Open AI က သူ့ရဲ့ လူကြိုက်များတဲ့ ဘာသာစကား မော်ဒယ်တခု ဖြစ်တဲ့ Chat GPT မှာ ကိုယ်သိချင်တဲ့ အချက်အလက်တွေ ရှာဖွေနိုင်တဲ့ လုပ်ဆောင်ချက် အသစ်ကို ကြာသပတေးနေ့က ထည့်သွင်းလိုက်ပါတယ်။
ဒီလုပ်ဆောင်ချက် အသစ်ဟာ Chat bot နဲ့ အတူတကွ ပူးပေါင်း အလုပ်လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
နည်းပညာ ကုမ္ပဏီ တခုဖြစ်တဲ့ Alphabet ရဲ့ Google ရှာဖွေရေး အင်ဂျင်ရဲ့ အချိန်ကြာမြင့်စွာ ကြီးစိုးထားတဲ့ နယ်ပယ် ထဲကို Open AI ကုမ္ပဏီဟာ သတ္တိရှိရှိနဲ့ ဝင်ရောက်လာခဲ့တဲ့ အပြင် Open AI ကို ငွေကြေးပံ့ပိုးနေတဲ့ Microsoft ရဲ့ ရှာဖွေရေး အင်ဂျင် တခုဖြစ်တဲ့ Bing ရှာဖွေရေး အင်ဂျင်၊ Amazon တည်ထောင်သူ Jeff Bezos နဲ့ Semiconductor ထိပ်သီး ကုမ္ပဏီ တခုဖြစ်တဲ့ Nvidia တို့ရဲ့ ငွေကြေး ပံ့ပိုးမှု ရရှိထားပြီး ရှာဖွေရေး အဓိက လုပ်ဆောင်တဲ့ AI chat bot တခု ဖြစ်တဲ့ Perplexity တို့နဲ့လည်း အပြိုင်အဆိုင် ဖြစ်နေကြောင်း သိရပါတယ်။
Chat GPT ရဲ့ Search (ရှာဖွေရေး လုပ်ဆောင်ချက်) ဟာ အသုံးပြုသူတွေ မေးမြန်းထားတဲ့ Web ပေါ်က အချက် အလက်တွေကို လျင်မြန်စွာ ရှာဖွေပေးပြီး အချိန်နဲ့ တပြေးညီ သင့်လျော်တဲ့ Web အရင်းအမြစ်တွေ ပါတဲ့ Link တွေနဲ့ အတူတွဲလျက် ဖြေကြားပေးမှာ ဖြစ်တယ်လို့ Open AI ကုမ္ပဏီက ဆိုပါတယ်။
“Chat GPT Search ဟာ အသုံးပြုသူတွေ ရှာဖွေနေတဲ့ သတင်း အချက်အလက်တွေကို ပေးအပ်ဖို့အတွက် ပြင်ပရှာဖွေရေး အင်ဂျင်တွေအပြင် ကျနော်တို့ရဲ့ မိတ်ဖက် အဖွဲ့အစည်းတွေ ဆီက တိုက်ရိုက်ပေးပို့တဲ့ အကြောင်းအရာတွေကို လည်းပဲ အသုံးချပါတယ်” လို့ Open AI က Blog ပို့စ်တခုမှာ ပြောကြားထားပါတယ်။
Chat GPT Plus နဲ့ Team အသုံးပြုသူ အားလုံးဟာ GPT- 4o ရဲ့ ကြိုတင်ပြင်ဆင် လေ့ကျင့်ထားပြီးသား ဖြစ်တဲ့ ရှာဖွေရေး မော်ဒယ် Chat GPT Search ကို ကြာသပတေးနေ့မှာ အသုံးပြုနိုင်တော့မှာ ဖြစ်တယ်လို့ Startup Blogpost ကလည်း ထပ်မံ ပြောကြားပါတယ်။
စီးပွားရေးနဲ့ ပညာရေး ဆိုင်ရာ လုပ်ငန်းပိုင်း အသုံးပြုချင်သူများ အနေနဲ့ ဒီ Search ကို လာမယ့် ရက်သတ္တပတ်တွေမှာ အသုံးချနိုင်တော့မှာ ဖြစ်ပြီး အခမဲ့ အသုံးပြုမယ့် သူတွေကိုတော့ နောက်လတွေမှာ မိတ်ဆက်ပေးသွားမှာ ဖြစ်တယ် လို့ ဆိုပါတယ်။
Content (အကြောင်းအရာ) ပိုင်းနဲ့ ပတ်သက်ပြီး Sam Altman ဦးဆောင်တဲ့ Startup ကုမ္ပဏီဟာလည်း Condé Nast ၊ Time magazine ၊ Financial Times ၊ Business Insider ပိုင်ရှင် Axel Springer ၊ ပြင်သစ် သတင်းစာ Le Monde နဲ့ စပိန်နိုင်ငံ Prisa Media ကဲ့သို့သော ထုတ်ဝေရေး ကုမ္ပဏီများစွာနဲ့ ဒီနှစ်ထဲမှာ သဘောတူ စာချုပ် ချုပ်ထားကြောင်း သိရပါတယ်။
Open AI က သတင်းမီဒီယာ နယ်ပယ်နဲ့ ပိုမိုကျယ်ပြန့်စွာ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး Search (ရှာဖွေရေး လုပ်ဆောင်ချက်) အပေါ် ၎င်းရဲ့ မိတ်ဖက် အဖွဲ့အစည်းတွေဆီက တုံ့ပြန်မှုတွေကိုလည်း စုဆောင်းခဲ့တယ်လို့ ဆိုပါတယ်။
မည်သည့် Website သို့မဟုတ် မည်သည့် ထုတ်ဝေသူမဆို Chat GPT Search မှာ ပေါ်လာဖို့ အတွက် ရွေးချယ် နိုင်ပါတယ်။
ဇူလိုင်လမှာ Open AI က AI နည်းပညာ အသုံးပြုထားပြီး အင်တာနက်ပေါ်က Update ဖြစ်တဲ့ သတင်း အချက် အလက်တွေကို ရယူနိုင်တဲ့ ရှာဖွေရေး အင်ဂျင်နမူနာ Search GPT နဲ့ ရွေးချယ် မိတ်ဆက်ပေးသွားမှာ ဖြစ်တယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလမှာ Open AI က ရင်းနှီးမြှုပ်နှံသူတွေရဲ့ ရန်ပုံငွေကို ၆ ဒသမ ၆ ဘီလီယံ ဒေါ်လာ အထိ မြင့်တက် စေခဲ့ပါတယ်။
ဒီအချက်ကြောင့် ကုမ္ပဏီရဲ့ တန်ဖိုးကို ၁၅၇ ဘီလီယံ ဒေါ်လာ အထိ မြင့်တက်စေခဲ့ပြီး ကမာ္ဘပေါ်က တန်ဖိုး အကြီးဆုံး ပုဂ္ဂလိက ကုမ္ပဏီတွေထဲက တခုအဖြစ် ခိုင်မာစွာ ရပ်တည်နိုင်စေခဲ့တယ်လို့ ဆိုပါတယ်။
Ref : Reuters