ဒေါ်နယ် ထရမ့် ဗုဒ္ဓဟူးနေ့က ပြောသည့်အတိုင်း ရွေးကောက်ပွဲအနိုင်ရပါက သူ့ကိုစွဲဆိုထားသည့် ရာဇဝတ်မှုများ ထိထိရောက်ရောက် အဆုံးသတ်သွားမည်ဖြစ်ပြီး အနည်းဆုံး အိမ်ဖြူတော်တွင် ရှိနေသည့်ကာလအတွင်း ရပ်တန့်နေမည်ဖြစ်သည်။
ရာဇဝတ်မှုဖြင့် စွဲဆိုခံရသည့် ပထမဆုံး အမေရိကန်သမ္မတဟောင်း မစ္စတာ ထရမ့်သည် ယခုနှစ် အချိန်အများအပြားတွင် တရားစွဲဆိုမှု လေးခုကို တပြိုင်နက်ခံနေရပြီး ၂၀၁၆ ခုနှစ် မဲဆွယ်ပွဲအတွင်း အပြာရုပ်ရှင်မင်းသမီး စတော်မီ ဒန်နီရယ်ကို နှုတ်ပိတ်ခငွေပေးရန် ကြိုးစားမှုမှသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအရှုံးကို ပြောင်းပြန်လှန်ရန် ကြိုးစားမှုအထိ ပါဝင်သည်။
ဒန်နီရယ်ကို ငွေပေးချေမှုနှင့် ပတ်သက်သည့် စီးပွားရေးမှတ်တမ်းများကို လိမ်လည်သည့် အပြစ်ရှိသည်ဟု နယူးယောက် ဂျူရီအဖွဲ့တဖွဲ့က မေလတွင် တွေ့ရှိသောကြောင့် သူသည် ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်စီရင်ခံရသည့် ပထမဆုံး အမေရိကန်သမ္မတဟောင်း ဖြစ်လာသည်။
ရီပတ်ဘလစ်ကန် ထရမ့်က သူသည် အမေရိကန်အထူးတရားသူကြီး မစ္စတာ ဂျက်စမစ်ကို သူကျမ်းသစ္စာကျိန်ဆိုပြီး နှစ်စက္ကန့်အတွင်း ရာထူးမှ ထုတ်ပယ်မည်ဟု အောက်တိုဘာလ ၂၄ ရက်နေ့ တွေ့ဆုံမေးမြန်းမှုတခုတွင် ပြောသည်။ တရားသူကြီး မစ္စတာ ဂျက်စမစ်သည် ထရမ့် ရွေးကောက်ပွဲအရှုံးကို ပြောင်းပြန်လှန်ရန် ကြိုးစားမှုနှင့် ရာထူးစွန့်ခွာရချိန်တွင် လျှို့ဝှက်စာရွက်စာတမ်းများ ရယူထားမှုများအတွက် ဖက်ဒရယ် တရားစီရင်မှုကို ဦးဆောင်သူဖြစ်သည်။
ထရမ့်က စွပ်စွဲချက်များ အားလုံးတွင် အပြစ်မရှိကြောင်း ထွက်ဆိုပြီး ထိုတရားစွဲဆိုမှုများသည် နိုင်ငံရေး ပယောဂ မကင်းကြောင်း ပြောသည်။
သမ္မတအနေဖြင့် ထရမ့်သည် စမစ်ကို ထုတ်ပယ်ပြီး သူ့ကို စွဲဆိုသည့် ဖက်ဒရယ်အမှုများကို ပိတ်နိုင်သည့် အခွင့်အာဏာရှိသော်လည်း နယူးယောက် နှုတ်ပိတ်ခပေးမှုဖြစ်စေ၊ ဂျော်ဂျီယာပြည်နယ်တွင် ရွေးကောက်ပွဲရှုံးနိမ့်ခြင်းကို ပြောင်းပြန်လှန်ရန် ကြိုးစားမှုများတွင်ဖြစ်စေ ထိုသို့ ထိန်းချုပ်ခွင့် မရှိပေ။ သို့သော် သမ္မတဆိုသည့် ထူးခြားသော အခန်းကဏ္ဍကြောင့် ထိုအမှု နှစ်ခုမှ ဥပဒေအကျိုးဆက်များကို ရာထူးသက်တမ်းအတွင်း ရင်ဆိုင်ရဖွယ် မရှိပေ။
