ငွေပြတ်နေသည့် စစ်ကောင်စီသည် ရွှေ့ပြောင်းလုပ်သားများ ၎င်းတို့ဝင်ငွေ၏ ၄ ပုံ ၁ ပုံကို တရားဝင်ဘဏ်လမ်းကြောင်းများမှတဆင့် မိသားစုသို့လွှဲရန် အတင်းအကျပ် လုပ်ရေးအတွက် ကော်မတီတခုဖွဲ့ထားသည်။
အောက်တိုဘာလ ၁၁ ရက်နေ့ စစ်ကောင်စီပြန်တမ်းအရ အဖွဲ့ဝင် ၁၃ ဦးပါသည် ထိုကြီးကြပ်ရေးကော်မတီကို စစ်ဘက်ရေးရာလုံခြုံရေးရုံးဟု တရားဝင်ခေါ်သည့် စစ်ထောက်လှမ်းရေး အရာရှိများဖြင့် သြဂုတ်လ ၃၀ ရက်နေ့တွင် ဖွဲ့စည်းသည်။ လွန်ခဲ့သောနှစ် စက်တင်ဘာလတွင် စတင်သည့် ပြည်ပလုပ်သား ပို့ငွေလွှဲရေး စည်းမျဉ်းများ အကောင်အထည်ဖော်ရန် ထိုကော်မတီကို တာဝန်ပေးထားသည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ထိုကော်မတီတွင် စစ်ထောက်လှမ်းရေးမှ ဒုဗိုလ်မှူးကြီး အောင်ကိုကိုဦး၊ သတင်းတပ်ဖွဲ့မှ ရဲဗိုလ်မှူးကြီး အုပ်စိုးထွန်းနှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနမှ အရာရှိများ ပါဝင်သည်။
လွန်ခဲ့သောနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်သက်ဝင်သည့် ပြည်ပလုပ်သား ပို့ငွေလွှဲမှု စည်းမျဉ်းသစ်တွင် ရွှေ့ပြောင်းလုပ်သားများသည် ၎င်းတို့လစဉ်လစာ သို့မဟုတ် ၃ လစာ၏ အနည်းဆုံး ၄ ပုံ ၁ ပုံကို နိုင်ငံ၏ ဘဏ်စနစ်မှ လွှဲပြောင်းပေးပို့ရန် လိုအပ်သည်။
ထိုကော်မတီသစ်သည် ရွှေ့ပြောင်းလုပ်သားများ စစ်ကောင်စီ၏ နိုင်ငံခြားငွေ ဘဏ္ဍာတိုက်သို့ ငွေထည့်သွင်းပေးရန် ၎င်းတို့နှင့် ၎င်းတို့၏ အလုပ်အကိုင်အေဂျင်စီများကို ဖိအားပေးမည်ဖြစ်သည်။ ပြန်တမ်းအရ ထိုကော်မတီသည် မလိုက်နာသူများကို အရေးယူမည်ဟု ဖော်ပြထားသော်လည်း ပြစ်ဒဏ်ကို တိတိကျကျ မဖော်ပြပေ။
ထိုကော်မတီသည် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန် တာဝန်ခံသည့် နိုင်ငံခြားငွေလဲလှယ်မှု ကြီးကြပ်ရေး ကော်မတီသို့ တိုက်ရိုက်အစီရင်ခံပြီး ပြည်တွင်းတွင် မထုတ်လုပ်သည့် လောင်စာ၊ ဆေးဝါး၊ ရေနံ၊ ဓာတ်မြေသြဇာနှင့် ဆောက်လုပ်ရေးပစ္စည်း စသည့် အဓိကကုန်စည်များ တင်သွင်းမှုအတွက် နိုင်ငံခြားငွေသုံးစွဲခြင်းကို စိစစ်နေသည်ဟု စစ်ကောင်စီထိန်းချုပ်မီဒီယာက ဖော်ပြသည်။
ထိုငွေလွှဲစည်းမျဉ်းတွင် ရွေ့ပြောင်းလုပ်သားများသည် ၎င်းတို့နိုင်ငံမှ မထွက်ခွာမီ စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်က ကြီးကြပ်သည့် ဘဏ်တခုတွင် ပူးတွဲငွေစာရင်းဖွင့်ပြီး ၎င်းတို့ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို လွှဲပေးရန် လိုသည်။
