ကျွန်ပြုမှုနှင့် ရာဇဝတ်မှုများဖြစ်စေသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးနေသည့် ရှည်ကြာသော ပဋိပက္ခ ဖြစ်နေသည့် မြန်မာသို့ ခရီးမသွားကြရန် ကင်ညာအစိုးရက နိုင်ငံသားများကို ထပ်မံသတိပေးလိုက်သည်။
အလုပ်အကိုင်ကြော်ငြာတု သတင်းအများအပြား အွန်လိုင်းတွင် ပျံ့နှံ့လာပြီးနောက် မြန်မာတွင်အလုပ်မလျှောက်ရန် ထိုင်းနိုင်ငံဆိုင်ရာ ကင်ညာသံအမတ် ကစ်ပတင်းနက် လင်းဆေး ကင်ဝိုးလ်က ကင်ညာနိုင်ငံသားများကို ပြောသည်။
ရာဇဝတ်ဂိုဏ်းများက ပြန်ပေးဆွဲမှုများ၊ အလုပ်အတွက် ကျွန်ပြုမှုများနှင့် ညှင်းပမ်းနှိပ်စက်မှုများ မြင့်မားလာနေသောကြောင့် မြန်မာသို့ မသွားရေး သတိပေးချက် ထုတ်ပြန်ထားသော်လည်း အလုပ်အကိုင်လျှောက်ထားမှုများ ဆက်လက်ရှိနေသောကြောင့် စိုးရိမ်ကြောင်း ထိုသံရုံးဖေါ်ပြသည်။
“ထိုင်းနိုင်ငံရှိ ကင်ညာသံရုံးသည် ကင်ညာနိုင်ငံသားများ မြန်မာသို့မသွားရန် အကြိမ်ကြိမ် သတိပေးခဲ့သည်။ မြန်မာမှ အမည်ဆိုး ကျော်ကြားသည့် ငွေလိမ်ခြံဝန်းများမှ ကင်ညာလူငယ်ဒါဇင်ပေါင်းများစွာက အကူအညီတောင်းနေစဉ် အခြားသူများသည် ထိုခြံဝင်းများသို့ ဆက်လက်သွားရောက်နေပြီး တရုတ်ရာဇဝတ်ဂိုဏ်းများ၏ ကျေးကျွန်ဖြစ်နေသောကြောင့် ထိုသို့သတိပေးခြင်း ဖြစ်သည်” ဟု သံအမတ် ကင်ဝိုးလ်က ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ထုတ် ကြေညာချက်တစောင်တွင် ပြောသည်။
လက်ရှိအခြေအနေတွင် ကင်ညာနိုင်ငံသား ၁၀ ဦးသည် မြန်မာတွင် ပိတ်မိနေဆဲဖြစ်ကြောင်း၊ ၎င်းတို့ကို ဖမ်းဆီးထားသူများသည် ငွေသန်းပေါင်းများစွာ ခြိမ်းခြောက်တောင်းခံနေကြောင်း အထက်ပါသံရုံးက ဖေါ်ပြသည်။
ပိတ်မိနေသော ကင်ညာနိုင်ငံသားများကို ကယ်ဆယ်ရာတွင် လူဆိုးဂိုဏ်းခေါင်းဆောင်များက တဦးလျှင် အမေရိကန် ဒေါ်လာ ၁၂၀၀၀ ဖြင့် ကျွန်အဖြစ်ဝယ်ထားသောကြောင့် ထိုပမာဏကို တောင်းခံနေသည်ဟု သံရုံးက ဆက်လက်ပြောကြားသည်။
“ကင်ညာနိုင်ငံသားများကို ပြန်လွှတ်ပေးရန် ပြောသောအခါ လူဆိုးဂိုဏ်းခေါင်းဆောင်များက ထိုကင်ညာနိုင်ငံသားများကို ကျွန်များအဖြစ် တဦးလျှင် ရင်မင်ဘီ ၄၅၀၀၀ ပေးဝယ်ထားသောကြောင့် အစိုးရက ၎င်းတို့ကိုလွှတ်ပေးစေလိုလျှင် အမေရိကန် ဒေါ်လာ ၁၂၀၀၀ ခန့်နှင့် ညီမျှသည့် ၎င်းတို့ငွေကို ပြန်ထုတ်ပေးရန် ပြောသည်” ဟုပြောသည်။
