ရှမ်းမြောက်တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကာ တရုတ်နယ်စပ်ဂိတ်များ ပိတ်ခဲ့ပြီးနောက် ယခုနှစ် စိုက်ပျိုးရာသီမှစ၍ ပြည်တွင်းရှိ ဖရဲ၊ သခွား စိုက်သူများသည် တရုတ်လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ လာအို နိုင်ငံဘက်သို့ ပြောင်းရွှေ့ စိုက်ပျိုးလာကြောင်း သိရသည်။
၂၀၂၃ နှစ်ကုန်ပိုင်းမှ စ၍ ဖရဲ၊ သခွားနှင့် သစ်သီးဝလံ တင်ပို့နေသည့် တရုတ်-မြန်မာ နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်၊ ချင်းရွှေဟော်၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးတို့မှာ ပိတ်သွားရာ စစ်ကောင်စီက မိုင်းလားနယ်စပ်မှ တဆင့် တရုတ်နှင့် ကုန်သွယ်မှု ပြုလုပ်ခိုင်းသော်လည်း လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်း၊ ကုန်ကျစရိတ်ကြီးမြင့်ခြင်း၊ ရက်ကြာ ခြင်းတို့ကြောင့် အခက်အခဲများဖြစ်ကာ ကုန်သွယ်မှုမှာ ထင်သလောက် ဖြစ်မလာကြောင်း ကုန်သည်များက ပြောသည်။
ထို့အတွက် ယခုနှစ် တောင်သူအချို့သာ ပြည်တွင်းဈေးကွက်သာ ရည်ရွယ်စိုက်ပျိုးကြပြီး အချို့က တရုတ်လုပ်ငန်းရှင်နှင့် ပေါင်း၍ လာအိုနိုင်ငံနယ်စပ်ဘက်တွင် သွားရောက် စိုက်ပျိုးကာ တရုတ်ဈေးကွက်သို့ တင်ပို့ရန် လုပ်ဆောင်လာခြင်းဖြစ် သည်။
မြန်မာနိုင်ငံတွင် ဖရဲ သခွားစိုက်ပျိုးဧက ၁ သိန်းခွဲနီးပါးရှိရာ ပုံမှန်နှစ်များတွင် ဖရဲစိုက်ဧက ၇ သောင်း နီးပါးကို တရုတ် လုပ်ငန်းရှင်များက မြေငှားရမ်းစိုက်ပျိုးခြင်း၊ အကျိုးတူစိုက်ပျိုးခြင်းများ ပြုလုပ်ကြသည်။
ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် တဦးက “ဖရဲ၊ သခွားတွေက ပြီးခဲ့တဲ့နှစ်က မိုင်းလားဘက်က သွားတယ်။ ဒီနှစ်ကျတော့ တော်တော်လေး မစိုက်သလောက် ဖြစ်သွားတယ်။ လာအိုဘက်ကို သွားပြီး မြေဌားစိုက်ကြတယ်။ အလုပ်သမားအဖြစ် လည်း တချို့က သွားကြတယ်။ အဲဒီလာအိုဘက်ကနေ ဖရဲ၊ သခွားစိုက်ပြီး တရုတ်ပြည် တင်ပို့နေကြတယ်။ ရာခိုင်နှုန်း အားဖြင့် ၃ ပုံ ၁ ပုံလောက်ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းကဲ့သို့ ရွှေ့ပြောင်းစိုက်ပျိုးခြင်းကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း ထိခိုက်ခဲ့သော မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍတွင် ထပ်မံ၍ အနုတ်လက္ခဏာ ဖြစ်လာနိုင်သလို သစ်သီးဝလံ ပြည်ပပို့ကုန်တွင်လည်း လျော့ကျမှု ရှိလာနိုင်ကြောင်း လုပ်ငန်းရှင် များက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၅ရက်က စတင်ခဲ့သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ပြည်ခရီးစဉ်တွင် တရုတ်ဝန်ကြီးချုပ် လီချန်းနှင့် တွေ့ဆုံရာ နယ်စပ်ကုန်သွယ်ရေး အရေးကြီးကြောင်း ပြောဆိုပြီး တရုတ်ကုန်သည်များကို လည်း ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်သော်လည်း နယ်စပ်ကုန်သွယ်ရေးမှာ ပြန်ဖွင့်နိုင်မည့် အလားအလား မတွေ့ ရသေးပါ။
ထိုသို့ဈေးကွက်ထိခိုက်နေချိန် စစ်ကောင်စီက ပို့ကုန်ရငွေအပေါ် ရာခိုင်နှုန်းဖြတ်ရာတွင် ယခင်က ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ ရော်ဘာအစရှိသည့် သီးနှံများသာ ပါဝင်သော်လည်း ယခုအခါ ဖရဲ၊ သခွား အပါအဝင် သစ်သီးဝလံများကိုပါ ပို့ကုန်ရငွေ ၂၅ ရာခိုင်နှုန်းအား သတ်မှတ်ဈေးဖြင့် လဲလှယ်ရမည်ဟု ထုတ်ပြန်ထားသည်။
