တရုတ်- မြန်မာနယ်စပ် ပန်ဝါမြို့အနီးရှိ နယ်ခြားစောင့် (BGF) တပ်ရင်း ၁၀၀၂ ကို သိမ်းလိုက်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)သည် ယနေ့နံနက်တွင် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် ကန်ပိုက်တီအနီးရှိ စင်ကြိုင်ရွာမှ တပ်ရင်း ၁၀၀၃အား စတင်ထိုးစစ်ဆင်နေသည်။
BGF တပ်ရင်း ၁၀၀၃ သည် ဝိုင်းမော်-ဆဒုံး-ကံပိုက်တီ လမ်းပေါ် တည်ရှိပြီး အဖြောင့်တိုင်းပါက တရုတ်နယ်စပ် ကန်ပိုက်တီမြို့နှင့် ၆ မိုင်ကျော်အကွာတွင်ရှိသည်။
KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “ကံပိုက်တီလမ်းပေါ်က ဖြစ်ပါတယ်။ စင်ကြိုင်ဆိုတဲ့နေရာကတော့ BGF တပ်ရင်း ၁၀၀၃ ပေါ့။ အဲဒီမှာ ဝင်တိုက်တယ်လို့သိရတယ်။ မြေပြင်အခြေအနေကတော့ ခုထက်ထိမကြားရသေးပါဘူး။ ဆက်တိုက်နေတဲ့ အနေအထားပဲ ဖြစ်မှာပါ” ဟု ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်၌ KIA ပူးပေါင်းတပ်များအနေဖြင့် ဆဒုံးမြို့အခြေစိုက် စစ်တပ်ဗျူဟာကုန်းနှင့် လဖိုင်းတပ် စခန်းတို့အား သိမ်းပိုက်နိုင်ခဲ့ပြီး ယခုတကျော့ပြန်တိုက်ခိုက်မှုသည် လဖိုင်ကျေးရွာမှ စင်ကြိုင်ရွာအထိ ထိုးစစ်ရှေ့တိုး လာခြင်း ဖြစ်သည်။
အထူးဒေသ ၁ ဟု ဆိုသည့် စစ်တပ်နှင့် ပူးပေါင်းထားသည့် ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K)တပ်များကို KIA က တိုက်ခိုက်နေရာ အောက်တိုဘာ ၁၅ရက်တွင်ပန်ဝါမြို့ အနီးရှိ လုပြည် (လုပီ) ရွာမှ BGF တပ်ရင်း ၁၀၀၂ကို ရရှိထားပြီးဖြစ်သည်။
BGF တပ်ရင်း ၁၀၀၂ ဌာနချုပ်အား သိမ်းပိုက်ပြီးနောက် လုံခြုံရေးဆောင်ရွက်မှုများနှင့် ပန်ဝါမြို့နယ်အတွင်းရှိ စစ်တပ်နှင့် BGF ကာကင်းစခန်းများအား ဆက်လက်ရှင်းလင်း တိုက်ခိုက်လျက်ရှိသော်လည်း ပန်ဝါမြို့အတွင်း KIA ပူးပေါင်းတပ်များ ဝင်ရောက်ခြင်းမရှိသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ထိုတိုက်ပွဲများအတွင်း စစ်သုံ့ပန်းဖမ်းဆီးရမိမှု ရှိသကဲ့သို့ ပြည်သူ့စစ်များ လက်နက်ချ ဘက်ပြောင်းမှုများရှိသော်လည်း အရေအတွက် မသိရသေးကြောင်း ၎င်းက ဆိုသည်။
ကချင်အထူးဒေသ (၁) ပန်ဝါမြို့အနီးရှိ နယ်ခြားစောင့်တပ် (BGF) ကာကင်းစခန်းတခုနှင့် ကန်ပိုက်တီရှိ ကာကင်း စခန်းတခုတို့ကို KIA ပူးပေါင်းတပ်က ယနေ့ နံနက် ၁၀ နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းလည်း ဒေသတွင်း မီဒီယာများ၌ ဖော်ပြထားသည်။
ကချင်ပြည်နယ် အထူးဒေသ (၁) တွင် ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ကံပိုက်တီမြို့နယ်တို့ ပါဝင်ပြီး စစ်တပ်နှင့် အပစ်အခတ်ရပ်စဲထားသည့် ဦးဇခုန်တိန့်ယိန်းဦးဆောင်သော ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) က စိုးမိုးထားခဲ့သည်။
ကချင်အထူးဒေသ (၁) သည် မြေရှားသတ္ထုတူးဖော်ရေးလုပ်ငန်းများ အများဆုံးလုပ်ကိုင်ရာ ဒေသတခုလည်း ဖြစ်သည်။
NDA-K အောက်တွင် အမှတ် ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ နယ်ခြားစောင့်တပ်ရင်း (BGF) သုံးရင်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် များရှိပြီး နယ်ခြားစောင့်တပ်ရင်းများအား တရုတ်-မြန်မာနယ်စပ်တလျှောက် ကံပိုက်တီ၊ ပန်ဝါနှင့် ဖီမော်ဒေသတို့၌ အခြေစိုက်ထားသည်။
အဆိုပါ BGF တပ်ရင်းဌာနချုပ် သုံးခုအနက် KIA အနေဖြင့် အမှတ်-၁၀၀၂ ကို သိမ်းပိုက်ကာ အမှတ်-၁၀၀၃ အား ထိုးစစ်ဆင်နေဆဲဖြစ်ပြီး ဖီမော်ဒေသအခြေစိုက် အမှတ်-၁၀၀၁ တပ်ရင်းဌာနချုပ်ကိုမူ ထိုးစစ်ဆင်တိုက်ခိုက်မှု မကြားသိရသေးကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
ကချင်အထူးဒေသ (၁) အတွင်း စစ်ဆင်ရေး၌ KIA ပူးပေါင်းတပ်များသည် ဆဒုံး၊ ချီဖွေ၊ ဆော့လော်မြို့တို့အား သိမ်းပိုက်ထားပြီး မြန်မာ-တရုတ်နယ်စပ်တလျှောက် အခြေစိုက်နေရာယူထားသော စစ်တပ်နှင့် BGF တပ်ရင်းများ၊ ပြည်သူ့စစ်များအား လမ်းကြောင်းဖြတ်တောက်ကာ ပိတ်ဆို့ထားနိုင်သည့် အခြေအနေဖြစ်ကြောင်း စစ်ရေးလေ့လာသူအချို့က သုံးသပ်သည်။
ကချင်နယ်ခြားစောင့်တပ်ရင်းဌာနချုပ်များအား ထိုးစစ်မဆင်မီက စစ်တပ်လက်အောက်မှ ရုန်းထွက်ကာ ဘက်ပြောင်းကြရန် KIA အနေဖြင့် သတိပေးခဲ့ပြီး ဘက်ပြောင်းမှုမရှိပါက စစ်အာဏာရှင်စနစ်နှင့်အတူ တိုက်ခိုက်သွားရမည်ဖြစ်ကြောင်း KIA ဘက်က ပြောထားသည်။
You may also like these stories:
နယ်ခြားစောင့်တပ်အား သိမ်းနိုင်ခြင်းက ပန်ဝါကို စစ်ဆင်ရန် ပိုမိုလွယ်ကူလာဟုဆို
KIA ၏ ချီဖွေ၊ ဆော့လော် စစ်ဆင်ရေးက အလှည့်အပြောင်းလား
ချီဖွေနှင့် ဆော့လော်ကို သိမ်း၍ ပြည်သူ့စစ်တို့ ဘက်ပြောင်းရန် KIA ပြော