စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်များ လက်သို့ကျပြီး ရက်ပိုင်းမှာပင် ဒုတိယစစ်ခေါင်းဆောင် ဒု ဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် ပင်လည်ဘူးနှင့် မိုင် ၄၀ခန့် ဝေးသည့် ဝန်းသိုသို့ အရေးပေါ် သွားရောက်ခဲ့သည်။
မြေပြင်အင်အား ၇၀၀ ကျော်နှင့် လေကြောင်းပစ်ကူဖြင့် အခိုင်အမာခြေကုပ်ယူထားသည့် ပင်လည်ဘူးမြို့ကို လက်လွှတ် လိုက်ရပြီးနောက် ဒုစစ်ခေါင်းဆောင်၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ မုံရွာခရီးစဉ် ပေါ်ပေါက်လာပြီး ယင်းခရီးစဉ်အတွင်းမှာပင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စစ်အရာရှိကြီးများနှင့်အတူ ဝန်းသို့တပ်နယ်သို့ သီးသန့်သွား၍ အရာရှိ၊ စစ်သည်၊ ရဲမေ၊ မိသားစုများအား တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ဒု စစ်ခေါင်းဆောင်၏ ဝန်းသို့ခရီးစဉ်နှင့် တပြိုင်တည်းလိုလိုပင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)သည် ပြည်သူ့ ကာကွယ် ရေးတပ်များ သိမ်းထားသည့် ပင်လည်ဘူးမြို့ကို သွားရောက်စစ်ဆေးသည်ကို တွေ့ရသည်။
လက်ရှိ ဝန်းသို၌ အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်လက်အောက်မှ ခမရ ၁၂၀ နှင့် ခမရ ၁၁၁ တပ်ရင်းများ အခြေစိုက် ထားပြီး စစ်ကောင်စီသည် စစ်ကိုင်းတိုင်း အထက်ပိုင်းမှ ဆုံးရှုံးနယ်မြေများ ပြန်ရရန် ကြိုးပမ်းရာတွင် ဝန်းသိုမှာ ခြေကုပ် သဖွယ်ဖြစ်လာနိုင်၍ ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းလာရောက်ခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများနှင့် CDM အရာရှိများက သုံးသပ်ပြောဆိုသည်။
CDM ဗိုလ်ကြီး ဇင်ယော်က “ပင်လည်ဘူးက အင်အား ၇၀၀ ကျော်လောက်ကို ကာကွယ်ရေးအင်အားစုတွေက တိုက်ခိုက် မောင်းထုတ်လိုက်နိုင်တယ်။ ပင်လည်ဘူးကို ပြန်တိုက်ဖို့ မြေပြင်စစ်ကြောင်းတွေ ဆွဲထုတ်ဖို့အတွက် စိုးဝင်းနဲ့ တိုင်းမှူးတို့ ခေါင်းချင်းရိုက်ဆွေးနွေးမယ့် အနေအထားပါ” ဟု ပြောသည်။

ပင်လည်ဘူးတိုက်ပွဲတွင် စစ်ကောင်စီက ခြေလျင်တပ်ရင်းများဖြစ်သည့် ခလရ ၅၀၊ ၈၇၊ ၃၀၁၊ ၃၀၅ ၊ ခြေမြန်တပ်ရင်းများ ဖြစ်သည့် ခမရ ၁၆၊ ၁၀၁၊ ၁၁၁၊ ၃၆၃၊ ၃၆၈၊ ၇၀၄ တို့မှ ထုတ်နုတ်အင်အားများ၊ ရဲ နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ-၆၁၄ ပူးပေါင်းအင်အား ၇၇၂ ဦးထိ ပို့ဆောင်အားဖြည့်ခုခံခဲ့သည်ဟု သိရသည်။
စစ်ကိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများကို လေ့လာနေသည့် ကိုစိုးဝင်းဆွေကလည်း“ကောလင်း၊ ပင်လည်ဘူး၊ ကျွန်းလှ စတဲ့ မြို့တွေထဲမှာတော့ ဝန်းသိုက စစ်တပ်အမာခံ မြို့တမြို့ပေါ့ အဲဒီမြို့ကနေ ကွပ်ကဲမှုယူပြီးတော့ ပတ်ဝန်းကျင်နယ်တွေ ပြန်ပြီးစိုးမိုးအောင် စစ်ကောင်စီအနေနဲ့ ကြိုးပမ်းမှုတွေ လုပ်လာနိုင်တယ်” ဟု ဆိုသည်။