“သူ့ကို ကျနော်တို့ ဥပဒေစနစ်အတွင်း ရာဇဝတ်မှုတွေနဲ့ စနစ်တကျ တရားစွဲတယ်” ဟု ခရစ္စတီ ပတ်ကားက ပြောသည်။ သူသည် အမေရိကန် ပြည်ထောင်စုသို့ အာဏာရှင်ခြိမ်းခြောက်မှုဟုခေါ်သည် ကိစ္စများကို တန်ပြန်ရန် ဖွဲ့စည်းထားသည့် Protect Democracy မှ အထူးအကြံပေး ဖြစ်သည်။ ထရမ့်က အမှုများကို ပိတ်လိုက်ပါကလည်း “မှန်ကန်သည့်ကိစ္စဟု အဓိပ္ပာယ်သက်ရောက်မည် မဟုတ်”ကြောင်း ပတ်ကားက ပြောသည်။
စီစဉ်ထားသည့်အတိုင်း ဇန်နဝါရီလ ၂၀ ရက်နေ့ ကျမ်းသစ္စာ မကျိန်ဆိုမီ ရုံးချိန်းတခု ရှိသေးသော်လည်း ထိုအမှုကို ရှေ့ဆက်ဖွယ် မရှိကြောင်း ဥပဒေပညာရှင်များက ပြောသည်။
နယူးယောက် နှုတ်ပိတ်ခငွေအမှု
နယူးယောက်တွင် လက်ရှိ စီစဉ်ထားသည့် နိုဝင်ဘာလ ၂၆ ရက်နေ့၌ ထောင်ဒဏ် စီရင်မည့်ကိစ္စကို ဆိုင်းငံ့ထားရန် ထရမ့်၏ ရှေ့နေများက တရားသူကြီး မစ္စတာ ဂျူယန် မာချန်ကို ပြောကြားထားသည်။ ထိုအမှုတွင် သူသည် ထောင် လေးနှစ်အထိ ကျနိုင်သည်။ သမ္မတအဖြစ် ရွေးကောက်ခံထားရသူတဦးကို ရာထူးလက်ခံသောနေ့ မတိုင်မီ ထောင်ဒဏ်စီရင်ခြင်းသည် အမေရိကန်သမိုင်းတွင် ယခင်မရှိဖူးဘဲ ကျွမ်းကျင်သူများကလည်း ကြားနာမှုကို ဆိုင်းငံ့ထားမည်ဟု ခန့်မှန်းနေသည်။
သမ္မတများသည် ၎င်းတို့ တရားဝင်လုပ်ရပ်များကို တရားစီရင်စစ်ဆေးခြင်းမှ ကျယ်ပြန့်သော ကင်းလွတ်ခွင့် ရှိသည်ဟု အမေရိကန် တရားရုံးချုပ်က ဇူလိုင်လတွင် တွေ့ရှိသောကြောင် မစ္စတာ မာချန်သည် ထရမ့်ကို ထောင်ဒဏ်စီရင်ခြင်းအား နှစ်ကြိမ်ဆိုင်းငံ့ပြီး ဖြစ်သည်။ ထိုအမှုကို ကနဦးက ဇူလိုင်လ ၁၁ ရက်နေ့တွင် ထောင်ဒဏ်စီရင်ရန် စီစဉ်ခဲ့သည်။ ထိုစီရင်ထုံးကြောင့် ထိုအမှုကို ပယ်ချသင့်သည်ဟု ထရမ့်က စောဒကတက်သော်လည်း ထိုအချက်ကို အစိုးရရှေ့နေများက အငြင်းပွားသည်။
