တပ်မြို့ဖြစ်သည့် ပြင်ဦးလွင်နှင့် ၁၆ မိုင်အကွာရှိ နောင်ချိုမြို့နယ် ဂန့်ကော်ရွာအနီး စစ်တပ်နှင့် တော်လှန်ရေးအင်အား စုများ အကြား ဖြစ်နေသည့် တိုက်ပွဲမှာ ယနေ့တိုင် ပြင်းထန်နေပြီး ပြင်ဦးလွင်သို့ စစ်ရှောင်လာသူများကို မြို့အဝင် ဝက်ဝံစစ်ဆေး ရေးဂိတ်မှ ဖြတ်သန်းခွင့် မပေးသဖြင့် အခက်ကြုံနေကြောင်း ဒေသခံတို့က ဆိုသည်။
ဂန့်ကော်ရွာသည် မန္တလေး-လားရှိုးလမ်းမကြီးပေါ်ရှိ နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စုတွင် ရှိပြီး ဝက်ဝံစစ်ဆေးရေး ဂိတ်နှင့် ၄ မိုင်ခန့်သာ ကွာဝေးကြောင်း၊ အဆိုပါဂိတ်အား စစ်တပ်က ပိတ်ဆို့ထားပြီး ကား၊ ဆိုင်ကယ်များအားလုံး ဖြတ်သန်းခွင့် မပြုတော့ဘဲ လှည့်ပြန်ခိုင်းခြင်းဟု သိရသည်။
“အခုက ဝက်ဝံဂိတ်က ပိတ်ထားတာမို့ ဟိုဘက်ကနေလည်း ဒီဘက်ကို ဝင်မရ၊ ဒီဘက်ကလည်း ဟိုဘက်ကို ထွက်မရ ဖြစ်နေကြတာ၊ တိုက်ပွဲတွေ ပြင်းထန်လာလို့ ကျနော်တို့လည်း ပြင်ဦးလွင်ဘက်ကို စစ်ရှောင်ဖို့ ထွက်လာကြတာကို ဝက်ဝံဂိတ်က ပေးမဖြတ်လို့ လှည့်ပြန်ခဲ့ရတယ်၊ အခုတော့ တိုက်ပွဲမဖြစ်သေးတဲ့ ရွာက ဆွေမျိုးတယောက်အိမ်မှာ ခိုနေကြတယ်”ဟု ဝက်ဝံစစ်ဆေးရေးဂိတ်မှ လှည့်ပြန်ခဲ့ရသူတဦးက ပြောသည်။
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်အစပ် ရွာများသို့ အောက်တိုဘာ ၁၉ ရက်နေ့မှ စ၍ စစ်တပ် စစ်ကြောင်းတက်လာသဖြင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) (MDY-PDF) တို့နှင့် တိုက်ပွဲများ လက်ရှိအချိန်ထိ ဖြစ်ပွားနေဆဲဟု သိရ သည်။
“ဂန့်ကော်ရွာတဝိုက်မှာ တိုက်ပွဲပြင်းထန်နေတာတော့ ၃ ရက်လောက် ရှိနေပါပြီ အသေးစိတ်အခြေအနေကိုတော့ ကျနော်တို့ ထုတ်ပြန်ဖို့ မရှိသေးပါဘူး”ဟု MDY-PDFမှ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။
အောက်တိုဘာ ၂၂ ရက် TNLA၏ ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချို မြို့နယ်တွင်းသို့ အင်အားဖြည့်ရန် ကြိုးပမ်းနေသည့် စစ်တပ်မှ ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုနေ့ နေ့လယ်ပိုင်းက နောင်ချိုမြို့နယ် ဂန့်ကော်ကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းနေရာကို စစ်ကောင်စီ စစ်ကြောင်းက ဒရုန်းဖြင့် ဗုံးသီး ၁၈ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
တိုက်ပွဲကြောင့် ဘန့်ဘွေး၊ ဂန့်ကော်ရွာများနှင့် အနီးဝန်းကျင်မှ ဒေသခံ ၂ ထောင်ကျော် စစ်ရှောင်ရပြီး အများစုမှာ တိုက်ပွဲ လွတ်ရာကျေးရွာများနှင့် တောတောင်များအတွင်း တိမ်းရှောင်နေကြောင်း ရက်ရှည်လာပါက တောတောင်များ အတွင်း စစ်ဘေးရှောင် နေကြရသူများအနေဖြင့် နေရေး စားရေးအတွက် ရေ၊ ရိက္ခာ၊ ဆေးဝါးများ လိုအပ်လာနိုင်သည်ဟု ပြင်ဦးလွင်မြို့မှ စစ်ရှောင်များအား ကူညီနေသူတဦးက ပြောသည်။

ဝက်ဝံစစ်ဆေးရေးဂိတ်မှလည်း ရိက္ခာများ ပေးမသယ်ဘဲ ပါလာသမျှကိုလည်း သိမ်းဆည်းခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
