EV ကား ဈေးကွက်မှာ တရုတ် BYD ကုမ္ပဏီက အီလွန်မတ်စ် ရဲ့ Tesla ကို ကျော်တက်သွားပြီ ဖြစ်ပါတယ်။
BYD ကို ဂရုစိုက်ရမယ့် စိန်ခေါ်မှုအဖြစ် အီလွန်မတ်စ် က သုံးသပ်ထားတာ ဖြစ်ပြီး အခုတော့ သူ့ကို ကျော်တက်သွားတာပါ။
BYD ရဲ့ သုံးလပတ် ရောင်းအားဟာ Tesla ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ကျော်တက်သွားခဲ့တာလို့ သိရပါတယ်။
BYD က ဒီလောက်နဲ့ ရပ်တန့်မနေဘဲ ရှေ့ကို အများကြီး ပိုရောက်သွားမှာကို မတ်စ်က စိုးရိမ်နေတယ် လို့လည်း ဆိုပါတယ်။
BYD ရဲ့ စုစုပေါင်း ရောင်းအားဟာ ပြီးခဲ့တဲ့နှစ် စတုတ္ထ သုံးလပတ်မှာ ကတည်းက Tesla နဲ့ မတိမ်းမယိမ်း ရှိနေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလကုန် အထိ သုံးလပတ်မှာတော့ ဝင်ငွေ အရှိန်အဟုန်နဲ့ တိုးတက်လာကာ ယွမ် ၂၀၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၁ ဘီလီယံ) အထိ ရရှိခဲ့ပြီး အဆိုပါ ပမာဏဟာ အမေရိကန် ကုမ္ပဏီထက် ဒေါ်လာ ၃ ဘီလီယံ ပိုများခဲ့တာလို့ သိရပါတယ်။
ဒါပေမယ့်လည်း ဒီနှိုင်းယှဉ်မှုက ညီညီမျှမျှ နှိုင်းယှဉ်ထားတာတော့ မဟုတ်ပါဘူး။
တရုတ် ကုမ္ပဏီ BYD ဟာ EV သီးသန့်ရော Hybrid အမျိုးအစားတွေရော ထုတ်လုပ်တာ ဖြစ်တဲ့အပြင် မိုဘိုင်းလ် ဟန်းဆက်တွေနဲ့ လုပ်ငန်းသုံး ယာဉ်တွေပါ ထုတ်လုပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
မိုဘိုင်းလ်ဖုန်း ထုတ်လုပ် ရောင်းချခြင်းမှ ရရှိတဲ့ဝင်ငွေကို ဖယ်ထားမယ် ဆိုရင်တော့ BYD အနေနဲ့ အကြမ်းဖျင်း ဒေါ်လာ ၂၂ ဘီလီယံခန့် ဝင်ငွေရှိမယ်လို့ ဆိုထားပြီး အဆိုပါ ပမာဏဟာ Tesla ရဲ့ ကားထုတ်လုပ်ခြင်းနဲ့ ဝန်ဆောင်မှု ပေးခြင်း ကနေ ရရှိတဲ့ ဝင်ငွေနဲ့ အတူတူလောက် ရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ၂၀၂၂ လောက်မှ ဘတ္ထရီ လောင်စာသုံး ယာဉ်တွေကို စတင် ဦးစားပေး ထုတ်လုပ်ခဲ့တဲ့ တရုတ် ကုမ္ပဏီ အတွက်တော့ အခုလို အခြေအနေ ရောက်လာခြင်းဟာ မှတ်ကျောက်တခုပဲ ဖြစ်တယ် လို့ ဆိုထားပါတယ်။
BYD တည်ထောင်သူနဲ့ ဥက္ကဌ ဖြစ်သူ ဝမ်ချွမ်းဖူ (Wang Chuanfu) က သုတေသန နဲ့ ဖွံ့ဖြိုးတိုးတက်ရေး R&D (Research and Development) အတွက် အားကောင်းကောင်းနဲ့ ရင်းနှီးမြှုပ်နှံနေတာ ဖြစ်ပြီး ၂၀၂၄ မှာ ဒေါ်လာ ၆ ဘီလီယံခွဲ အထိ ရင်းနှီးမြှုပ်နှံမှု ရှိနိုင်တယ်လို့ သိရပါတယ်။
စောင့်ကြည့် လေ့လာရေး အဖွဲ့ တဖွဲ့ ဖြစ်တဲ့ LSEG က ပြုစုထားတဲ့ စာရင်းအရ အဆိုပါ ပမာဏဟာ Tesla ရဲ့ R&D အတွက် အသုံးပြုတဲ့ ပမာဏထက် ၅၀ ရာခိုင်နှုန်း နီးပါး ပိုများတယ်လို့ သိရပါတယ်။