သူ့ကို ထောင်ဒဏ်ချလျှင် အယူခံဝင်ရန် မစ္စတာ ထရမ့်က ပြောကြားထားသည်။ သီးခြားအနေဖြင့် သူ၏ ရှေ့နေများသည် ထိုအမှုကို ဖက်ဒရယ်တရားရုံးသို့ ပြောင်းရွှေ့ရန် ဒုတိယ အယူခံတရားရုံးဖြစ်သည့် 2nd U.S. Circuit Court of Appeals သို့ ပြောကြားထားသည်။ ထိုသို့သောလုပ်ရပ် အောင်မြင်ပါက အမှုအတွက် ဥပဒေ အတားအဆီးသစ်များ ဖန်တီးလိုက်နိုင်သည်။
ဖက်ဒရယ် တရားစီရင်စစ်ဆေးမှုများ
မစ္စတာ ထရမ့်သည် ဝါရှင်တန်မှ ဖက်ဒရယ်တရားရုံးတွင် စွဲချက် လေးခု ရင်ဆိုင်နေရပြီး ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်း မဲစုရုံးအတည်ပြုခြင်းကို ပိတ်ဆို့ရန် ကြိုးစားသည့်အနေဖြင့် ရွေးကောက်ပွဲ မသမာမှုရှိသည်ဆိုသည့် မှားယွင်းသော ပြောဆိုချက်ကို ဖြန့်ချိသည်ဟု စွပ်စွဲခံရသည်။ ထိုရွေးကောက်ပွဲတွင် ထရမ့်သည် ဒီမိုကရက်သမ္မတ မစ္စတာ ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်သည်။
၂၀၂၁ ခုနှစ်တွင် သူ၏ ပထမရာထူးသက်တမ်း ကုန်ဆုံးပြီးနောက် ထရမ့်သည် ဥပဒေနှင့်မညီဘဲ လျှို့ဝှက်စာရွက်စာတမ်းများ လက်ဝယ်ထားပြီး ထိုမှတ်တမ်းများကို အမေရိကန်အစိုးရက ပြန်လည် ရယူသောအခါ ဟန့်တားနှောင့်ယှက်သည် ဆိုသည့်အမှုဖြင့်လည်း မစ္စတာ စမစ်က စွဲဆိုထားသည်။
မစ္စတာ စမစ်ကို ထိုရာထူးတွင် စနစ်မကျဘဲ ခန့်အပ်ပြီး ထိုအမှုကို စွဲဆိုခွင့် မရှိကြောင်း တွေ့ရှိပြီးနောက် ဖလော်ရီဒါအခြေစိုက် အမေရိကန် ခရိုင်တရားသူကြီး မစ္စ အေလင်း ကန်နွန်က ထိုစွပ်စွဲချက်များ အားလုံးကို ဇူလိုင်လတွင် ပယ်ချသည်။ ကန်နွန်သည် ထရမ့်က ခန့်ထားသည့် တရားသူကြီးဖြစ်သည်။
ထိုစီရင်ချက်ကို စမစ်၏ အဖွဲ့က အယူခံဝင်နေသော်လည်း မစ္စတာ ထရမ့်က မစ္စတာ စမစ်ကို သူရာထူးလက်ခံလျှင် ချက်ချင်းထုတ်မည်ဆိုသောကြောင့် ထိုအမှုအဆုံးသတ်သွားနိုင်သည်။
ဂျော်ဂျီယာ ရွေးကောက်ပွဲရှုံးနိမ့်ခြင်းကို ပြောင်းပြန်လှန်ရန် ကြိုးစားမှု
ဂျော်ဂျီယာမှ အစိုးရရှေ့နေများသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခြင်းကို ပြောင်းပြန်လှန်ရန် ကြံစည်မှုဖြင့် တရားစွဲရန် ပြည်နယ် မသမာသော ငွေကြေးရယူမှု ဥပဒေကို အသုံးပြုသည်။ ထိုဥပဒေသည် ဂိုဏ်းဖွဲ့ရာဇဝတ်မှုကို တိုက်ဖျက်ရန် ဖော်ထုတ်ထားသည့်ဥပဒေ ဖြစ်သည်။