ကြားခံအချို့ဖြစ်သော ထိုင်းနိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းတခုနှင့် ကင်ညာမှ အစိုးရမဟုတ်သော အဖွဲ့အစည်းတခုတို့သည် ပိတ်မိနေသော နိုင်ငံသားများကို ကူညီကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂ အေဂျင်စီတခုနှင့် ပူးပေါင်းဆောင်ရွက်နေသည်။
ကင်ညာနိုင်ငံသား ၅ ဦး မြန်မာတွင် ကျွန်ပြုခံရခြင်းမှ လွတ်မြောက်လာပြီး အခြားပိတ်မိနေသည့် ကင်ညာနိုင်ငံသားတဦး ဆေးရုံတွင် သေဆုံးပြီးနောက် ထိုသို့သော သတိပေးချက်ထွက်ပေးလာခြင်းဖြစ်သည်။
ထိုင်းအာဏာပိုင်များက ၎င်းတို့ကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖေါက်မှုဖြင့် တရားစွဲသည်။
နိုင်ငံခြားရေးနှင့် အဝေးရောက်များရေးရာ ဝန်ကြီးဌာန၏ အဆိုအရ ထိုကင်ညာနိုင်ငံသားများသည် အစိုးရမူဝါဒကို ဆန့်ကျင်ပြီး မြန်မာသို့ သွားရောက်ကာ ပြန်လည်လွတ်မြောက်ရေး ခြိမ်းခြောက်တောင်းငွေပေးရသည်ဟု သိရသည်။
ထိုပြဿနာသည် ပိုမိုကြီးမားလာပြီး အထူးသဖြင့် လူသစ်စုဆောင်းသူများက ကင်ညာနိုင်ငံသားများကို ကတိအတုများဖြင့် ထိုလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ရေး အယုံသွင်းရန် အခြားကင်ညာနိုင်ငံသားများကို တာဝန်ပေးပြီးနောက် ပိုမိုကြီးမားလာသည်။
လက်သတ်မွေးနေသလား
ကင်ညာသံရုံးသည် အမျိုးမျိုးသော လိမ်လည်မှုဂိုဏ်းများတွင် လုပ်ကိုင်နေသည့် ကင်ညာနိုင်ငံသား ၄၅ ဦး၏ စာရင်းကိုလည်း ရရှိထားပြီး ၎င်းတို့အနက် အချို့သည် လွတ်မြောက်ပြီး အခြားသူများမှာ ငွေညှစ်ခံရပြီးနောက် ပြန်လည်လွတ်မြောက်သည်။
သို့သော် အခြား ကင်ညာနိုင်ငံသား ဒါဇင်ပေါင်းများစွာသည် ကယ်ဆယ်မခံလိုဘဲ ၎င်းတို့သည် အခကြေးငွေယူကာ အခြားကင်ညာနိုင်ငံသားများကို လူကုန်ကူးသည့် ဂိုဏ်းကွန်ရက် အစိတ်အပိုင်းဖြစ်လာကြသည်ကိုလည်း ထိုသံရုံးက တွေ့ရှိရသည်။