“ငွေကြေးဖြတ်တောက်မှုပါ ကုန်သည်တွေကို လုပ်မှာဆိုတော့ ဒါကလည်း ထိုးနှက်ချက် တခုပဲ။ အဲဒါကြောင့် ဖရဲ၊ သခွား သမားတွေအတွက် ဘယ်လိုမှ တွက်ခြေမကိုက်ဘူးပေါ့။ လာအိုသွားတယ်ဆိုတာက တရုတ်ဘက်ကနေ မြေငှားပေးတယ်။ တရုတ်နဲ့ မြန်မာလုပ်ငန်းရှင်နဲ့ ပေါင်းပြီး စိုက်ပျိုးရေး လုပ်ကြတယ်။ ပြီးရင် တရုတ်ဘက်က ဝယ်တယ်ပေါ့။ အဲလိုမျိုးလုပ် ကြတာ”ဟု ကုန်သည် လုပ်ငန်းရှင်တဦးက ရှင်းပြသည်။
စီးပွားရေး ဈေးကွက်အနေဖြင့်လည်း လာအိုနိုင်ငံသည် လွတ်လွတ်လပ်လပ်နှင့် လုပ်ကိုင်နိုင်သလို သယ်ယူပို့ဆောင်ရေးမှာ လည်း အခက်အခဲမရှိသဖြင့် ကုန်သည်၊ လုပ်ငန်းရှင်များအနေဖြင့် စိတ်အေးအေးနှင့် လုပ်ကိုင်၍ ရသဖြင့် ပြောင်းရွှေ့သွား ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
နောက်ထပ် သစ်သီးဝလံကုန်သည်တဦးက “တခုက တရုတ်ကြိုက်တဲ့ ဖရဲက မြန်မာမှာ စိုက်တာနဲ့ လာအိုမှာ စိုက်တာနဲ့ ယှဉ်ရင် မြန်မာမှာ စိုက်တဲ့ ဖရဲက အရည်သွေးပိုကောင်းတယ်။ ပိုချိုတယ်ပေါ့။ လာအိုကတော့ အဲဒီလောက်မကောင်းဘူး။ ဒါပေမယ့် မိုင်းလားကို တင်ပို့ရတဲ့အခါ ကုန်ကျစရိတ်များသလို ရက်တွေ ကြာတာကြောင့်လည်း ဟိုရောက်ရင် အသီး တွေက ပုပ်တာတွေနဲ့ ရောင်းပန်းမလှတော့ဘူးဖြစ်သွားတယ်။ အဲဒီတော့ ဖရဲ၊ သခွားဝယ်လက်တွေက မနှစ်ကတည်းက လာအို နယ်စပ်ကို ရောက်ကုန်တယ်။ ဈေးကွက် လိုအပ်ချက်အရ အသီးလှတဲ့ နေရာပြေးကြတာပေါ့။ ဒါကြောင့်လည်း လာအိုဘက် ရွှေ့ကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လာအိုနယ်စပ်ဒေသတွင် စိုက်ပျိုးထုတ်လုပ်ခြင်းမှာ တရုတ်စီးပွားရေး လုပ်ငန်းရှင်များကသာ မြန်မာကုန်သည်၊ တောင်သူ များကို ဦးဆောင်ခေါ်သွားခြင်းဖြစ်ပြီး လက်ရှိတွင် မည်သူ၊ မည်ဝါသွားရောက်လုပ်ကိုင်နေသည်ကို မသိရသေးကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “တရုတ်ကခေါ်လို့ မြန်မာစိုက်ပျိုးတဲ့သူတွေ ပါသွားတာပေါ့။ ကျမတို့ စိုက်ပျိုးရေးထဲက နာမည်ကြီး တွေ ပါ၊ မပါတော့ မသိရဘူး။ အခုကလည်း အကုန်ဖမ်းတယ်ဆိုတော့ အပြင်ထွက်ပြီး သိပ်မပြောရဲကြဘူး”ဟု လက်ရှိ အခြေအနေကို ပြောပြသည်။
ဖရဲ၊ သခွားကို မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်တို့တွင် အဓိက စိုက်ပျိုးသလို ရန်ကုန်တိုင်းရှိ ဒိုက်ဦး၊ ခရမ်းသုံးခွ၊ လှည်းကူး တို့တွင်လည်း စိုက်ပျိုးပြီး ပဲခူးတိုင်း၊ ဟင်္သာတ၊ နေပြည်တော် ပျဉ်းမနား အစရှိသည့် ဒေသများတွင် အများဆုံးစိုက်ပျိုးကာ တရုတ်ပို့သည့် ဖရဲမျိုးကို အများဆုံးစိုက်ပျိုးကြပြီး မိုးဖရဲကို စက်တင်ဘာလနှင့်အောက်တိုဘာလ၊ ဆောင်းဖရဲအား ဒီဇင်ဘာနှင့် ဇန်နဝါရီလ၌ စိုက်ပျိုးလေ့ရှိပြီး၊ နှစ်စဉ် တန်ချိန် ၆ သိန်းမှ ၈ သိန်းကြား တင်ပို့လျက်ရှိပြီး ဈေးကွက်အချိန်မှာ နိုဝင်ဘာလမှ မေလအထိ ဖြစ်သည်။
စစ်တပ်အာဏာ မသိမ်းခင်က ဖရဲ၊ သခွားမွှေးအပါအဝင် သစ်သီးဝလံတင်ပို့မှုမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါး နိုင်ငံ့ ဝင်ငွေ ရှာဖွေပေးနိုင်ခဲ့သည်။
You may also like these stories:
သစ်သီးဝလံများ မိုင်းလားမှတဆင့် တရုတ်ဈေးကွက်သို့ တင်ပို့
တရုတ်နယ်စပ်ကုန်သွယ်ရေး ရပ်သဖြင့် စိုက်ပျိုးရေးပို့ကုန် အခက်ကြုံ
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကျဆင်း