စစ်ကောင်စီက လက်ဝတ်ရတနာအပါအဝင် ရွှေရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်လိုက် ပြီး မလိုက်နာပါက ထောင်ဒဏ် ချမှတ်မည်ဟု တင်းကျပ်လိုက်ခြင်းကြောင့် ရွှေဆိုင်တချို့မှာ ပိတ်သိမ်းရန် ပြင်ဆင်ခြင်းများ ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
လက်ဝတ်ရတနာအပါအဝင် ရွှေအတုံး၊ အခဲ၊ ရွှေချောင်း၊ ဒင်္ဂါးအပါအဝင် ရွှေနှင့် ပြုလုပ်သော အနုပညာပစ္စည်းများ၊ အသုံးအဆောင်များစသော အရောင်းအဝယ်အားလုံးကို အရေးကြီး ဝန်ဆောင်မှုသတ်မှတ်ကာ နောက်ဆက်တွဲအဖြစ် လိုင်စင်လျှောက်ထားခြင်း၊ တားမြစ်အမိန့်၊ စည်းမျဉ်း သတ်မှတ်အမိန့်၊ ကြီးကြပ်အမိန့်၊ ကာကွယ်အမိန့်၊ မလိုက်နာလျှင် အရေးယူမည့် အမိန့်များကို အောက်တိုဘာလ ၂၄ ရက်စွဲဖြင့် ဆက်တိုက်ထုတ်ပြန်ခဲ့သည်။
ရန်ကုန်မြို့ရှိ ရွှေလုပ်ငန်းရှင် တဦးက “ရွှေဆိုင်တွေတော့ နည်းသွားမယ် ထင်တယ်။ တချို့လည်း ပိတ်မယ်ဘာညာ ကြား တယ်။ အရေးကြီးကုန်စည် သတ်မှတ်လိုက်တယ်။ သတ်မှတ်ဈေးအတိုင်း မရောင်းရင် ဖမ်းမယ်ဆီးမယ်ဆိုတဲ့ ပုံစံမျိုး ဖြစ် လာနိုင်တယ်။ အရင်က ရွှေကုန်သည်တွေလုပ်ငန်းရှင်တွေကို ခေါ်ယူထိန်းသိမ်း၊ ပြီးရင် ပြန်လွှတ်၊ အခု ဒီအမိန့်ထုတ်လိုက်ပြီ ဆိုတော့ နောက်တခေါက်ဆိုရင် ထောင်ချမယ့်သဘောလို့ ယူဆကြတယ်။ ရွှေဆိုင်တွေ နည်းသွား မယ်။ အရောင်းအဝယ် လုပ်ရကိုင်ရခက်မယ်။ မှောင်ခိုဈေးကွက်ကြီးလည်း ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းခြေပေါ့။ အခုမှ သတ်မှတ်လိုက်တာဆိုတော့ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ စောင့်တော့ကြည့်ရမယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင်လည်း စစ်ကောင်စီ၏ ကန့်သတ်ချက်များကြောင့် မှောင်ခိုဈေးကွက်ဖြစ်နေရာ ယခုကဲ့သို့ ထပ်မံ၍ ထိန်းချုပ် လိုက်ခြင်းက မှောင်ခိုဈေးကွက်ကိုသာ ပို၍ ကြီးထွားစေနိုင်ပြီး သတ်မှတ်ချက်များကြောင့် တရားဝင် ဖွင့်လှစ်ရောင်းချမည့် ရွှေဆိုင်များမှာလည်း ယခင်ထက် ပို၍ နည်းသွားနိုင်ကြောင်း ၎င်းက ပြောသည်။
၎င်းက “မှောင်ခိုဈေးကွက်ကတော့ ဖြစ်တော့ဖြစ်နေတာပဲလေ။ ဒါပေမယ့် ပိုများကြီးထွားလာမလား ဆိုတာတော့ရှိတယ်။ ဈေးကွက်ရဲ့ ပွင့်လင်းမြင်သာစွာ ဝယ်လိုအား၊ ရောင်းလိုအားနဲ့ သွားနေတာတော့ သဘာဝကျတာပေါ့နော်။ အခုလို လုပ်တာ ထိန်းချုပ်တာ၊ သတ်မှတ်တာကြီးကတော့ ကျနော်တို့အတွေ့အကြုံအရ ဘယ်တုန်းကမှ မအောင်မြင်ခဲ့ဘူး”ဟု ဆိုသည်။
ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်ထားရာ၌ သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် ကနဦးစိစစ်ရေးအဖွဲ့ လျှောက်လွှာပုံစံများတွင် ဖြည့်စွက်ရမည်၍ လူပုဂ္ဂိုလ်ဖြစ်ပါက လျှောက်ထားသူ၏ လိုင်စင်ဓာတ်ပုံ၊ မှတ်ပုံတင်၊ ကိုယ်ရေး အချက်အလက်၊ ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ အချက်အလက်၊ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်စာရင်း၊ ၎င်းတို့၏ မှတ်ပုံတင်မိတ္တူ၊ လုပ်ငန်း၏ ၂၅ ရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံငွေထားရှိရန်၊ ယင်းငွေကို ဘဏ်စာရင်းရှင်းတမ်း၊ တလအတွင်း ရွှေအရောင်းအဝယ် ပြုလုပ်နိုင်သည့် ပမာဏ၊ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ရဲထောက်ခံချက်၊ ရွှေလုပ်ငန်းရှင်များ၏ အသင်းဝင်ထောက်ခံချက်အစရှိသည့် အချက် ၁၁ ချက်ဖြင့် ကနဦးဆောင်ရွက်ရမည်ဟု စစ်ကောင်စီက ဖော်ပြထားသည်။
ယင်းသတ်မှတ်ချက်များနှင့် ပြည့်စုံပါက လုပ်ငန်းလိုင်စင်စိစစ်ရေးအဖွဲ့သို့ လျှောက်ထားသည့် လျှောက်လွှာပုံမှန်ကန်မှု ရှိ၊ မရှိ၊ လူပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီများ၏ ပိုင်ဆိုင်မှု အထောက်အထား မှန်ကန်မှုရှိ၊ မရှိ၊ အရောင်းဆိုင် တည်နေရာစသည့် အချက် ၅ ချက်ဖြင့် ထပ်မံစိစစ်ခြင်းများ လုပ်ဆောင်ကာ လုပ်ငန်းလိုင်စင်ကို အမှတ် ၂ သတ္တုတွင်းဌာနမှ ထုတ်ပေးခွင့် ပြုမည်ဖြစ်ပြီး သက်တမ်းမှာ စတင်သည့်နေ့မှစ၍ ၃ နှစ် သတ်မှတ်ထားကြောင်း တွေ့ရသည်။
အဆိုပါ ဓာတ်သတ္ထု(ရွှေ) ရောင်းဝယ်ခြင်းလုပ်ငန်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အရေးကြီး ကုန်စည်နှင့် ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ ဂ အရ စစ်ကောင်စီက အပ်နှင်းထားသော အခွင့်အာဏာကို ကျင့်သုံး၍ ထုတ်ပြန်ခြင်းဖြစ်ပြီး မည်သူမဆို အမိန့်တရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၆ လမှ အများဆုံး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်မည့်အပြင် ကျပ် ၅ သိန်းထက်မပိုသော ဒဏ်ငွေလည်းချမှတ်ခံရမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ထို့ပြင် နေ့စဉ်ရွှေဈေးသတ်မှတ်မည့် ကော်မတီကိုလည်း ဖွဲ့စည်းကာ ယင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းသူ ၊ ဒုဥက္ကဋ္ဌအဖြစ် ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး တဦး၊ တွဲဘက်အတွင်းရေးမှူး ၂ ဦးနှင့် အဖွဲ့ဝင် ၁၀ ဦးက နေ့စဉ် အွန်လိုင်းဖြင့် အစည်းအဝေးလုပ်ပြီး ဈေးသတ်မှတ်မည် ဖြစ်ကာ ရွှေဈေးတည်ငြိမ်စေရန်နှင့် ရွှေဈေး၊ ငွေဈေးကစားခြင်းကိုပါ ကာကွယ်တားဆီးမည်ဟု ဆိုသည်။
