အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်များသည် ထိပ်သီးဆွေးနွေးပွဲတွင် အကျပ်အတည်း နှစ်ခုကို ဒေသတွင်း သံတမန်များနှင့် ဆွေးနွေးသော်လည်း ၎င်းတို့၏ လက်ရှိ အားထုတ်မှုများ တိုးတက်မှုရနိုင်မည့်ကိစ္စကို သံသယရှိနေသည်။
အရှေ့တောင်အာရှ ခေါင်းဆောင်များသည် မကြာသေးမီ နှစ်များအတွင်း ဒေသကို ဒုက္ခပေးနေသည့် အကျပ်အတည်း နှစ်ခုကို အဆုံးသတ်ရန် အမြန်ရရှိနိုင်မည့် ရလဒ်များကို တွန်းအားပေးကြသည်။ ထိုအကျပ်အတည်း နှစ်ခုမှာ မြန်မာမှ ပြည်တွင်းစစ် အဆုံးသတ်ရေးနှင့် တောင်တရုတ်ပင်လယ်တွင် တင်းမာမှု မြင့်မားခြင်းတို့ ဖြစ်သည်။
အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ အမေရိကန် ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယားနှင့် သြစတြေးလျတို့မှ ထိပ်တန်းသံတမန်များနှင့်အတူ လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်းတွင် လွန်ခဲ့သောသီတင်းပတ် နှောင်းပိုင်း၌ နှစ်ပတ်လည် ထိပ်သီးဆွေးနွေးပွဲအတွက် တွေ့ဆုံသည်။ သို့သော် ၎င်းတို့၏ ယခုနောက်ဆုံး အားထုတ်မှုများသည် အကျိုးရှိ၊ မရှိကို ကြီးမားသော သံသယများ ထပ်မံဖြစ်ပေါ်နေသည်။
နိုင်ငံတကာဥပဒေကို အခြေခံသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ဝတ်တခု သဘောတူညီချက် ရရေးသည် ထိုသဘောတူညီချက်ကို ဆန့်ကျင်နေသည်မှာ ဆယ်စုနှစ် နှစ်ခုကြာပြီဖြစ်သည့် တရုတ်အစိုးရအပေါ် မူတည်ကြောင်း၊ နေပြည်တော်မှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မြန်မာတွင် ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပရန် အသာထားပြီး ချက်ချင်း အပစ်အခတ်ရပ်စဲရေးပင် လုပ်ဖွယ်မရှိကြောင်း သုတေသီများက ပြောသည်။
တောင်တရုတ်ပင်လယ် အငြင်းပွားရေပိုင်နက်တွင် အဓိကကျသည့် ထိုရေလမ်းကြောင်း တခုလုံးနီးပါးကို ပိုင်ဆိုင်သည်ဟု ကြေညာသည့် တရုတ်သည် ဖိလစ်ပိုင်နှင့် မကြာသေးမီက ဗီယက်နမ် အပါအဝင် အာဆီယံ နိုင်ငံများအကြား ထိပ်တိုက်တွေ့မှု မြင့်မားနေသည်။
ထိုအငြင်းပွားမှုများသည် နောက်ဆုံးတွင် ဖိလစ်ပိုင် တိုက်ခိုက်ခံရပါက ကာကွယ်ရန် စာချုပ်ချုပ်ထားသည့် အမေရိကန် ပြည်ထောင်စု ပါဝင်ပတ်သက်သည့် တင်းမာမှုဖြစ်နိုင်သည့် အန္တရာယ်ရှိသည်။
ကုန်သွယ်မှု ဒေါ်လာ ၃ ထရီလီယံဖိုး နှစ်စဉ်ဖြတ်သန်းသည့် တောင်တရုတ်ပင်လယ်သည် အာဆီယံ အစည်းအဝေးများတွင် အဓိက ငြင်းခုံရသည့် ကိစ္စဖြစ်သည်။ အထူးသဖြင့် တရုတ်နှင့် ရုရှားတို့သည် ပင်လယ်ပြင်ဥပဒေဆိုင်ရာ ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ သဘောတူညီချက်ကို ဆန့်ကျင်ကြသည်ဟု အမေရိကန်အရာရှိတဦးက အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြောသည်။
အာဆီယံ၏ ထုတ်ပြန်ကြေညာချက်တွင် တောင်တရုတ်ပင်လယ်၌ “တင်းမာမှုနှင့် မတော်တဆမှု၊ နားလည်မှု လွဲမှားခြင်းနှင့် အတွက်အချက်မှားခြင်း လျှော့ချရန်” ယုံကြည်မှု တည်ဆောက်သည့် အစီအမံများကို တိုက်တွန်းသည်။
အငြင်းပွားမှုများကို ကူညီဖြေရှင်းပေးနိုင်သည့် ရေကြောင်းကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးပွဲများအတွက် “အပြုသဘောဆောင်သည့် အရှိန်အဟုန်” ရှိသည်ဟု ထိုကြေညာချက်တွင် ကိုးကားဖော်ပြသည်။ တရုတ်နှင့် အာဆီယံသည် ထိုကိစ္စကို ၂၀၀၂ ခုနှစ်တွင် သဘောတူကြသော်လည်း ၂၀၁၇ ခုနှစ်အထိ ထိုကျင့်ဝတ် ဖန်တီးရေး တရားဝင် လုပ်ငန်းစဉ် မစတင်သေးပေ။
