စစ်ကောင်စီက နိုင်ငံတဝှမ်း ထောင်များရှိ အကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်များကို စက်တင်ဘာလမှစ၍ ယနေ့ထိ ကောက်ယူနေသဖြင့် မိသားစုဝင်များ စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သိရသည်။
စစ်ကောင်စီ၏ လက်အောက်ခံ အကျဉ်းထောင် အာဏာပိုင်များက အကျဉ်းသားများ၏ ကျန်းမာရေး အခြေအနေ၊ အမည်၊ အဘအမည်၊ အသက်၊ ပညာအရည်အချင်း၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာနှင့် အိမ်ထောင်ရှိ မရှိကို အဓိက မေးမြန်းလျက်ရှိနေပြီး အကျဉ်းထောင် ၁၀ ခုထက်မနည်းတွင် ကောက်ယူထားပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က သိရသည်။
PPNM မှ ကိုသိုက်ထွန်းဦးက “မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းထောင် ၁၀ ခုထက်မနည်းမှာ သန်းခေါင်စာရင်းကဲ့သို့ စာရင်း ကောက်ယူမှုတွေရှိတာကို ကျနော်တို့ သိရတယ်။ စက်တင်ဘာလ ပထမပတ်ကနေ အောက်တိုဘာ လဝက်ကျော်တဲ့ အထိကို ကောက်ယူနေဆဲဖြစ်ပါတယ်။ ထောင်အားလုံးကို ကောက်ယူမယ်လို့ သိထားရပါတယ်” ဟု ပြောသည်။
အကျဉ်းသားများအနေဖြင့် စစ်ကောင်စီ၏ ယခုကဲ့သို့ မေးမြန်းမှုများကို အကျဉ်းထောင်ရောက်ရှိချိန် ထောင်အဝင်တွင် ကိုယ်ရေးအချက်အလက် ဖြေဆိုထားရပြီးဖြစ်သည့်အတွက် ယခု ထပ်မံကောက်ယူမှုအပေါ် စိုးရိမ်ပူပန်မှုများရှိနေ ကြောင်းလည်း PPNM က ဆိုသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကိုအောင်မိုးကျော်က “အကျဉ်းထောင် ရောက်ပြီဆိုတာနဲ့ ပုံစံ ၃၂ ဆိုတာ ရှိပြီးသား။ အဲဒီမှာ ကိုယ့်ရဲ့အချက်အလက် အမှတ်အသားအားလုံးကို ယူထားပြီးသား ဖြစ်တယ်။ အခု ထပ်ယူတာကတော့ မရိုးသားဘူးလို့ ထင်တယ်။ ဒီလိုမျိုးသာ ကောက်ယူတာ မှန်တယ်ဆိုရင် သူတို့ ရွေးကောက်ပွဲမှာ မဲစာရင်းလိမ်ဖို့အတွက် ကောက်တာလို့ပဲ သုံးသပ်ရပါတယ်” ဟု ပြောသည်။
ထိုသို့ အကျဉ်းသားများထံမှ အချက်အလက်ကောက်ယူရာတွင် မည်သည့်အတွက် ကောက်ယူသည်ကို ပွင့်လင်းမြင် သာစွာ ပြောဆိုခြင်းများမရှိသဖြင့် မိသားစုဝင်များအနေဖြင့်လည်း စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း အကျဉ်းသားအရေး ကူညီနေသူများထံက သိရသည်။
PPNM က ကိုသိုက်ထွန်းဦးကလည်း “ဒီအချက်အလက်တွေက ထပ်ကောက်စရာမလိုဘဲနဲ့ ဖမ်းဆီးခံရစဉ်က ကောက် ထားတာတွေကို ကြည့်ပြီးတော့ သိရှိနိုင်တဲ့အခြေအနေတခုမှာ အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားတွေကတော့ သူတို့တွေရဲ့ အချက်အလက်တွေကို အသုံးပြုပြီးတော့မှ စစ်ကောင်စီရဲ့ နိုင်ငံရေး အကျိုး အမြတ်ရရှိရေးမှာ အသုံးပြုသွားမှာကို စိုးရိမ်မှုရှိတယ်။ တချို့အကျဉ်းသားတွေကျတော့ စစ်မှုထမ်းဥပဒေထဲမှာ အကျုံး ဝင်တော့ စစ်မှုထမ်းခိုင်းဖို့ ကောက်တာလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီသည် အကျဉ်းသားအခွင့်အရေးများကို မလိုက်နာဘဲ နိုင်ငံရေးအကျဉ်းသားများအား ပစ်မှတ် ထား၍ ညှဉ်းပန်းနှိပ်စက်မှုများ၊ ထောင်ဝင်စာ ပိတ်ပင်မှုများ၊ အကျဉ်းသားများအတွက် လိုအပ်သော ဆေးဝါးပို့ဆောင် ခွင့်မပေးခြင်းအပြင် ကျန်းမာရေးမကောင်းသော အကျဉ်းသားများအား ဆေးဝါးကုသခွင့် လုံလောက်စွာ မပေးခြင်း တို့ဖြင့် ချိုးဖောက်ကျူးလွန်နေကြောင်း အကျဉ်းသားအရေးကူညီသူများက ဆိုကြသည်။