ကင်ညာနိုင်ငံသားတယောက်သည် အလွန်အမည်ဆိုးကျော်ကြားသည့် လူကုန်ကူးသူများအနက် တဦးအဖြစ် ထိုင်းနိုင်ငံတွင် မကြာသေးမီက အဖမ်းခံရသည်။ မြန်မာပြည်တွင် စစ်ဆက်လက်ဖြစ်ပွားနေသောကြောင့် လူကုန်ကူးသည့် လမ်းကြောင်းအများစုသည် လူကုန်ကူးသူများထံမှငွေယူပြီး အကာအကွယ်ပေးသည့် အမျိုးမျိုးသော အုပ်စုများ ထိန်းချုပ်မှုအောက်သို့ ကျဆင်းကုန်သည်။ ထိုအုပ်စုများသည် ငွေညှစ်သူများဖြစ်လာပြီး ပြန်လည်ခိုးထွက်လိုသူများထံမှလည်း ငွေတောင်းခံကြသည်။
အနုစိတ်သော လိမ်လည်မှုများသည် ကင်ညာမြို့တော် နိုင်ရိုဘီနှင့် အခြားမြို့ကြီးမြို့ငယ်များမှ စတင်သည်။ ထိုနေရာများတွင် အလုပ်အကိုင် အေဂျင်စီများသည် ထိုင်းနိုင်ငံမှ အလုပ်များကို ကြော်ငြာပြီး ထိုင်းနိုင်ငံသည် ခရီးတထောက်နားသည့် နိုင်ငံသာဖြစ်ကြောင်း ဖေါ်ပြရန် ပျက်ကွက်ကြသည်။
အဆက်အသွယ်များကို အခကြေးငွေပေးပြီး ခရီးထွက်လာသည့် ကင်ညာနိုင်ငံသားများသည် မြန်မာမှ အစောင့်အကြပ် အကြီးအကျယ်ချထားသည့်ခြံဝင်းများသို့ လူကုန်ကူးခံရကာ ခရစ်ပတိုငွေကြေးလိမ်လည်မှုလုပ်ငန်းများနှင့် အခြား တရားမဝင်အလုပ်များတွင် လုပ်ရန် ကျွန်ပြုခံရသည်။
ကျွန်ပြုမှု ပတ်ဝန်းကျင်ဆိုသည်မှာ သတ်မှတ်ချက် မပြည့်မီသူများကို အငတ်ထားခြင်း၊ အခွင့်အရေး ရုတ်သိမ်းခြင်း၊ လျှပ်စစ်ဖြင့် ရှော့တိုက်ခြင်းနှင့် ပိုမိုတင်းကျပ်စွာ ချုပ်နှောင်ခြင်းဖြင့် အပြစ်ပေးသည်။
ထို့အပြင် ပျင်းရိသော သို့မဟုတ် ကျန်းမာရေးမကောင်းသောသူများကို အခြားကုမ္ပဏီများကို ပြန်လည်ရောင်းချသည့် ကျွန်စနစ်အချင်းချင်း ရောင်းဝယ်မှုဈေးကွက်လည်း ရှိသည်။ ထိုစခန်းများကို လက်နက်ကိုင် ပဋိပက္ခအတွက် ငွေရှာလိုသည့် လက်နက်ကိုင်များက စောင့်ကြပ်ကြသည်။
ကင်ညာနိုင်ငံ၏ အခန်းကဏ္ဍသည် အကူအညီတောင်းခံမှုများကို တုံ့ပြန်သည့်အဆင့်ထက် ကျော်သည်။ အထက်ပါ ဝန်ကြီးဌာနက ၎င်းတို့သည် ကင်ညာနိုင်ငံသား ၁၀၈ ဦး၊ ယူဂန်ဒါဒနိုင်ငံသား ၁၉ ဦး၊ အီသီယိုပီးယား နိုင်ငံသား ၁၁ ဦး၊ ဘူရွန်ဒီ နိုင်ငံသား တဦး၊ ဇင်ဘာဘွေ နိုင်ငံသားတဦးနှင့် ဆီနီဂေါ နိုင်ငံသားတဦး အပါအဝင် အာဖရိကတိုက်သာ ၁၄၁ ဦးကို ကယ်ဆယ်ရန် ထိုင်းနိုင်ငံအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းပြောသည်။