တရုတ် ပြည်သူတွေရဲ့ ပြည်တွင်း ထုတ်ကုန်တွေအပေါ် သဘောကျမှုကြောင့် ဒီနှစ်ရဲ့ ပထမ ကိုးလအတွင်း BYD ရဲ့ တိုးတက်လာမှုဟာ တရုတ် ဈေးကွက်က အဓိက နေရာကနေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
အကြံပေး အဖွဲ့ Automobility ရဲ့ အဆိုအရ ၂၀၂၀ မှာ ပြည်တွင်း စက်မှုထုတ်ကုန်တွေရဲ့ ရောင်းအား သုံးပုံ တပုံအထိ ရှိပြီး ဒီနှစ်မှာတော့ သုံးပုံနှစ်ပုံ နီးပါး မြင့်တက်လာခဲ့တယ် လို့ သိရပါတယ်။
ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် ကနေ အမေရိကန် ဝါရှင်တန်မြို့ ကို တရုတ် EV ကားတွေ ဝင်ရောက်လာမှုကို ပိတ်ပင် ထားသော်လည်း ပထမသုံးလပတ် အတွင်း ပြည်ပကို တင်ပို့မှုဟာ စုစုပေါင်း ထုတ်လုပ်မှုရဲ့ ၁၀ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။
ဟန်ဂေရီ၊ ထိုင်း၊ တူရကီ နဲ့ ဘရာဇီးတို့မှာ BYD က စက်ရုံတွေ တည်နေတာကြောင့် နိုင်ငံတကာ ဈေးကွက် မှာလည်း ရောင်းအား တိုးတက်လာဖို့ ရှိတယ်လို့ ဆိုထားပါတယ်။
လစဉ် ရောင်းချမှု မှတ်တမ်းများအရ ပထဆုံးအကြိမ် အဖြစ် ဩဂုတ်လမှာ ပြည်ပရောင်းအားက တင်ပို့တဲ့ အရေ အတွက် ထက် ပိုမိုရောင်းချနိုင်ခဲ့ကြောင်း သိရပြီး ဒါဟာ BYD ရဲ့ ပြည်ပမှာ ထုတ်လုပ်ဖို့ ပြင်ဆင်နေခြင်းက စတင် အသက်ဝင်နေတာကို ညွှန်ပြနေကြောင်း ဆိုထားပါတယ်။
Tesla အနေနဲ့ BYD ကိုအခြားနေရာတွေမှာတော့ သာလွန်နေဆဲဖြစ်ပါတယ်။
Tesla ရဲ့ ရှန်ဟိုင်းစက်ရုံဟာ တတိယ သုံးလပတ်မှာ ကားတစ်စီးအတွက် ကုန်ကျစရိတ် အနည်းဆုံးနဲ့ ထုတ်လုပ် နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် မတ်စ် ရဲ့ Tesla ဟာ ဝမ်ရဲ့ BYD လို အမြတ်အစွန်း များတဲ့ Hybrid ကားတွေ မထုတ်နိုင် ပေမယ့်လည်း BYD ရဲ့ အသားတင် အမြတ်ငွေ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံထက် ကျော်လွန်ပြီး အမြတ်ငွေ ၂ ဒသမ၂ ဘီလီယံ ရရှိခဲ့တာ ဖြစ်ပါတယ်။
Tesla ရဲ့ အပြည့်အဝ အလိုအလျောက် မောင်းစနစ်လို့ နာမည်ပေးထားတဲ့ နည်းပညာဟာ နာမည် အတိုင်း အပြည့် အဝ မဖြစ်သေးသော်လည်း ပြိုင်ဖက်များစွာထက် နည်းပညာပိုင်း ရှေ့ရောက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို အားသာချက်တွေ ရှိတဲ့ Tesla ကုမ္ပဏီဟာ တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်နိုင်ဦးမှာ ဖြစ်ပေမယ့် BYD ကတော့ အရှေ့ကနေ ဦးဆောင်နိုင်ဖို့ အားကောင်းကောင်းနဲ့ ပြင်ဆင်နေပြီ ဖြစ်တယ် လို့လည်း ဆိုထားပါတယ်။
Ref : Reuters