ရှမ်းမြောက်ဒေသ မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်၌ တရုတ်နှင့် ကူးလူးဆက်ဆံန်ိုင်သော ဂိတ် ၅ ခု အနက် တိုက်ပွဲများ အပြီး ဆင်ဖြူဂိတ်မှ မြန်မာဘက်သို့ ကုန်စည်ပို့နေရာ နိုဝင်ဘာ ၉ ရက်က မန်ဝိန်းဂိတ်မှသာ ခွင့်ပြုတော့မည် ဟု ယူနန် ပြည်နယ်အစိုးရက ထုတ်ပြန်သော်လည်း ယခုတိုင် ဖွင့်လှစ်ခြင်းမရှိသေး၍ ကုန်သည်များ စောင့်ဆိုင်းနေရကြောင်း သိရသည်။
၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ကျင်စန်းကျော့၊ ပန်ဆိုင်း၊ ဆင်ဖြူ၊ မန်ဝိန်း၊ နန်းတော်ဂိတ်တို့ရှိသည့်အနက် မန်ဝိန်း၊ နန်းတော်နှင့် ဆင်ဖြူဂိတ်တို့သာ စစ်ကောင်စီက ထိန်းချုပ်နိုင်ပြီး ကျန်သည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လက်လွှတ် ထားရသည်။
ကုန်စည်သယ်ယူပို့ဆောင်သည့် ကားသမားတဦးက “လက်ရှိမှာ မန်ဝိန်းဂိတ်ကို တရုတ်က ဖွင့်တယ်။ မြန်မာဘက်ကတော့ မဖွင့်ဘူး။ မြန်မာဘက်ကကျတော့ ဆင်ဖြူဂိတ်ဘက်က ထုတ်ခိုင်းတယ်၊ တရုတ်ဘက်ကကျတော့ မန်ဝိန်းဂိတ်ဘက်က ထုတ်စေချင်တာ။ အဲဒီလို ကွဲလွဲနေတယ် သူတို့ ညှိနှိုင်းနေတာ မပြီးသေးလို့ နေမယ်။ တန်းစီနေတဲ့သူလည်း တော်တော်များတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဂိတ်အား စတင်ဖွင့်မည်ဆို၍ ယမန်နေ့ကတည်းက တန်းစီစောင့်ဆိုင်းနေကြသူများပြားပြီး ညနေပိုင်းထိ မြန်မာဘက် ခြမ်းမှ ပေးမဝင်ကြောင်း တန်းစီနေသူများက ဆိုသည်။
“ဂိတ်မဖွင့်တာတော့ ဒီနေ့ မနက်ထဲက မဖွင့်တာ။ ကုန်တခေါက် တခေါက်ရဖို့ ကမလွယ်ဘူးလေ။ အခုတော့ ကုန်သည်တွေ ဒုက္ခရောက်နေတာပေါ့” ဟု ၎င်းက ပြောသည်။
ယခင် ခရီးသည်တင် ယာဉ်များ၊ အိမ်စီးကား၊ နှစ်ဘီး၊ သုံးဘီးဆိုင်ကယ်၊ ဘေးတွဲ၊ လက်တွန်းလှည်း၊ ဆိုက်ကားများဖြင့် တနိုင်တပိုင် တဆွဲတပိုး တရုတ်ယွမ် ၈၀၀၀ အထိ ကုန်ပစ္စည်း သယ်ဆောင်ခွင့်ပေးသည့် ဆင်ဖြူဂိတ်မှာမူ ယမန်နေ့က လူဝင်လူထွက်သာ ခွင့်ပြုတော့ ကြောင်း သိရသည်။
မူဆယ်ဒေသခံ တဦးက “မနေ့မနက်တော့ ဆင်ဖြူဂိတ်မှာ ဆိုင်ကယ်အသစ်တွေရော၊ ဆိုင်ကယ်ပေါ်မှာတင်ထားတဲ့ ပစ္စည်း တနိုင်တပိုင်ရော၊ ကားပေါ်မှာတင်ထားတဲ့ ပစ္စည်း တနိုင်တပိုင်ရော၊ လူမှာပါတဲ့ ပစ္စည်း တနိုင်တပိုင်တွေရော လုံးဝ မထွက်ခိုင်းဘဲ တရုတ်က နောက်ပြန်လှည့်ခိုင်းတယ်။ ပစ္စည်းတွေ ပြန်ချခိုင်းတယ်” ဟု ယနေ့ အခြေအနေကို ဧရာဝတီသို့ ပြောသည်။
တရုတ်အစိုးရက စစ်ကောင်စီအား တိုက်ခိုက်နေသော တိုင်းရင်းသား လက်နက်ကိုင်များကို ဖိအားပေးသည့်အနေဖြင့် အောက်တိုဘာ ၂၂ ရက်မှစ၍ နယ်စပ်ဂိတ်မှမြန်မာဘက်သို့ တင်ပို့နေသော စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ စက်သုံးဆီအစရှိသည့် ကုန်စည်များကို တင်သွင်းခွင့် ရက်အကန့်အသတ်မရှိ ပိတ်လိုက်ခြင်း ဖြစ်သည်။
