၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ပထမဆုံး တရုတ်ခရီးစဉ်တွင် ကူမင်း သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၊ ချုံချင့်မြို့မှ ချောင်းဂါယော လေကြောင်းမီးသတ် ဒရုန်းကုမ္ပဏီလည်း ပါဝင်သည်။
မင်းအောင်လှိုင်သည် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် ထောက်လှမ်းရေးအတွက် ဒရုန်းနည်းပညာကို ကူမင်းတွင် လေ့လာသည်ဟု စစ်ကောင်စီမီဒီယာက ဖော်ပြသည်။ ချုံချင့်တွင် စစ်ကောင်စီခေါင်းဆောင်သည် အဆင့်မြင့် ကယ်ဆယ်ရေးဒရုန်းများ သရုပ်ပြခြင်းကို ကြည့်ရှုပြီးနောက် ချီးကျူးသည်။
စစ်ကောင်စီသည် ယခုနှစ်အစောပိုင်းက ပြုလုပ်သည့် တန်ပြန်ထိုးစစ်တွင် မောင်းသူမဲ့ လေယာဉ်များ (UAVs) ကို ပိုမိုမှီခိုလာစဉ်တွင် တရုတ်ဒရုန်းများကို မင်းအောင်လှိုင် အာရုံစိုက်ခြင်း ဖြစ်ပေါ်လာသည်ဟု စစ်မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီနှင့် ပျူစောထီးအပါအဝင် မဟာမိတ် ပြည်သူ့စစ်များသည် နိုင်ငံတကာ ထုတ်လုပ်သူများထံမှ တရားဝင် ဝယ်ယူထားသည့် အဆင့်မြင့်နည်းပညာ ဒရုန်းများကို ဖြန့်ကြက်နေသည်ဟု အဆိုပါ သတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တိုက်ပွဲများအတွင်း တာဝေးပစ် အမြောက်များနှင့် လေတပ်ကို အကြီးအကျယ် အားကိုးသော်လည်း ၂၀၂၄ ခုနှစ် အစောပိုင်းမှစတင်ပြီး ဒရုန်းများဘက်သို့ ပိုမို စိတ်တိမ်းညွှတ်လာသည်ဟု တော်လှန်ရေးသမားများက ပြောသည်။
“သူတို့ ဒီနှစ် စစ်ဆင်ရေးတိုင်းမှာ ဒရုန်းအသုံးပြုနေတယ်” ဟု ကရင်နီ (ကယား) ပြည်နယ်မှ တော်လှန်ရေးသမားတဦးက ပြောသည်။ “ကျနော်တို့ရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် သူတို့ အကြီးအကျယ် ခံရပြီးနောက် ဒရုန်းတွေ ဘယ်လောက် ထိရောက်တယ်ဆိုတာကို သူတို့ သဘောပေါက်လာကြတယ်” ဟု ၎င်းက ပြောသည်။
တော်လှန်ရေး ဒရုန်းတပ်များသည် ကချင်၊ ရင်၊ ရခိုင်၊ ချင်းပြည်နယ်များမှ ထိုးစစ်များနှင့် ရှမ်းပြည်မြောက်ပိုင်းမှ ညီနောင်မဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။
ရှမ်းပြည်မြောက်ပိုင်းမြို့တော် လားရှိုးမှ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နှင့် တနိုင်ငံလုံးမှ ဗျူဟာကုန်းများနှင့် စခန်းများကို သိမ်းပိုက်ရာတွင် ဒရုန်းများသည် အရေးပါသည်။
စစ်ကောင်စီသည် အရှုံးများမှ လေ့လာနေပုံရပြီး တန်ပြန်ထိုးစစ်များတွင် ဒရုန်းများ အသုံးပြုသည်။
အောက်တိုဘာလ ၃၀ ရက်နေ့တွင် စစ်ကောင်စီမဟာမိတ် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) က ရှမ်း-ကရင်နီ နယ်စပ်တွင် ထွက်ပြေးနေသည့် ဒေသခံယာဉ်တန်းကို ဒရုန်းဖြင့် မှားယွင်းပစ်ခတ်သောအခါ ၈ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် အရပ်သား သုံးဦး သေဆုံးသည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။
စစ်ကောင်စီသည် မြန်မာနိုင်ငံအလယ်ပိုင်းမှ ပျူစောထီး ပြည်သူ့စစ်များကို ဒရုန်းများနှင့် အခြားလက်နက်များ ထောက်ပံ့နေသည်ဟု ထိုဒေသမှ တော်လှန်ရေးအင်အားစုများက ပြောသည်။
“ပျူစောထီးတွေ သုံးနေတဲ့ ဘယ်ဒရုန်းမှ လက်လုပ် မဟုတ်ဘူး” ဟု စစ်ကောင်စီဆန့်ကျင်ရေး မြောင် ဒရုန်းတပ်ဖွဲ့ခေါင်းဆောင် ကျားခင်စိန်က ပြောသည်။