စစ်ကောင်စီသည် ထိုသို့ငွေလွှဲရန် ပျက်ကွက်သော ရွှေ့ပြောင်းလုပ်သားများကို သတင်းပို့ရန် အလုပ်အကိုင်အေဂျင်စီများကို ဖိအားပေးနေသည်။
အစဉ်အလာအားဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားများသည် ဟွန်ဒီဟုခေါ်သည့် တရားမဝင်ငွေလွှဲစနစ် ကိုယ်စားလှယ်များသည် အမေရိကန်တဒေါ်လာလျှင် ၄,၀၀၀ ကျပ်မျှ ငွေလွှဲနှုန်းဖြင့် အခကြေးငွေ အနည်းငယ်ပေးရသည့်စနစ်ကို မှီခိုကြသည်။
သို့သော် ငွေလွှဲစနစ်သစ် စည်းမျဉ်းများအောက်တွင် အလုပ်သမားများ၏ လွှဲငွေများကို တရားဝင်ငွေလွှဲနှုန်း တဒေါ်လာ ကျပ် ၃,၀၀၀ ခန့် ပတ်ဝန်းကျင်မျှဖြင့် လဲလှယ်ပေးပြီး ရွှေ့ပြောင်းလုပ်သား မိသားစုများအတွက် ငွေကြေးတန်ဖိုးကို အကြီးအကျယ် လျှော့ချထားသည်။
သြဂုတ်လတွင် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနသည် ထိုင်းနိုင်ငံမှ လိုင်စင်ရှိနှင့် လိုင်စင်မဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ သန်းခန့်အတွက် စည်းမျဉ်းသစ်များ ကျင့်သုံးသည်။
လွန်ခဲ့သောလတွင် ထိုဝန်ကြီးဌာနသည် တရားဝင်ဘဏ်လမ်းကြောင်းများမှ မိသားစုထံ ငွေလွှဲပို့သည့် အလုပ်သမားများအတွက် လျှပ်စစ်မော်တော်ယာဉ် တင်သွင်းခွင်ပေးမည်ဟု မက်လုံးများ စတင်ပေးသည်။
ထိုလတွင်ပင် အလုပ်သမားဝန်ကြီး ဦးမြင့်နောင်သည် လာအိုသို့ သွားရောက်ပြီး ထိုနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ လစာငွေကို မိသားစုထံလွှဲရန် တိုက်တွန်းသည်။
ထိထိရောက်ရောက် အကောင်အထည်ဖော်ပါက ငွေလွှဲစည်းမျဉ်းများသည် ဒေါ်လာငွေ ပြတ်တောက်နေစဉ် စစ်ဆင်ရေးစရိတ်ရှာရန် ရုန်းကန်နေရသည့် စစ်ကောင်စီအတွက် အသက်ကယ်ပေါက်ဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်ခွာခြင်း၊ အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ၊ ပြည်တွင်းစစ်ကြောင့် နယ်စပ်ကုန်သွယ်ရေး ပြတ်တောက်ခြင်းတို့သည် ငွေကြေးမလုံလောက်မှုကို ပိုမိုဆိုးရွားစေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Cash-Strapped Myanmar Junta Doubles Down on Foreign Remittances ကို ဘာသာပြန်သည်။)
You may also like these stories:
ရွှေ့ပြောင်းလုပ်သားများအပေါ် စစ်ကောင်စီထိန်းချုပ်မှု ထိုင်း အဆုံးသတ်သင့်ကြောင်း NUG ပြော
အေဂျင်စီ ၂၆ ခု ပြည်ပလုပ်သားစေလွှတ်ခွင့် ပိတ်
ရွှေ့ပြောင်းလုပ်သား မူဝါဒအပြောင်းအလဲ ထိုင်းရောက်မြန်မာတွေအတွက် အဆင်ပြေနိုင်မလား
အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို
ပြည်ပရောက် မြန်မာများ ဝင်ငွေခွန်ဆောင်မှ ပတ်စ်ပို့သက်တမ်းတိုးနိုင်မည်