ထို့ပြင် ယခုလပိုင်းအတွင်း နိုင်ကျဉ်းများအား ထောင်ပြောင်းရွှေ့မှုများ ခပ်စိပ်စိပ်ပြုလုပ်နေသလို ထောင်ပြောင်းရာတွင် လည်း မိသားစုဝင်များကို အသိမပေးဘဲ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်အတွင်းပင် အကျဉ်းထောင်ရွှေ့ပြောင်းခြင်းခံရသည့် အကျဉ်းသား ၁ ထောင်ကျော်ရှိကြောင်း PPNM က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
ရန်ကုန်မြို့ရှိ နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုဝင်တဦးက “အခုက မိသားစုက ကိုယ့်ဘာသာ လိုက်စုံစမ်းရတယ်။ ပြောင်းတဲ့အခါကျတော့ ရာနဲ့ချီပြီး ပြောင်းနေတာ။ အင်းစိန်ကနေ နယ်ထောင်တွေကို ပြောင်းရင် မိသားစုက လိုက် တွေ့ဖို့ ခက်သွားပြီ။ ထောင်ပြောင်းလိုက်တော့ မိသားစုတွေမှာ အခက်အခဲတွေနဲ့ ကြုံရတာပါပဲ။ မိသားစုနဲ့ တွေ့ရဖို့က တော်တော်ခက်ခဲတယ်။ ထောင်ဘက်ကလည်း မပြောဘူး။ ဘယ်ပြောင်းသွားတယ်ဆိုတာကို မပြောပြဘူး၊ အမှန်တော့ သူတို့မှာတာဝန်ရှိတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက် ညပိုင်းတွင် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၁၀၀၀ ဝန်းကျင်ကို ကြိုတင် အသိပေးမှု တစုံတရာမရှိဘဲ စစ်ရေယာဉ်များဖြင့် အင်းစိန်၊ ပုသိမ်ထောင်နှင့် တခြားသော မြို့များရှိ အကျဉ်းထောင် အသီးသီးသို့ ပြောင်းရွှေ့ခဲ့သလို၊ စက်တင်ဘာ ၂၂ ရက်တွင် အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသားများအပါအဝင် အကျဉ်းသား ၄၆၀ ခန့်ကို သာယာဝတီနှင့် ဒိုက်ဦးထောင်များကို ပြောင်းရွှေ့ခဲ့သည်။
ထို့ပြင် စက်တင်ဘာ ၂၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှ နိုင်ကျဉ်း ၅၀ ခန့်အပါအဝင် အကျဉ်း သား ၁၀၀ ကို စစ်သင်္ဘောပေါ်ဖြင့် မြင်းခြံနှင့် မကွေးထောင်သို့ ပြောင်းရွှေ့ခဲ့သည်။
ထောင်ပြောင်းလိုက်သည့်အတွက် မိသားစုဝင်များနှင့် အလှမ်းဝေးသွားသလို၊ ထောင်ဝင်စာ တွေ့ရန် ငွေကြေး ကုန်ကျစရိတ်ပိုလာခြင်း၊ မိသားစုလိုက်ရန် မလွယ်ကူတော့ကာ သတင်းအချက်အလက်များ မသိရတော့ခြင်းတို့ ဖြစ်စေသလို အကျဉ်းသားများသာမက မိသားစုကိုပါ ဖိနှိပ်ရာရောက်ကြောင်း AAPP မှ ကိုအောင်မိုးကျော်က သုံးသပ်သည်။
“စစ်အုပ်စုက ထောင်ပြောင်းတဲ့ကိစ္စတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာဖြစ်တယ်။ တနိုင်ငံလုံးမှာ စစ်အုပ်စုက ရှုံးနိမ့်နေတဲ့အနေအထားမှာ အဲဒီဒေသမှာရှိတဲ့ အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို သူတို့ရဲ့ စိုးမိုး နယ်မြေတွေကို ပြောင်းရွှေ့မှုလုပ်နေတာတွေလည်းရှိတယ်။ အရင်တုန်းကတော့ ညှဉ်းပန်းနှိပ်စက်ဖို့ ထောင်ပြောင်း ရွှေ့တာတွေရှိသလိုပဲ အခုကတော့ စစ်ရေးအရ ပြောင်းရွှေ့တာတွေ ရှိလာတယ်” ဟု ၎င်းက ဆိုသည်။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်အား ဆန့်ကျင်မှုဖြင့် ဖမ်းဆီးခံရသူ စုစုပေါင်း ၂၇၅၉၂ ဦးရှိပြီး၊ ထိုအထဲမှ အကျဉ်းချခံထားရသူ ၉၄၈၁ ဦးရှိကာ၊ အကျဉ်းထောင်အသီးသီး၌ ဆက်လက်ထိန်းသိမ်းခံရသူ ၂၁၀၄၈ ရှိကြောင်း AAPP ကောက်ယူထားသည့် စာရင်းများတွင် ဖော်ပြထားသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်
၂၀၂၄ ခုနှစ် အစောပိုင်းတွင် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၃ ဦး သေဆုံး
နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးသည် အပေးအယူကိစ္စ မဟုတ်