“သူတို့ကို စစ်ကောင်စီက အရာရာ ထောက်ပံ့နေတယ်။ သူတို့ဟာသူတို့ လက်နက်ထုတ်လုပ်ဖို့ အသိပညာနဲ့ ရင်းမြစ်တွေ သူတို့မှာ မရှိဘူး။ စစ်တပ်က သူတို့ကို ဒရုန်းတွေနဲ့ တခြားလက်နက်တွေ ထောက်ပံ့နေတယ်” ဟု ၎င်းက ပြောသည်။
ကချင်ပြည်နယ်မှ ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က တရုတ်လုပ် CZ 55 VTOL ကို ပြသသည့် ဗီဒီယိုကို မကြာသေးမီက ထုတ်ပြန်လိုက်သောအခါ ပြည်သူ့စစ်များကို စစ်ကောင်စီက ဒရုန်းများ ထောက်ပံ့နေသည့် အထောက်အထားများ ထွက်ပေါ်လာသည်။
စစ်ကောင်စီ၏ ဒရုန်းစစ်ရေးသည် အောက်တိုဘာလ ၂၂ ရက်နေ့တွင် အရှိန်မြင့်လာပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၇ ဌာနချုပ်ကို ပထမဆုံးအကြိမ် အသေခံ ကာမိကာဇေ ဒရုန်းဖြင့် တိုက်သည်။
အပျက်အစီး ပိုမိုများစွာ ဖြစ်လာစေသည့် ဒရုန်းများကို သတိထားနေရကြောင်း စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများက ပြောသည်။
“စစ်ကောင်စီက စစ်ဘက်သုံးနဲ့ စီးပွားရေးလုပ်ငန်းသုံးဒရုန်း နှစ်မျိုးလုံး အမျိုးစုံကိုသုံးနေတယ်” ဟု အမည်မဖော်လိုသည့် ဒရုန်းကျွမ်းကျင်သူတဦးက ပြောသည်။
“တာဝေးပျံ စစ်ဘက်ဒရုန်းတစင်းကို (ရှမ်းပြည်နယ်) နောင်ချိုက စစ်တပ်တွေဆီကနေ သိမ်းဆည်းမိတယ်” ဟု ၎င်းကပြောပြီး ထိုသို့သော အဆင့်မြင့် ကိရိယာများသည် လူအင်အားနှင့် ပေါင်းစပ်အသုံးပြုရသည့် ကိရိယာများ ပိုမိုလိုအပ်ကြောင်း ရှင်းပြသည်။
“စစ်ကောင်စီဟာ စီးပွားရေးလုပ်ငန်းသုံး ဒရုန်းတွေက ဈေးပေါပြီး စစ်ဘက်သုံးဒရုန်းထက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ရနိုင်လို့ အဲဒါတွေကို ဗုံးချဖို့ ပိုမိုအသုံးပြုတယ်။ အဲဒါတွေထက် အသုံးပြုရတာ လွယ်ကူပေးမယ့် ဂျမ်မာကြောင့် ထိခိုက်နိုင်ခြေ ပိုများတယ်။ ဒါပေမယ့် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဂျမ်မာရဖို့ နည်းလမ်း နည်းနည်းပဲရှိတော့ စစ်ကောင်စီရဲ့ ဒရုန်းတိုက်ခိုက်မှုကို တန်မပြန်နိုင်ဘူး” ဟုလည်း ၎င်းကပြောသည်။
စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး တင်အောင်စန်းသည် ဧပြီလက သူ၏ ဘေဂျင်းခရီးတွင် စစ်ဘက်သုံး ဒရုန်းများနှင့် အခြားလေကြောင်း ကာကွယ်ရေးနည်းပညာများတွင် တရုတ်ထုတ်လုပ်သူများနှင့် ဖြစ်နိုင်ခြေရှိသော ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးသည်ဟု စစ်ကောင်စီမီဒီယာက ဖော်ပြသည်။
မင်းအောင်လှိုင်သည် ကူမင်းနှင့် ချုံချင့်ခရီးတွင် ထိုအစီအစဉ် ဆက်လက်လုပ်ဆောင်ခြင်း ဖြစ်ပုံရသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Chief Homes in on Chinese Drones as Resistance-Buster ကို ဘာသာပြန်သည်။)
You may also like these stories:
တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား
စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ် ဘာတွေအကျိုးအမြတ်ရခဲ့လဲ
မြန်မာမှ ယူကရိန်းအထိ ဒရုန်းစစ်ရေး အပြောင်းအလဲဖြစ်နေ
တရုတ်ဆီက စစ်ကောင်စီ လက်နက်များ ဝယ်ယူ
တော်လှန်ရေးအဖွဲ့များထံမှ လေ့လာပြီး စစ်ကောင်စီ ဒရုန်းတပ်ဖွဲ့ကို ဖွဲ့စည်း