ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းထားသော မိုးမောက်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၄၃၇ ပြန်ရရေး အောက်တိုဘာ ၂၀ ရက်မှစ၍ စစ်တပ်က သံချပ်ကာယာဉ် ၄စီးပါ စစ်ကြောင်းများ လေကြောင်း၊ လက်နက်ကြီးပစ်ကူဖြင့် စစ်ဆင်နေရာ ၁၀မိုင်ခန့်ဝေးသည့် ဗန်းမော်နှင့် ခမရ ၄၃၇ တပ်ရင်းကြား လမ်းတလျှောက် တိုက်ပွဲများပြင်းထန်နေ သည်။
KIA ပြောခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက “ဗန်းမော်ဘက်ကနေ ၅ မိုင်၊ ၆ မိုင်၊ ၇ မိုင် တဖြည်းဖြည်းနဲ့ သူတို့က လေကြောင်း ကနေတိုက်ပြီးမှ လက်နက်ကြီးနဲ့ ပြန်လိုက်တာ။ နောက်ဆုံးကတော့ သံချပ်ကာကားတွေနဲ့ မြေပြင်ကနေ ပြန်လိုက်ပြီး တော့မှ ကျနော်တို့ရှိတဲ့ နေရာဘက်ကို ထိုးဝင်တာ။ လေကြောင်းကတော့ နေ့တိုင်းလိုလာတယ်။ တနေ့ကို သုံးလေးခေါက် လာတယ်၊ ဗုံးလာကြဲတာ။ တနေ့ကတော့ တော်တော်ပြင်းထန်တဲ့တိုက်ပွဲတွေရှိတယ်။ မနေ့ကလည်း ဒရုန်းလာတယ်” ဟု ပြောသည်။
ဗန်းမော်နှင့် ခမရ ၄၃၇ ကြား တိုက်ပွဲဖြစ်ပွားရာနေရာသို့ ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)မှ ကားများဖြင့် စစ်ကူများ ဆက်လက်ပို့ဆောင်နေပြီး KIA ပူးပေါင်းတပ်များက အောင်မြေကျေးရွာအနီးဝန်းကျင်၌ တိုက်ခိုက် နေသည်။
KIA ပူးပေါင်းတပ်များသည် ဗန်းမော်မြို့ လုံခြုံရေးအတွက် အရေးပါသည့် ခမရ ၄၃၇ တပ်ရင်းဌာနချုပ်အား တလခန့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၄ ဩဂုတ် ၁၉ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ခမရ ၄၃၇ တပ်ရင်းဌာနချုပ်တွင် ဒေသတွင်းရှိ အခြားသောတပ်စခန်းများမှ ဆုတ်ခွာထွက်ပြေးလာသည့် စစ်သားများနှင့် အင်အား ၅၀၀ နီးပါးဖြင့် KIA ထိုးစစ်အား ခုခံခဲ့သော်လည်း စစ်တပ်အနေဖြင့် လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။
လက်ရှိ ဗန်းမော်နှင့် ခမရ ၄၃၇ ကြား ပြန်လည်ထိုးစစ်ဆင်နေသည့် စစ်သားများသည် ခမရ ၄၃၇ သိမ်းပိုက်ခံရစဉ်က ထွက်ပြေးလွတ်မြောက်ခဲ့သူများနှင့် ဗန်းမော်အခြေစိုက် တပ်ရင်းများမှ ထုတ်နုတ်အင်အားများ ပူးပေါင်းကာ စစ်ကြောင်း ထိုးနေခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်အဆင့်မြို့ကြီးဖြစ်သော ဗန်းမော်တွင် စစ်တပ်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) နှင့် တပ်မ-၈၈ တို့အပြင် ခြေလျင်၊ ခြေမြန်နှင့်လက်ရုံးတပ်များလည်း အခြေစိုက်ထားသည်။
KIA ပူးပေါင်းတပ်များ၏ ထိုးစစ်တွင် ဗန်းမော်အရှေ့ဘက် မိုးမောက်မြို့အား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ဗန်းမော် တောင်ဘက်ရှိ မံစီမြို့အား သတ်သိမ်းပိုက်နိုင်ခြင်း မရှိသေးသော်လည်း ဗန်းမော်မြို့အား KIA ပူးပေါင်းတပ်များက မြေပြင်လမ်းကြောင်းနှင့် ရေကြောင်းဆက်သွယ်လမ်းတို့အား ဖြတ်တောက်ပိတ်ဆို့ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလလယ်ပိုင်း၌ မန္တလေးဘက်မှ ဗန်းမော်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အင်အားနှင့် ခဲယမ်း၊ ရိက္ခာ ဖြည့်တင်းရန် တက်လာသည့် စစ်ရေယာဉ်တန်းအား KIA ပူးပေါင်းတပ်များက ထီးချိုင့်၊ ရွှေကူမြို့နယ်တို့အတွင်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ရေယာဉ် ၇ စီးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး သံခွန်သင်္ဘောတစီးသာ ဗန်းမော်သို့ ဆိုက်ကပ်နိုင်ခဲ့သည်။
You may also like these stories:
မံစီနှင့်မိုးမောက်ကို KIA ထိုးစစ်ဆင်ကာ ဗန်းမော်သို့ ဦးတည်လာ
မိုးမောက်အရှေ့ခြမ်း စစ်တပ်စခန်းများ KIA သိမ်း
မံစီ၊ မိုးမောက်မှ တပ်စခန်း ၃ ခု KIA ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်