“ထိုင်းနိုင်ငံမှာ စားသုံးသူ ဝန်ဆောင်မှု၊ ဘာသာပြန်လုပ်ငန်းနဲ့ အိုင်တီအလုပ်အကိုင်တွေအတွက် ကမ်းလှမ်းတယ်ဆိုတဲ့ အလုပ်အကိုင် ကြော်ငြာတွေကို လူမှုကွန်ရက်မှ မကြာခဏတွေ့ရတယ်။ ဒါပေမယ့် အဲဒီကြော်ငြာတွေက လူမှောင်ခိုသမားတွေ ဖန်တီးထားတဲ့ အတုတွေလို့ ကင်ညာသံရုံးက အကြိမ်ကြိမ် သတိပေးတယ်” ဟု အဝေးရောက်များ ဆိုင်ရာ အတွင်းရေးမှူးချု် ရို့စလင်း အန်ဂျိုဂူ မကြာသေးမီကပြောသည်။
“ကင်ညာနိုင်ငံသားတွေဟာ တိကျတဲ့ သတင်းအချက်အလက်ရှာပြီး သူတို့ရဲ့လုံခြုံရေးကို ဦးစားပေးရမယ်။ ထိုင်း၊ သြစတြေးလျ သို့မဟုတ် ပိုလန်က အလုပ်အကိုင်ကမ်းလှမ်းမှုတွေနဲ့ပတ်သက်တဲ့ မေးခွန်းရှိရင် တရားဝင်မှု ရှိ မရှိ အတည်ပြုပေးနိုင်တယ်။ ဒီကိစ္စအတွက် ကျနော်တို့မှာ သီးခြားဌာနတခု ရှိတယ်။”
ထိုင်းနိုင်ငံမှ ကင်ညာသံရုံးသည် အခြားအရှေ့အာရှနိုင်ငံများအတွက် ကောင်စစ်ဝန်ဆောင်မှုများကိုလည်း ကြီးကြပ်သည်။
၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် ထိုသံရုံးသည် မြန်မာနှင့် လာအိုမှ ကင်ညာနိုင်ငံသားနှင့် အခြားအာဖရိကနိုင်ငံများမှ လူ ၁၄၀ ကို လူကုန်ကူးမှုမှ ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့ကို မိခင်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။
မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့် ၃ တွင် ထားသည်ဟု လူကုန်ကူးမှုဆန့်ကျင်ရေး အစီရင်ခံစာ ၂၀၂၃ အရ သိရသောကြောင့် ထိုနိုင်ငံများမှ အာဏာပိုင်များသည် လူကုန်ကူမှု တားဆီး၊ အရေးယူ၊ ပပျောက်ရန် အားထုတ်မှု မလုပ်သလောက်ပင်ဖြစ်ကြောင်း ပြသနေသည်။
ကိုးကား။ ။ Nation Africa ၏ State warns Kenyans against travel to Myanmar as cases of abductions, slavery rise
You may also like these stories:
ကာစီနိုနှင့် ကျားဖြန့်လုပ်ငန်းများ ဘုရားသုံးဆူနှင့် မြဝတီတောင်ပိုင်းသို့ ရွှေ့လာ
စစ်ကောင်စီအပေါ် တရုတ်ဖိအား လျှော့ချပြီးနောက် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ အလျင်အမြန် ပြန်အသက်ဝင်
လွတ်မြောက်လာသူတွေပြောပြတဲ့ ရွှေကုက္ကိုလ်က ကျားဖြန့်လုပ်ငန်းတွေအကြောင်း (ရုပ်/သံ)
မြန်မာနယ်စပ်ဖြတ်ကျော် မူးယစ်ဆေးမှောင်ခိုမှု မြင့်တက်လာဟု ထိုင်းပြော