မြန်မာ့ပြည်တွင်းရေးနှင့် ပတ်သက်၍ တော်လှန်ရေးအင်အားစုများအပေါ် ဖိအားပေးမှုများက တရုတ်အတွက် အကျိုးရှိနိုင်မည် မဟုတ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
၎င်းက “မြန်မာပြည်အတွင်းမှာဖြစ်နေတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ မကြာခဏ အာဏာသိမ်းတဲ့သံသရာတွေ၊ ဒါတွေ ကို ကျော်လွှားနိုင်ဖို့ဆိုရင် ကျမတို့ ရေရှည်စနစ် ပြောင်းနိုင်တဲ့၊ အာမခံချက်ပေးနိုင်တဲ့၊ စစ်တပ်နိုင်ငံရေးမှာ မပါမှုကို အာမခံတဲ့ စနစ်ပြောင်း တော်လှန်ရေးဖြစ်ရမယ်။ တိုင်းရင်းသားတွေအတွက်လည်း ဖက်ဒရယ်စနစ်ကို အာမခံနိုင်တဲ့ စနစ်မျိုး ဖြစ်ရမယ်။ ဒီအဖြေကို ရဖို့ဆိုရင် ဟိုက ဖိအားပေး၊ ဒီကဖိအားပေးဆိုရုံနဲ့တော့ တရုတ်အတွက်လည်း အကျိုး ရှိတဲ့အဖြေ ဖြစ်လာမှာ မဟုတ်ဘူး” ဟု ဆိုသည်။
တရုတ်အစိုးရ၏ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းလိုသည့် သဘောထားအပေါ် ကောင်းကောင်း နားလည်သော်လည်း မြန်မာ့အရေးပြဿနာသည် ဆေးမြီးတိုနှင့်ကုသမရနိုင်သည်ကို တရုတ်အနေဖြင့် နားလည်စေချင်ကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသည့် တိုက်ပွဲများသည် ရေရှည်အာမခံနိုင်သည့် အဖြေရှာနိုင်ရေး တိုက်ပွဲဝင်နေခြင်း ဖြစ်ကြောင်းလည်း ဒေါ်ဇင်မာအောင်က ပြောသည်။
လက်ရှိ တရုတ်အစိုးရသည် နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စစ်ကောင်စီကို ဆက်လက် မတိုက်ခိုက်ရန် ပြင်းပြင်ထန်ထန် ဖိအားပေးနေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သိမ်းပိုက်ထိန်းချုပ် ထားသည့် နယ်စပ်ဂိတ်အားလုံးနီးပါးကို ပိတ်ကာ လောင်စာဆီ၊ ဆေးဝါးနှင့်ကုန်ပစ္စည်းများ တင်ပို့ခွင့် ပိတ်ပင်ထားသည်။
ထိုဖိအားပေးမှုများကြောင့် စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ပိုမိုရုန်းကန်ရပြီး လူထုစိုးရိမ်မှုများဖြစ်စေသော်လည်း တော်လှန်ရေး ဦးတည်ရာလမ်းကြောင်း ပြောင်းလဲသွားမည် မဟုတ်သည်ကို ယုံကြည်ထားကြောင်း ဒေါ်ဇင်မာအောင်က ပြောသည်။
အာဏာသိမ်းပြီးနောက် နိုင်ငံတကာနှင့် အာဆီယံက ဖယ်ကြဉ်ထားသည့် စစ်ခေါင်းဆောင်အား ပထမဆုံး အကြိမ် အဖြစ် တရုတ်၏ ဖိတ်ခေါ်မှုသည် စစ်ကောင်စီအပေါ် တရုတ်က ထောက်ခံကာကွယ်ပေးမည့် သဘောထားအား အမြင့်ဆုံး ဖော်ပြလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
၎င်းက “စစ်ခေါင်းဆောင် ပြုတ်မကျရေးအတွက် ကာကွယ်မှုလိုအပ်တာမှန်သမျှ တရုတ်က လုပ်သွားမယ့် သဘောပါ။ သူကအတတ်နိုင်ဆုံးတော့ ကာကွယ်မှာပါ။ တရုတ်ကာကွယ်တဲ့ကြားက တော်လှန်ရေးအုပ်စုက စစ်ကောင်စီကို ရှင်းပစ် နိုင်မယ်ဆိုရင်လည်း သူက တက်လာတဲ့ အစိုးရနဲ့ ဆက်ဆံမှာပဲ။ ဒါတရုတ်ရဲ့ မီးစတဖက်၊ ရေမှုတ်တဖက် ပေါ်လစီရဲ့ အဓိပ္ပာယ်က အဲဒီအတိုင်း ဖြစ်ပါတယ်” ဟု ပြောသည်။
သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယခုတရုတ်ခရီးစဉ်မှာ ဘေဂျင်းမှ ဖိတ်ကြားသည့် နိုင်ငံတော် ခရီးစဉ် မဟုတ်ဘဲ ဒေသတွင်း အစည်းအဝေးတက်ရောက်ရန်သာ ဖြစ်ရာ ယူနန်ပြည်နယ်ပါတီ ကော်မတီ အတွင်းရေးမှူး H.E Mr. Wang Ning နှင့် ယနေ့ ကူမင်းတွင် တွေ့ဆုံပြီး နယ်စပ်ဒေသအရေး ဆွေးနွေးကြသည်။
စစ်ခေါင်းဆောင်အား တရုတ်ဖိတ်ခေါ်မှုအပေါ် NUG အနေဖြင့် ပြန်လည်သုံးသပ်ပေးရန် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ထံသို့ မေတ္တာရပ်ခံစာပေးပို့ခဲ့ရာ စစ်ခေါင်းဆောင်ခရီးစဉ်သည် နိုင်ငံအဆင့်မဟုတ်ဘဲ ပြည်နယ်အဆင့် ဒေသတွင်း ဖိုရမ်တခုသို့ တက်ရောက်ခြင်းသာဖြစ်သည်ဆိုသော သတင်းစကား ပြန်ကြားခဲ့ရကြောင်း ဒေါ်ဇင်မာအောင်က ဆိုသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ ၁၀ ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရာ- မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ ၁၁ ကြိမ် မြောက် ကမော္ဘဒီးယား- လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတို့ကို တက်မည် ဖြစ်သည်။
ယမန်နေ့ကမူ စစ်ခေါင်းဆောင်သည် တရုတ်ကုန်သည်များနှင့် တွေ့ဆုံကာ လျှပ်စစ်စွမ်းအင်နှင့် စိုက်ပျိုးရေးအပါအဝင် ကဏ္ဍ ၁၀ခုတွင် ရင်းနှီးမြှုပ်နှံရန် ပြောဆိုသည်။
၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ ၁၀ ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရာ- မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ ၁၁ ကြိမ် မြောက် ကမော္ဘဒီးယား- လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတို့ကိုလည်း စစ် ခေါင်းဆောင် တက်ရောက် မည့်အပြင် တရုတ်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်မည်ဖြစ် ကြောင်းလည်း စစ်ကောင်စီက ဆိုထားသည်။
သို့သော် စစ်ကောင်စီအား မျက်နှာမူဆက်ဆံသည့် ဖိတ်ခေါ်ချက်မျိုးဖြစ်သည့်အတွက် တရုတ်နှင့် မြန်မာပြည်သူ လူထုကြားတွင် အထောက်အကူပြုရေးထက် အဖုအထစ်ဖြစ်သွားနိုင်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
You may also like these stories:
မြန်မာ့တော်လှန်ရေးအင်အားစုများကို ဖြိုခွဲဖို့ တရုတ်အစိုးရ ကြိုးစားနေသည်
စစ်ရှုံး မြန်မာစစ်ခေါင်းဆောင် တရုတ်သို့ ပထမဆုံးအကြိမ် သွား
စစ်ကောင်စီကို တရုတ်က ထောက်ခံလာသောအခါ