ရွှေလုပ်ငန်းရှင်များအနေဖြင့် ယခုကြေညာလိုက်သည့် အမိန့်အရ ရွှေရောင်းဝယ်သည့် လုပ်ငန်းလိုင်စင် ပြန်လည် လျှောက်ထားရမည်ဖြစ်ပြီး လိုင်စင်ရပါကလည်း ၎င်းတို့ သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့် ရောင်းချရမည်ဖြစ်ကာ မလိုက်နာလျှင် ထောင်ဒဏ်ချမှတ် အရေးယူခံရနိုင်သည်။
အမည်မဖော်လိုသူ ရွှေရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူတဦးကလည်း “ဟိုတလောတုန်းကလည်း သူတို့ သတ်မှတ် ဈေးနဲ့ ရောင်းရမယ်ဆိုပြီး တင်းတင်းကျပ်ကျပ် လုပ်လိုက်တော့ ဆိုင်တွေက မရောင်းကြတော့ဘူးပေါ့နော်။ ရောင်းတဲ့ဆိုင်က လည်း အောင်သမာဓိတို့ အကယ်ဒမီတို့ဆို တယောက်ကို တပဲသား၊ နှစ်ပဲသား ရောင်းပေးတာပဲရှိတယ်။ တကယ်လို့ တင်းတင်းကျပ်ကျပ် ပြန်လုပ်ရင်လည်း အဲလိုမျိုးတွေ ပြန်ဖြစ်သွားမှာပဲ”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် စစ်တပ်၊ရဲ၊ စသုံးလုံး၊ အသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ကလည်း ရွှေဆိုင်များကို မကြာခဏ ဝင်ရောက် စစ်ဆေးခြင်းများ ပြုလုပ်နေပြီး စစ်ကောင်စီလက်အောက်ခံ စုံစမ်းစစ်ဆေးရေးအဖွဲ့ထံသို့ လစဉ် ရွှေရောင်းချသည့် စာရင်းပေးနေရ သော်လည်း ယခုကဲ့သို့ အမိန့်ထုတ်ပြန်ကာ တရားဝင် လုပ်ဆောင်ခြင်း မဟုတ်သေးသည့်အတွက် ဈေးကွက်မှာ ပုံမှန် အရောင်းအဝယ် ရှိနေကြောင်း သိရသည်။
အထက်ပါလုပ်ငန်းရှင်က “အခုလိုကျ ရွှေရောင်းရတာ စိတ်ညစ်လာတာပေါ့။ လောလောဆယ်မှာတော့ ရွှေဈေးကွက်က ကမာ္ဘ့ရွှေဈေး၊ ဒေါ်လာဈေးပေါ်မူတည်ပြီး တက်လိုက်ကျလိုက် ဖြစ်နေတာပါပဲ။ အခု အခြေအနေက ဈေးကွက်ကို ဘယ်လောက်ရိုက်ခတ်မှုရှိနိုင်လဲ စောင့်ကြည့်ရမှာ ဖြစ်တယ်”ဟု ပြောသည်။
ယနေ့နံနက်ပိုင်းအထိ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံး(YGEA)က အကယ်ဒမီအခေါက်ရွှေရည်ညွှန်းဈေးကို သတ်မှတ်ထုတ်ပြန်နေပြီး စစ်ကောင်စီ အသစ်ဖွဲ့စည်းလိုက်သည့် ကော်မတီက မည်သည့်အချိန်တွင် စတင်လုပ်ဆောင်မည် ကို ဖော်ပြထားခြင်း မရှိပေ။
YGEA အသင်းရုံး၏ ယနေ့ သတ်မှတ်ဈေးမှာ အကယ်ဒမီအခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၅၆ သိန်း ကျော် ရှိနေပြီး ပြင်ပဈေးမှာ ၆၅ သိန်းကျော်တွင် ရှိနေသဖြင့် ကျပ် ၉ သိန်းကျော် ကွာဟမှု ရှိနေသည်။
You may also like these stories:
ဘဏ်အပ်ငွေ ကျပ်သန်းပေါင်းထောင်ချီ ထုတ်သည့် ရွှေလုပ်ငန်းရှင် ၇ ဦး စစ်ဆေးခံရ
အမေရိကန်ဒေါ်လာနှင့် ရွှေဈေးမြင့် ဖမ်းဆီးမှုများရှိ
ရွှေဈေးမငြိမ်မှုကြောင့် မန္တလေးက ရွှေဆိုင်းလုပ်ငန်းများ ရပ်ထားရ