ Facebook စာမျက်နှာတွင် အောက်တိုဘာလ ၁၀ ရက်နေ့က တောင်းဆိုပြီး ကိုပိုင်ဖြိုးမင်းအတွက် အထူးစိုးရိမ်ကြောင်း ဖော်ပြသည်။
ကိုပိုင်ဖြိုးမင်းသည် သရော်သည့် ကဗျာနှင့်သီချင်းများကို တင်ဆက်သည့် မြန်မာ့ရိုးရာ သံချပ်ဖျော်ဖြေသည့် လူငယ်အဖွဲ့တခုတွင် ပါဝင်သောကြောင့် လူသိများသူဖြစ်သည်။
သူသည် စစ်သားများပုံစံ ဝတ်ဆင်သည့် သံချပ်ဖျော်ဖြေမှုတွင် ပါဝင်ပြီးနောက် ၂၀၁၉ ခုနှစ်တွင် ဖမ်းဆီးခံရသည်။ အစိုးရဆန့်ကျင်မှုဖြင့် သူ့ကိုထောင် ခြောက်နှစ်ချသော်လည်း ၂၀၂၁ ခုနှစ်၊ ဧပြီလက အကျဉ်းသားအများအပြားကို လွတ်ငြိမ်းသက်သာခွင့် ပေးသောအခါ ပြန်လွှတ်ပေးခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းမဖက်သည့် ဆန္ဒပြပွဲများသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် အဓိကပုံစံ ဖြစ်လာသည်။ စစ်ကောင်စီတပ်များက ၎င်းတို့ကို သတ်ဖြတ်နှိမ်နင်းသောအခါ စစ်တပ်ဆန့်ကျင်သူ အများအပြားသည် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲကြပြီး ယခုအခါ နိုင်ငံအစိတ်အပိုင်း အများအပြားတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။
“ဒီနေ့ မြန်မာမှာ ဆန္ဒပြတာက အာဏာမသိမ်းခင်ကလို မဟုတ်တော့ဘူး။ စစ်တပ်ဆန့်ကျင်ရေးမှာ ဘယ်လိုပုံစံနဲ့ ပါဝင်သူမဆို နှစ်ရှည်တဲ့ ထောင်ဒဏ်၊ ညှဉ်းပန်းနှိပ်စက်မှု၊ တခြားဖိနှိပ်မှုတွေနဲ့ ချုပ်နှောင်ထားစဉ် အသက်ဆုံးရှုံးမှုတွေ ရင်ဆိုင်ရတယ်” ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် (AI) လူ့အခွင့်အရေးအဖွဲ့မှ မြန်မာဆိုင်ရာသုတေသီ ဂျိုးဖရီးမင်းက ပြောသည်။
“မြန်မာထောင်စနစ်မှာ မျှတတဲ့ဆက်ဆံမှုရဖို့ မျှော်လင့်ချက် မရှိသလောက်ပဲ။ ပွင့်လင်းမြင်သာမှု မရှိဘဲ အရမ်းကို စံချိန်မမီတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရတယ်။ အခု တက်ကြွလှုပ်ရှားသူ နှစ်ဦးကို ပို့ဆောင်ဖွယ်ရှိတဲ့ စစ်ကြောရေးစခန်းတွေဟာ တရားဝင် စွဲချက် မတင်ခင် သတင်းရဖို့ ညှဉ်းပန်းနှိပ်စက်မှုတွေ အသုံးပြုတယ်လို့ အရမ်းကို အမည်ဆိုး ကျော်ကြားတဲ့နေရာတွေ ဖြစ်တယ်” ဟုလည်း ၎င်းကပြောသည်။
ဖမ်းဆီးမှုများနှင့် သေဆုံးမှုများကို စာရင်းပြုစုသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ စစ်တပ်သည် အာဏာသိမ်းပြီးနောက် လူ အနည်းဆုံး ၅,၈၀၀ သတ်ဖြတ်ခံရပြီး ၂၇,၅၂၉ ဦးကို ဖမ်းဆီးထားသည်။
၂၀၂၁ ခုနှစ်က လမ်းမပေါ်ဆန္ဒပြပွဲများကို နှိမ်နင်းပြီးနောက် ဆန္ဒပြပွဲများအရေအတွက် နည်းလာပြီး ထုံးစံအားဖြင့် လျှပ်တပြက် ဆန္ဒပြပွဲပုံစံသာ ပြုလုပ်ကြသည်။
ဆန္ဒပြသူများသည် လျင်မြန်စွာစုရုံးပြီး အလံများ၊ စာတန်းများ၊ မီးတုတ်များကို ကိုင်ဆောင်ကာ စစ်ကောင်စီကို ဖြုတ်ချရေး၊ ဖမ်းဆီးထားသော အရပ်သားခေါင်းဆောင်များကို လွှတ်ပေးရေးအတွက် ကြွေးကြော်သံများ ဟစ်ကြွေးကြသည်။ မိနစ်အနည်းငယ်အကြာတွင် ၎င်းတို့သည် လူစုခွဲလိုက်ပြီး ရဲများ၊ စစ်သားများနှင့် ထိပ်တိုက်တွေ့နိုင်သည့် အလားအလာကို အနည်းဆုံးဖြစ်အောင် လုပ်ကြသည်။
ကိုနန်းလင်းနှင့် ရန်ကုန်မှ တက်ကြွလှုပ်ရှားသူအုပ်စုများ၏ အဆိုအရ စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးခံရသူ လေးဦးမှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဟောင်းများ အင်အားစုကို ပူးတွဲတည်ထောင်သူနှင့် အလွတ်ဓာတ်ပုံသတင်းထောက် ကိုဖိုးသား (ခ) ကိုဇော်လင်းထွဋ်၊ လူငယ်သပိတ်ကော်မတီအဖွဲ့ဝင်များဖြစ်သော ကိုအောင်မင်းခိုင် (ခ) ကိုမဲကြီး၊ မမြမဉ္ဇူနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း မနှင်းအိခိုင်တို့ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တွင် လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းရန် စစ်အရာရှိများနှင့် အုပ်ချုပ်ရေးအရာရှိများ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ရပ်ကွက်ကျေးရွာများသို့ လက်နက်ကိုင်များ စိမ့်ဝင်ခြင်းကို အမြဲတမ်း စောင့်ကြည့်ရမည်ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က အောက်တိုဘာလ ၈ ရက်နေ့တွင် ပြုလုပ်သည့် လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးတွင် ပြောသည်ဟု စစ်ကောင်စီထိန်းချုပ်မီဒီယာက ဖော်ပြသည်။
ကိုးကား ။ ။ AP သတင်း New arrests revive concern that nonviolent political protesters in Myanmar may be tortured
You may also like these stories:
ရန်ကုန်က ဆန္ဒပြလူငယ်လေးဦး ဖမ်းဆီးခံရ (ရုပ်/သံ)
ကုန်ဈေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ရန်ကုန်တွင် ဆန္ဒပြ
ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ
တော်လှန်သင်္ကြန်ဆန္ဒပြခဲ့သူ ၄ ဦး ထောင်ထဲတွင် ဆေးကုသခွင့် မရ