အာဆီယံသည် ကုလသမဂ္ဂ သဘောတူညီချက် အပါအဝင် “နိုင်ငံတကာဥပဒေနှင့်ညီသော ထိရောက် ကျယ်ပြန့်သည့် ကျင့်ဝတ်” စောလျင်စွာရရန် မျှော်လင့်သည်ဟု အထက်ပါ ကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာစစ်ပွဲ ချက်ချင်းရပ်ရန် အာဆီယံ ကြိုးစား
မြန်မာမှ အရှိန်မြင့်နေသည့် စစ်ပွဲနှင့်ပတ်သက်ပြီး အကြမ်းဖက်မှုများ “ချက်ချင်း ရပ်စဲရန်”၊ လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးနှင့် “မြန်မာက ကမကထပြုပြီး ဦးဆောင်သည့်” နိုင်ငံအဆင့် ဆွေးနွေးပွဲများအတွက် သင့်လျော်သော အခြေအနေကို ဖန်တီးရန် အာဆီယံက တောင်းဆိုသည်။
အာဆီယံအဖွဲ့ဝင် မြန်မာ၏ စစ်ကောင်စီနှင့် ကျယ်ပြန့်လာနေသော လက်နက်ကိုင်ပုန်ကန်မှုသည် အဓိက စိုးရိမ်ပူပန်မှုဖြစ်ပြီး အာဆီယံသည် စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း လအတန်ကြာက ကြေညာထားသည့် ဘုံသဘောတူညီချက် ၅ ချက်တွင်လည်း တိုးတက်မှု မရသလောက် ဖြစ်နေသည်။
မြန်မာနိုင်ငံ လူဦးရေ၏ ၃ ပုံ ၁ ပုံကျော်ဖြစ်သော လူ ၁၈ ဒသမ ၆ သန်းခန့်သည် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသည်ဟု ခန့်မှန်းရသည်။
ယခုနှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲများ ကျင်းပရန် ထိုင်းနိုင်ငံ၏ အစီအစဉ်ကို အာဆီယံက ကြိုဆိုပြီး အခြား အာဆီယံအဖွဲ့ဝင်များလည်း တက်ရောက်နိုင်ခြေရှိသည်။
ရုရှားနှင့် တရုတ်က အာဆီယံခေါင်းဆောင်များ၏ ကြေညာချက်ကို ပိတ်ဆို့
ရုရှားနှင့် တရုတ်တို့သည် အရှေ့တောင်အာရှနိုင်ငံများက မူကြမ်းရေးဆွဲသည့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲအတွက် အဆိုပြုကြေညာချက်ကို ပိတ်ဆို့ကြောင်း၊ အဓိကအားဖြင့် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်နှင့် ပတ်သက်သည့် စကားလုံးများကို ကန့်ကွက်ကြောင်း အမေရိကန် အရာရှိတဦးက Reuters သတင်းဌာနသို့ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြောသည်။
အာဆီယံအရာရှိများ သဘောတူထားသည့် ကြေညာချက်မူကြမ်းကို လာအိုတွင် အောက်တိုဘာလ ၁၁ ရက် ညနေက ကျင်းပသည့် ၁၈ နိုင်ငံ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲသို့ တင်သည်ဟု အဆိုပါအရာရှိက ပြောသည်။
“အာဆီယံက ဒီနောက်ဆုံးမူကြမ်းကို တင်သွင်းပြီး အဲဒီမူကြမ်းကို လက်ခံချင်နေ၊ လက်မခံချင်လည်း ရတယ်ဆိုတဲ့ သဘောနဲ့ တင်တာ” ဟု အမည်မဖော်လိုသည့် ထိုအရာရှိက ပြောသည်။
အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ သြစတြေးလျ၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့က ထိုကြေညာချက်မူကြမ်းကို ထောက်ခံနိုင်ကြောင်းနှင့် “ရုရှားနဲ့ တရုတ်က အဲဒီကြေညာချက်ကို ဆက်မလုပ်နိုင်ဘူးလို့ ပြောတယ်” ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။
နောက်ဆုံး ကြေညာချက်ကို “အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန်တို့က နိုင်ငံရေးကြေညာချက်သက်သက်ဖြစ်ရန် ဆက်တိုက် လုပ်နေသောကြောင့်” မချမှတ်နိုင်သေးကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂေး လက်ဗရော့ဗ်က အောက်တိုဘာလ ၁၁ ရက်နေ့က ဗီယန်ကျင်းတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဝါရှင်တန်ရှိ တရုတ်သံရုံးသို့ မှတ်ချက်တောင်းထားသော်လည်း လတ်တလော မတုံ့ပြန်သေးပေ။