“ကျနော့်မိတ်ဆွေတယောက်ဆိုရင် သီတင်းကျွတ်ပိတ်ရက်ပြီးလို့ ကလေးတွေကို လာပို့ပြီး လားရှိုးဘက်ကို အပြန်မှာ ဝက်ဝံဂိတ်မှာ ပိတ်မိခဲ့တာ ၅ ရက်လောက် ကြာသွားတယ်၊ တော်တော်ခက်ခက်ခဲခဲနဲ့ ကြိုးစားပြီးတော့မှ သူ့နေရာကို ပြန် ရောက် ခဲ့ရတာ၊ အိမ်အတွက် ဝယ်သွားတဲ့ ခေါက်ဆွဲခြောက်ထုတ်၊ ပင်လယ်စာတို့လို စားစရာ သောက်စရာ ရိက္ခာခြောက်တွေ အကုန်လုံးထားခဲ့ရတယ် ဝက်ဝံဂိတ်မှာ၊ ဟိုဘက်ကို အယူမခံဘူး ”ဟု ပြင်ဦးလွင်မြို့ခံတဦးက ပြောသည်။
နောင်ချိုမြို့နယ် ဂန့်ကော်ရွာ၊ အုမ္မသီးကျေးရွာ လမ်းခွဲနေရာအထိ စစ်ကြောင်းထိုးလာခြင်း ဖြစ်ပြီး မန္တလေး-လားရှိုး လမ်းပေါ် ရှိ အုမ္မသီးလမ်းခွဲကို TNLA တို့ ထိန်းချုပ်ထားကာ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်း မိုးကုတ်၊ မတ္တရာ၊ သပိတ်ကျင်း မြို့များကို ဆက်သွယ်ထားသော လမ်းကြောင်းတခု ဖြစ်သည်။
စစ်တက္ကသိုလ်နှင့် သင်တန်းကျောင်းများ တည်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၁၆ မိုင်ခန့်အကွာ၌ ဖြစ်ပွားနေသော တိုက်ပွဲအတွင်း သို့ ဝက်ဝံစစ်ဆေးရေးဂိတ်၊ ဘန့်ဘွေး Asia World ဂိတ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် ဧကတသောင်းဘက်မှနေ၍ လက်နက်ကြီးများ ပစ်ကူပေးလျက်ရှိကြောင်း၊ စစ်ကောင်စီက မေမြို့အဝင်အထွက် ပြုလုပ်နိုင်သည့် ကျေးရွာများသို့ ကင်းလှည့် စစ်ဆေးခြင်းများ ပြုလုပ်နေသော်လည်း မြို့တွင်း၌ ပုံမှန်အတိုင်း သွားလာနေကြသည်ဟု ဒေသခံများက ဆိုသည်။
ပြင်ဦးလွင်မြို့ခံတဦးက “လက်ရှိအချိန်ထိကတော့ မေမြို့မှာက အေးအေးဆေးဆေးပါပဲ၊ ဝုန်း ဒိုင်း ဆိုပြီး ဖြစ်လာတော့မှ ပြေးလို့ရအောင် အထုတ်တော့ ကြို ပြင်ထားတယ်၊ တကယ်ဖြစ်လာပြီး နေလို့ လုံးဝ မရတော့မှပဲ မေမြို့ကနေ ခွာဖို့ စဉ်းစားထားတယ်၊ ပြည်သူတွေကတော့ အေးအေးဆေးဆေး သွားလာ လှုပ်ရှားနေကြတာပါပဲ၊ ဒါပေမယ့် စစ်တပ် မိသားစုတွေတော့ ရွှေ့နေကြတယ်လို့ သိရတယ်၊ ဒါလည်း မိသားစုဝင်တွေလို့ပဲ သိရတယ်၊ ကျန်တာတွေတော့ မပါဘူး”ဟု ပြောသည်။
ယင်းသို့ ဝက်ဝံရွာ စစ်ဆေးရေးဂိတ်မှ အဝင်အထွက်များ ပိတ်ထားသဖြင့် မန္တလေးမြို့မှ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့သွားသည့် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ၊ အိမ်စီးကားများ ဟံမြင့်မိုရ်-ရွာငံ-ပင်းတယလမ်းမှ သွားလာ နေရသဖြင့် အချိန်နှင့် ငွေကြေးကုန်ကျမှုများ ပို များလာသည်ဟု ယာဉ်မောင်းများက ပြောသည်။
ပြီးခဲ့သော ၈ လပိုင်း ၈ ရက်နေ့တွင် ပြင်ဦးလွင်အား တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ဝင်ရောက်တိုက်ခိုက်မည်ဆိုသော သတင်းများကြောင့် နေထိုင်သူအများစုမှာ စိုးရိမ်စိတ်များဖြင့် တိမ်းရှောင်ကြသဖြင့် မန္တလေး ၁၆ မိုင်ဂိတ်၌ ကားတန်းရှည် ပိတ်ဆို့မှု ဖြစ်ခဲ့သေးသည်။
You may also like these stories:
ပြင်ဦးလွင်က စစ်ကျောင်းကြီးတွေ ရွှေ့ရတော့မလား
တိုက်ပွဲများကြောင့် မန္တလေးနှင့် ပြင်ဦးလွင် လုံခြုံရေး တင်းကျပ်
ပြင်ဦးလွင်-နောင်ချိုအစပ် သရက်ကုန်းရွာအနီး တိုက်ပွဲပြင်းထန်