စစ်တပ်အာဏာသိမ်းပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ၏ ပထမဆုံး ခရီးစဉ်ဖြစ်သည် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ယနေ့နံနက်က ရောက်ရှိခဲ့ပြီးနောက် တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ လျှပ်စစ်နှင့် ရင်းနှီးမြုပ်နှံမှု ကဏ္ဍ ၁၀ခုအတွက် ဖိတ်ခေါ်ခဲ့သည်။
ယခုခရီးစဉ်မှာ ယူနန်ပြည်နယ် ကူမင်းမြို့တွင် နိုဝင်ဘာ ၆ရက်၊ ၇ရက်၌ တရုတ်ဝန်ကြီးချုပ် လီချန်း ဦးဆောင်ကျင်းပ မည့် အဋ္ဌမအကြိမ် မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီး အစည်းအဝေး (GMS) တက်ရန်ဖြစ်ပြီး၊ တဆက်တည်းဆို သလို ၁၀ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ ထိပ်သီးအစည်း အဝေး (ACMECS) Summit၊ ၁၁ ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-ဗီယက်နမ်-မြန်မာ ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး (CLMV) တို့ကိုလည်း တက်ရောက်မည်ဖြစ်သည်။
စစ်ခေါင်းဆောင်သည် တရုတ်ဝန်ကြီးချုပ် လီချန်းနှင့် တွေ့ဆုံကာ မကြာမီကျင်း ပမည့် ရွေးကောက် ပွဲနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး ပြည်ပခရီးစဉ်အတွက် စစ်ထောက်လှမ်း ရေးဟောင်းများဖြစ်သည့် ဦးသိန်းဆွေ၊ ဦးလှမင်းတို့ကိုပါ တရုတ်နိုင်ငံသို့ ကြို တင်စေလွှတ်၍တရုတ်အစိုးရ အကြံပေး အဖွဲ့များနှင့် တွေ့ဆုံ၍ ပြည်တွင်းလုံခြုံရေးကိစ္စရပ်များကိုပါ ဆွေးနွေးခဲ့သည်။
ဦးသိန်းဆွေမှာ လွန်ခဲ့သည့် နှစ် ၂၀က စစ်တပ်မှ အပြီးတိုင်ဖျက်သိမ်းလိုက်သည့် တပ်မတော်ထောက်လှမ်းရေး အဖွဲ့၏ နိုင်ငံခြားဆက်ဆံရေး ဌာနကြီးမှူး ဗိုလ်မှူးချုပ် တဦးဖြစ်သလို ဦးလှမင်းမှာလည်း ဗိုလ်မှူးကြီးဟောင်း တဦးဖြစ်သည်။
ယခုခရီးစဉ်တွင် တရုတ်အနွယ်ဖွား စီးပွားရေးသမားများ ဖြစ်သည့် ရွှေသံလွင်ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်း၊ဆောက်လုပ် ရေး လုပ်ငန်းရှင် ရှောက်စန်းတို့ အပါအဝင် ခရိုနီကြီးများလည်း လိုက်ပါသွားကြောင်းသိရသည်။
ဦးကျော်ဝင်းသည် ၁၉၉၃ ခုနှစ်မှစ၍ SHWE THAN LWIN TRADING COMPANY LIMITED ကို တည်ထောင်ကာ ဆောက်လုပ်ရေးလုပ်ငန်း၊ သွင်းကုန်ထုတ်ကုန်၊ ခရီးသွားလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း၊ သတ္တုတူးဖော်ရေး လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ မီဒီယာလုပ်ငန်း၊ ဘဏ်လုပ်ငန်းများကို လုပ်ကိုင်ပြီး သူ၏မီဒီယာလုပ်ငန်းများ Sky Net နှင့် Shwe FM တို့ဖြစ်သည်။
ထို့အတူ ရှောက်စန်းမှာလည်း မြန်မာစစ်ဗိုလ်ချုပ်များနှင့် နီးစပ်ပြီး သမ္မတဦးသိန်းစိန်လက်ထက်က အကောင်အထည် ဖော်ရန် ကြံစည်ခဲ့သည့် ရန်ကုန်မြို့ သစ်စီမံကိန်း၌ မြန်မာ့စေတနာကုမ္ပဏီဆိုပြီး ဖွဲ့စည်းကာ နောက်ကွယ်မှ ကြိုးကိုင်ခဲ့ သူဖြစ်သည်။
ယနေ့ ကူမင်းမြို့ Hualuxe hotel ၌ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် မြန်မာ့လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုး ရေး စီမံကိန်း၊ EV လျှပ်စစ်ကားများအပါအဝင် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာကိစ္စရပ်များကို ပြောဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုခရီးစဉ်အတွင်း စက်မှုနှင့် စီးပွားရေးဖွံ့ဖြိုးသည့် ရှန်ဟိုင်းအပါဝင် ဒေသတချို့ ကို သွားရောက်ကာ တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံရန် ရှိကြောင်း သိရသည်။
You may also like these stories:
အငြိမ်းစား စစ်ထောက်လှမ်းရေးဟောင်းများ တရုတ်သို့ စစ်ကောင်စီစေလွှတ်
မြန်မာ့တော်လှန်ရေးအင်အားစုများကို ဖြိုခွဲဖို့ တရုတ်အစိုးရ ကြိုးစားနေသည်
မြန်မာတွင် အားပြိုင်နေသော တရုတ်၏ အကျိုးစီးပွား
မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးမှာ မဘသတွေ အသံတိတ်နေ