ထို့အတူ စစ်ကောင်စီကလည်း တရားမဝင် ကုန်စည်တိုက်ဖျက်ရေး အမည်ခံ၍ တရုတ်အစိုးရနှင့်ပေါင်းပြီး ကုန်စည်များ ဝင်မလာစေရေး နယ်စပ်ဂိတ်များ ပိတ်ထားကာ ဝင်လာသည့် ကုန်များကိုလည်း ဖမ်းသဖြင့် ပြည်တွင်း၌ ကုန်စည်ပြတ်ကာ ဈေးနှုန်း အဆမတန်တက်နေ၍ ပြည်သူတို့မှာ ရှားပါးမှုနှင့် ကြုံနေရသည်။
မူဆယ် ဒေသခံ နောက်တဦးက “ဆင်ဖြူဂိတ်ကတော့ သုံးဘီးတွေ၊ ဆိုင်ကယ်တွေ ပေးမထွက်တော့ဘူး။ မန်ဝိန်းဂိတ်က ဖွင့်ပေးမယ် ဆိုပေမယ့် စောင့်တော့ ကြည့်ရဦးမယ်။ အခုကတော့ ကုန်ဈေးနှုန်းတွေက တက်နေ တာပေါ့” ဟု ဆိုသည်။
တရုတ်ဘက်မှ စက်သုံးဆီအပြင် စားသောက်ကုန်၊ ဆေးဝါးများကိုပါ မြန်မာဘက်သို့ တင်ပို့ခွင့်ပိတ်ထားသောကြောင့် မူဆယ်မြို့တွင် စက်သုံးဆီ တလီတာ ကျပ် ၉၀၀၀ ကျော်မှ ၁၅၀၀၀ နီးပါးအထိမြင့်တက်နေသလို လိုသလောက်လည်း ဝယ်ယူ၍ မရကြောင်း ဆန်တပြည် (အချော) လျှင် ယခင်က ၈၀၀၀ ကျပ်အများဆုံးရှိရာမှ ယခုအချိန်တွင် ၁၂၀၀၀ ကျပ် အထိ မြင့်တက်နေကြောင်း ၎င်းက ပြောသည်။
နယ်စပ်ကုန်သည်ကြီးတဦးက “တိုင်းရင်းသားဘက်ကလည်း ထိန်းထားတာပဲရှိတာ၊ အဝင်/အထွက်ကို ပေးလုပ်တယ်။ ဆက်ကြေးတော့ ကောက်တာပေါ့။ ဒါကြောင့်လည်း စကစက အော်တာပေါ့။ အခုလည်း တရုတ်က လူမြင်မကောင်းလို့ အပေါက်ရွှေ့တဲ့ သဘောပဲ။ ဒီဘက်ကျတော့ မြင်နေတာပေါ့။ တရုတ်က လူပါးဝတာပဲ ခံနေရတာ။ သူတို့ဆီက ပစ္စည်း ထုတ်တာ လူမမြင်စေချင်လို့ လုပ်တာ။ သူတို့ (တရုတ်) လိုချင်တဲ့ ကျောက်၊ သစ်၊ သတ္တုတို့ဆို အကုန်ဖွင့်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရွှေလီနယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး တရုတ်ဘက်မှ တရားဝင်ဂိတ်များမှသာ ကုန်သွယ်ရန် ခိုးပေါက်များက မထုတ်ရဟု ပြောဆိုနေသော်လည်း မြန်မာဘက်မှ ၎င်းတို့ လိုအပ်သော ကျောက်မျက် ရတနာ၊ ပဲ၊ သစ် အစရှိသည့် ကုန်စည်များကို တင်သွင်းခွင့်ပေးကြောင်း ကုန်သည်များထံက သိရသည်။
ယခုအခါ တရုတ်ဘက်မှ မြန်မာဘက်သို့ တင်သွင်းခွင့်ပိတ်ထားခြင်းကြောင့် မူဆယ်နှင့် နမ့်ခမ်းမြို့တို့တွင် စက်သုံးဆီ၊ စားသောက်ကုန်၊ ဆေးဝါးများပါပြတ်လပ်နေကြောင်း သိရသည်။
You may also like these stories:
တရုတ်ပိတ်ဆို့မှု တပတ်အကြာ ရှမ်းမြောက်နှင့် ကချင်၌ စက်သုံးဆီပြတ်
စစ်ကောင်စီကဖမ်း တရုတ်က ပိတ်၍ ပြည်တွင်း၌ ကုန်စည်ပြတ်လပ်
တရုတ်နယ်စပ်ဂိတ်များ ပြန်ဖွင့်ဖို့ မျှော်လင့်ချက်မရှိသေး