ကချင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဝန်းသိုမြို့နယ်သည် အရှေ့ဘက်တွင် ထီးချိုင့်၊ ကောလင်း၊ အရှေ့မြောက် ဘက်တွင် အင်းတော်၊ မြောက်ဘက်တွင် ဗန်းမောက်၊ အနောက်ဘက်တွင် ပင်လည်ဘူး၊ တောင်ဘက်တွင် ကောလင်းမြို့ နယ် များ ဝန်းရံထားသည်။
သို့သော် စစ်ကောင်စီသည် ကချင်ပြည်နယ်၊ ရှမ်းမြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ထိ လမ်းကြောင်း ပေါက်နိုင်သည့် စစ်ကိုင်းအထက်ပိုင်း ပင်လည်ဘူး၊ ဝန်းသို၊ ကောလင်း စသည့် နယ် မြေများကို ပြန်လည်ထိုးစစ်ဆင်မည်ဟု ယူဆရပြီး ထို့အတွက် အင်အား ၁,၂၀၀ ထက်မနည်း သုံးရမည်ဖြစ်ရာ ထိုအင်အား များကို တခြားမှ ထုတ်နှုတ်ပို့ဆောင်ပါက ဆွဲယူခံရသည့်နေရာများတွင် အားနည်းချက်များ ဖြစ်လာနိုင်ကြောင်း ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

“မြေပြင်ထိုးစစ်ကတော့ လုပ်မယ့်အနေအထား မြင်ရတယ်။ ပထမဆုံးကတော့ လေကြောင်းတိုက်ခိုက်မှုတွေကို ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ မြေပြင်ထိုးစစ်က အင်အား ၁၂၀၀ လောက် သူတို့ ထုတ်နိုင်မလား၊ မထုတ်နိုင်ရင်တော့ ပင်လည်ဘူး ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ခံစစ်က တောင့်ခံနိုင်မှာဖြစ်ပါတယ်” ဟု ဆိုသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်အစပ်၌ရှိပြီး ကုန်းတွင်းပိတ်မြို့ဖြစ်သည့် ပင်လည်ဘူးမြို့ကို ပူးပေါင်းတပ်များက ၂၀၂၂ ဧပြီလကတည်းက အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့ရာ ယခုနောက်ဆုံး ၅ ကြိမ်မြောက်တွင်မှ အပြီးသတ်သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေး နောက်ဆုံးအကြိမ်အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ အမှတ် (၁) စစ်ဒေသ၊ ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူးကွပ်ကဲမှုဖြင့် ကောလင်း၊ ပင်လည်ဘူး၊ ဝန်းသို၊ ကသာ၊ ကန့်ဘလူ၊ ကလေး၊ ရွှေဘို၊ မော်လိုက်၊ စစ်ကိုင်း၊ ယင်းမာပင် စသည့် မြို့နယ်များမှ တပ်ရင်း၊ တပ်ဖွဲ့ ၅၀ ကျော်တို့ဖြင့် ဩဂုတ် ၁၅ ရက်တွင် စတင်ခဲ့ပြီး ၅၄ ရက်အကြာ အောက်တိုဘာ ၈ ရက်၌ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။
You may also like these stories:
ခက်ခက်ခဲခဲ ပင်လည်ဘူး မြို့သိမ်းအောင်ပွဲ
ပင်လည်ဘူးကို ပူးပေါင်းတပ်များ ဒုတိယအကြိမ် ထပ်သိမ်း
ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူးတို့၌ တိုက်ပွဲများ ပြင်းထန်နေ