ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သို့ စစ်ကူ၊ ရိက္ခာလာပို့သည့် ရဟတ်ယာဉ် ၁ စီး ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့ရာထိမှန်သွားကြောင်း မြေပြင်တပ်ဖွဲ့ဝင်တချို့နှင့် ဒေသခံများက ပြောသည်။
နိုဝင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက ဝိုင်းပတ် ပိတ်ဆို့ခံထားရသော နပခ ဌာနချုပ်သို့ စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီးဖြင့် လေကြောင်းပစ်ကူပေးကာ ရဟတ်ယာဉ်များဖြင့် ရိက္ခာနှင့် စစ်ကူများ လာရောက်ချပေးစဉ် AA တပ်ဖွဲ့ဝင်များ ပစ်ခတ်နိုင်ခဲ့ ကြောင်း အမ်းဒေသခံများက ဆိုသည်။
အမ်းဒေသခံတဦးက ” မနေ့က နပခဌာနချုပ်ကို ဂျက်ဖိုက်တာ ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်ပြီးတော့ Y12 အပါအဝင် ရဟတ်ယာဉ်တွေနဲ့ ရိက္ခာ၊ စစ်ကူတွေကို ချပေးတယ်။ AA က ပြန်လည်ပစ်ခတ်တာ ရဟတ်ယာဉ် ၁ စီးက မီးခိုးတွေထွက်ပြီးတော့ သူပျံတာ ဒရုန်းလောက်တောင် မမြန်တော့ဘူး။ မကွေးဘက်ကို ထိုးကျသွားတာ တွေ့လိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပစ်ချခံရသည့် ရဟတ်ယာဉ်အမျိုးအစားမှာ Mi 17 အမျိုးအစားဖြစ်ကြောင်း ရခိုင်အခြေစိုက် မီဒီယာများတွင် ဖော်ပြထား သည်။
AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက စစ်ကောင်စီရဟတ်ယာဉ်ကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲတွင် ပစ်ချလိုက်ကြောင်း အတည်ပြုသည်။
၎င်းက “မနေ့က အကြမ်းဖက် စစ်ကောင်စီက အမ်း၊ နပခဌာနချုပ် ပတ်ဝန်းကျင်မှာ သူတိုရဲ့တပ်ဖွဲဝင် လူနာတွေ၊ လက်နက်ခဲယမ်း၊ ရိက္ခာ၊ စစ်အင်အား လာပို့တဲ့ ရဟတ်ယာဉ် ၄ စီး၊ ရှေ့ဆင့်နောက်ဆင့် ဆင်းသက်လာတာ ရှိပါတယ်။ ကျနော်တို့ဘက်က ၄ စီးစလုံးကို လိုက်ပစ်တာ ၁ စီးက အမြီးပိုင်းကို ထိသွားပါတယ်။ ဒါပေမယ့် ထိသွားတဲ့ ရဟတ်ယာဉ်က အဲဒီနေရာမှာ ထိုးကျပျက်စီးသွားတာမျိုးမဟုတ်ဘဲ သူတို့ ထိန်းချုပ်ထားတဲ့ နေရာထိရောက်အောင် ထိန်းမောင်းပြီးမှ သတ်မှတ်နေရာကို မရောက်ဘဲ အဆင်ပြေတဲ့တနေရာမှာ ဆင်းသက်သွားတယ်လို့ သိရပါတယ်” ဟုဆိုသည်။
အဆိုပါ ထိမှန်သွားသည့်ရဟတ်ယာဉ်မှာ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ကျောက်ဆုံရွာအနီးသို့ ဆင်းသွားသည်ဟု စုံစမ်းသိရကြောင်း ဦးခိုင်သုခက ဆက်လက်ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင်လည်း တိုက်ပွဲများအတွင်း AA ပစ်ချလိုက်သည့် Mi 17 အမျိုးအစား ရဟတ်ယာဉ်၏ အပျက်အစီးပုံများကို ထုတ်ပြန်ခဲ့သည်။
AA သည် အောက်တိုဘာလကုန်ပိုင်းက အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ရှိန်မြှင့်ပြီး ထိုးစစ်ဆင်တိုက်ခိုက် ခဲ့ရာ ယင်းလက်အောက်ခံ ခြေမြန်တပ်ရင်းများနှင့် လက်ရုံးတပ်များကို သိမ်းဆည်းရရှိထားကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ကလည်း အမ်းမြို့အဝင်တွင်တည်ရှိသည့် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (BE) နှင့် နာမည်ကျော် ပဲပဒုံပူးပေါင်းစစ်ဆေးရေးဂိတ်တို့ကို AA သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အမ်းဒေသခံတဦးက “အမ်းမှာ စစ်ကောင်စီတပ်တွေ သိပ်မကျန်တော့ဘူး။ နပခ ဌာနချုပ်ဆိုရင်လည်း AA လက်နက်ကြီး တွေနဲ့ ထုလို့ အဆောက်အဦတွေ မီးလောင်ပြီး တဝက်တောင် မကျန်တော့ဘူးလို့ ပြောတယ်။ အခု စစ်ကောင်စီတပ်သား တွေက မြို့ထဲမှာ စစ်ရှောင်နေသူတွေနဲ့ ရောနှောပြီး အတူနေတယ်လို့ ကြားတယ်။ သမဝါယမရုံးမှာဆို စစ်ကောင်စီတပ်က AA အလံထောင်ပြီးတော့ မြို့ခံတွေ လာရောက် အကူအညီပေးနိုင်တယ်ဆိုပြီးတော့ ဗျူဟာသုံးပြီး အကူအညီလာပေးရင် ဖမ်းဖို့ အကွက်ဆင်နေတယ်လို့ ပြောကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလောအခြအနေတွင် အမ်းမြို့တိုက်ပွဲမှာ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့အများစုကို AA က သိမ်းပိုက်ရရှိထားကာ နပခဌာနချုပ်အပါအဝင် အမ်းမြို့ပေါ်ရှိ ခမရ ၃၇၁ နှင့် တပ်ထိန်းတပ်ခွဲတို့သာ ကျန်ရှိတော့ကြောင်း သိရသည်။
You may also like these stories:
ဖလမ်း ခလရ ၂၆၈ မကျရေး ကလေးမှ အမြောက်ပစ်ကူပေးနေ
AA ကို ပြန်တိုက်ရန် ARSA နှင့် ပူးပေါင်းခဲ့ကြောင်း ဖမ်းမိ ဗိုလ်မှူး ဝန်ခံ