ထရမ့်သည် ထိုတရားစွဲဆို စစ်ဆေးမှုကို အဆုံးသတ်အောင် လုပ်နိုင်မည် မဟုတ်သော်လည်း သမ္မတတဦးသည် တာဝန်ထမ်းဆောင်နေစဉ် ရာဇဝတ်တရားစီရင်ခြင်း၏ ဝန်ထုပ်ဝန်ပိုးကို မရင်ဆိုင်သင့်ဆိုသည် စောဒကကို အခြေခံပြီး ထရမ့်နှင့်ပတ်သက်သည့် မည်သည့်လှုပ်ရှားမှုကိုမဆို ရပ်ထားရန် တရားရုံးတွင် ပြောမည်ဟု သူ၏ ရှေ့နေများက ပြောသည်။
ထိုအမှုမှ ထရမ့်နှင့် သူနှင့်ပူးတွဲတရားခံ ၁၄ ဦးအနက် ရှစ်ဦးက ထိပ်တန်း အစိုးရရှေ့နေ ဖူလ်တန် ခရိုင်ရှေ့နေချုပ် မစ္စ ဖန်နီ ဝဲလစ်သည် အရည်အချင်းမမီကြောင်း ဂျော်ဂျီယာ အယူခံရုံးသို့ ပြောကြားထားသည်။ ထိုရှေ့နေချုပ်သည် ယခင်လက်ထောက်တဦးနှင့် အချစ်ဇာတ်လမ်းတွင် မှားယွင်းသော အပြုအမူလုပ်သည်ဟု ၎င်းတို့က စွပ်စွဲသည်။ နှုတ်ဖြင့်ချေပမှုကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် စီစဉ်ထားသည်။
ထိုအားထုတ်မှု မအောင်မြင်ပါက ပူးတွဲတရားခံများအတွက် အမှုကို ဆက်လက် စစ်ဆေးမည်ဖြစ်သည်။ ထိုပူးတွဲတရားခံများတွင် ထရမ့်၏ ပုဂ္ဂလိကရှေ့နေဟောင်း မစ္စတာ ရူဒီ ဂူလီယာနီနှင့် အိမ်ဖြူတော်အရာရှိချုပ် မစ္စတာ မတ်ခ် မဲဒိုးတို့ ပါဝင်သည်။ သို့သော် ထရမ့်အတွက် ထိုအမှုသည် သူအိမ်ဖြူတော်တွင် ရှိနေသမျှ ရှေ့ဆက်နိုင်မည် မဟုတ်ဟု ကျွမ်းကျင်သူများက ပြောသည်။
ကိုးကား ။ ။ Reuters သတင်း Trump’s impending return to White House brings criminal cases to a halt
You may also like these stories:
ဒေါ်နယ်ထရမ့်၊ ရီပတ်ဘလီကန် အနာဂတ်နှင့် ပါတီတွင်း အကွဲအပြဲ
အီလွန်မတ်စ် က ထရမ့်ကို ထောက်ခံပေမယ့် သူ့ ဝန်ထမ်းတွေကတော့ ဟဲရစ်ပဲတဲ့
အိမ်ဖြူတော်မှ ထွက်လာမည့် ဒေါ်နယ်ထရမ့်ကို အမှုများက စောင့်ကြိုနေ
ရွေးကောက်ပွဲရလဒ် ပြောင်းရန် ကြိုးစားမှု အပြစ်မရှိကြောင်း ထရမ့် လျှောက်လှဲ
ထရမ့် သွားရှုပ်တဲ့ စတော်မီ ဒန်နီရယ် ဘယ်သူလဲ