အငြင်းပွားစရာ ပြဿနာ နှစ်ခုရှိသော်လည်း အဓိကကျသည့် ပြဿနာမှာ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက် (UNCLOS) ကို ထိုကြေညာချက်က မည်သို့ကိုးကား ဖော်ပြသည်ဆိုသည့် ကိစ္စဖြစ်ကြောင်းနှင့် ယခင် ၂၀၂၃ ခုနှစ် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲထက် ပိုမို ပြင်းထန်စွာ အသုံးပြုထားကြောင်း အထက်ပါ အမေရိကန် အရာရှိက ပြောသည်။
ထို့ပြင် ထိုအရာရှိက “ဘယ်ပြဿနာနဲ့ ပတ်သက်တဲ့ အသေးစိတ် စကားလုံးမှ မပါဘူး၊ ပိုင်နက်တောင်းခံသူ နိုင်ငံတခုခုကို သဘောကျစေမယ့် စကားလုံးလည်း မပါဘူး” ဟု ပြောသည်။
တရုတ်သည် တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို ၎င်းပိုင်အဖြစ် ကြေညာကာ အပြိုင်တောင်းဆိုသည့် နိုင်ငံများ၊ အထူးသဖြင့် ဖိလစ်ပိုင်ကို ဖိအားပေးသည်။ အာဆီယံသည် ထိုသေနင်္ဂဗျူဟာကျသည့် ရေလမ်းကြောင်းအတွက် တရုတ်အစိုးရနှင့် ကျင့်ဝတ်တခုရရန် နှစ်ပေါင်းများစွာ အချိန်ကုန်ခဲ့ပြီး အာဆီယံအဖွဲ့ဝင် အချို့က ထိုကျင့်ဝတ်သည် UNCLOS ကို အခြေခံရမည်ဟု တောင်းဆိုသည်။
တရုတ်က ၎င်းတို့သည် ကျင့်ဝတ်တခုကို ထောက်ခံသော်လည်း တရုတ်အစိုးရက တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို တောင်းခံခြင်းသည် UNCLOS အရ အခြေအမြစ် မရှိကြောင်း၊ ၂၀၁၆ ခုနှစ်က ခုံသမာဓိ ဆုံးဖြတ်ချက်ကို အသိအမှတ် မပြုကြောင်း ပြောသည်။ UNCLOS သည် တရုတ်က လက်မှတ်ထိုးထားသည့် နိုင်ငံတကာ သဘောတူစာချုပ် ဖြစ်သည်။
Reuters က ကြည့်ရှုခဲ့သည့် အဆိုပြုမူကြမ်းတွင် ၂၀၂၃ ခုနှစ်က အတည်ပြုခဲ့သည့် ကြေညာချက်၌ စာပိုဒ်တခု ဖြည့်စွက်ထားပြီး ထိုအချက်ကို သဘောမတူကြပေ။ UNCLOS သည် “သမုဒ္ဒရာများနှင့် ပင်လယ်များတွင် လုပ်ငန်းဆောင်တာများ အားလုံး ဆောင်ရွက်ရမည့် ဥပဒေမူဘောင်” ကို ချမှတ်သည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို မှတ်ချက်ချသည်။
သဘောမတူသည့် အခြားစာပိုဒ်တခုမှာ “တောင်တရုတ်ပင်လယ်၊ ကိုရီးယားကျွန်းဆွယ်၊ မြန်မာ၊ ယူကရိန်းနှင့် အရှေ့အလယ်ပိုင်း အပါအဝင် နိုင်ငံတကာပတ်ဝန်းကျင်သည် ဒေသတွင်းတွင် စိန်ခေါ်မှုဖြစ်စေသည်” ဆိုသည့် အချက်ဖြစ်သည်။
တရုတ်အစိုးရသည် UNCLOS ကို ကတိကဝတ်ပြုကြောင်းနှင့် ကျင့်ဝတ်တခု စောလျင်စွာ ပြီးစီးရေးအတွက် ကြိုးစားနေပြီး ၎င်းတို့၏ ပိုင်နက်တောင်းဆိုမှုများသည် ခိုင်မာသော သမိုင်းဆိုင်ရာနှင့် ဥပဒေ အခြေခံရှိကြောင်း တရုတ် ဝန်ကြီးချုပ် မစ္စတာ လီချင်က ပြောသည်။
ကိုးကား ။ ။ Asia Financial သတင်း ASEAN Seeks End to Myanmar War, Swift Deal on S China Sea
You may also like these stories:
မြန်မာ့အရေး “အလွတ်သဘော” အစည်းအဝေး ထိုင်း ကျင်းပမည်
အမြဲလို နွေးထွေးနေတဲ့ စစ်သွေးဆာ မြန်မာစစ်ကောင်စီနှင့် ရုရှားကြား ဆက်ဆံရေး
အာဆီယံဥက္ကဋ္ဌ လာအိုကို အခက်တွေ့စေမည့် တောင်တရုတ်ပင်လယ် တင်းမာမှုနှင့် မြန်မာအကြမ်းဖက်မှု
တရုတ်၊ အိန္ဒိယနှင့် ရုရှား အားကိုးဖြင့် အာဆီယံကို မြန်မာ အာခံ