စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့ရှိ BYD လျှပ်စစ်မော်တော်ယာဉ် (EV) ဌာနချုပ်သို့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် သွားရောက်သည်။ သူ၏သား အောင်ပြည့်စုံသည် ထို EV ကားများကို မြန်မာသို့ တင်သွင်းနေသည်။
BYD ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ ဂျီလီယန်လီက စစ်ခေါင်းဆောင်ကို ကြိုဆိုပြီး မော်တော်ယာဉ်များနှင့် ဘက်ထရီများ ထုတ်လုပ်မှုကို ပြသသည်။
၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် မြန်မာသို့ BYD ကား အနည်းဆုံး ၆၇၁ စီး တင်သွင်းပြီးဖြစ်သည်။
ကုမ္ပဏီ သုံးခုသည် မြန်မာတွင် BYD ကားများ ရောင်းချနိုင်သည်ဟု ကားအရောင်းအဝယ်သမားများက ပြောသည်။ EV Power, Essential Motors နှင့် Prime Auto တို့ဖြစ်ပြီး အောင်ပြည့်စုံသည် ထိုကုမ္ပဏီ သုံးခုအနက် နှစ်ခုတွင် ရင်းနှီးမြှုပ်နှံထားသည်။
BYD ဌာနချုပ်သို့ မင်းအောင်လှိုင် သွားရောက်ခြင်းသည် မိသားစုစီးပွားရေး အကျိုးစီးပွားကို ခိုင်မာအောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကားလုပ်ငန်းတွင် လုပ်ကိုင်နေသူများက ပြောသည်။ မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန်သည် မြန်မာသို့ MG လျှပ်စစ်ကားများ တင်သွင်းသည့် လုပ်ငန်းကို ထိန်းချုပ်ထားသည်။
ရန်ကုန်မှ ကုန်သည်တဦးက “သူ (မင်းအောင်လှိုင်) အဓိက အာရုံစိုက်တာက မိသားစုစီးပွားရေး အကျိုးအမြတ်ပဲ။ သူက ဆွေမျိုးကောင်းစားရေးကို ကျင့်သုံးတယ်။ သူ့သားက BYD ကားတွေ တင်သွင်းပြီး ငွေအများအပြား ရနေတယ်” ဟု ပြောသည်။
မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် မြန်မာ၏ အကြီးမားဆုံး ကုန်သွယ်ဖက် တရုတ်နိုင်ငံသို့ ပထမဆုံးခရီးအဖြစ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးဆွေးနွေးပွဲတက်ရန် ကူမင်းသို့ သွားရောက်ခဲ့သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် လျှပ်စစ်ကားနှင့် ဘက်ထရီများကို အထူးအခွင့်အရေးများ ပေးပြီး လောင်စာ၊ စားသုံးဆီနှင့် ဆေးဝါးများအပေါ် ချမှတ်သည့် အခွန်များမှ ကင်းလွတ်ခွင့်ပေးသည်။ အခြားသွင်းကုန်များအတွက် စစ်ကောင်စီထိန်းချုပ်သည့် နိုင်ငံခြားငွေ လဲလှယ်ရေး ကြီးကြပ်ကော်မတီ၏ ခွင့်ပြုချက် လိုအပ်သည်။
BYD သည် ယခုနှစ်တွင် Tesla ကို ကျော်တက်ပြီး ကမ္ဘာ့အရောင်းရဆုံး လျှပ်စစ်ကား အမှတ်တံဆိပ် ဖြစ်လာသည်။
ထိုလုပ်ငန်းသည် တတိယ သုံးလပတ်အရောင်း အမေရိကန် ဒေါ်လာ ၂၈ ဘီလီယံရှိပြီး ယခင်နှစ်ကထက် ၂၄ ရာခိုင်နှုန်းတိုးတက်ကာ Tesla က ဒေါ်လာ ၂၅ ဘီလီယံဖိုးသာ ရောင်းရသည်။
၂၀၁၁ ခုနှစ်တွင် မင်းအောင်လှိုင် စစ်တပ်အကြီးအကဲ ဖြစ်လာပြီးနောက် အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်သည် ပုဂ္ဂလိကချမ်းသာကြွယ်ဝမှုများ သိသိသာသာ တိုးတက်လာပြီး အသက် ၄၀ ဝန်းကျင်တွင် ထိပ်တန်းခရိုနီများ ဖြစ်လာသည်။
နိုင်ငံသားအများစု စီးပွားရေး အခက်အခဲများ ရင်ဆိုင်နေရသော်လည်း လျှပ်စစ်မော်တော်ယာဉ်များကို စစ်ကောင်စီထိန်းချုပ် မီဒီယာတွင် အကြီးအကျယ် ကြော်ငြာသည်။
ခင်သီရိသက်မွန်သည် MG ကားများ တင်သွင်းသည် NPK Motors ကို ပိုင်ဆိုင်ပြီး နေပြည်တော်နှင့် အခြားမြို့ကြီးများတွင် လျှပ်စစ်အားသွင်းရုံများ ဖွင့်ထားသည်။ မေလအထိ လျှပ်စစ်မော်တော်ယာဉ် ၅၄၂ စီး တင်သွင်းထားသည်ဟု ထိုကုမ္ပဏီက ပြောသည်။
စစ်ကောင်စီနှင့် ခရိုနီများသည် လျှပ်စစ်ကားတင်သွင်းမှုမှ အကျိုးအမြတ်ရနေသော်လည်း အခြေခံ အဆောက်အအုံ တည်ဆောက်ရန်နှင့် ထိုကားများကို မြန်မာတွင် အသုံးပြုရန် လုံလောက်သော လျှပ်စစ်ဓာတ်အား ပေးနိုင်ခြင်း မရှိကြောင်း ကားအရောင်းအဝယ်လုပ်သူ တဦးက ပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်တွင် နိုင်ငံခြားသုံးငွေ မရှိသောကြောင့်ဟုဆိုကာ လောင်စာဆီသုံး ယာဉ်များ တင်သွင်းခွင့် မပေးဘဲ လျှပ်စစ်ကားများကို အားပေးနေသောကြောင့် ကားလုပ်ငန်းကို ထိခိုက်နေသည်ဟု ၎င်းက ဆက်လက်ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Chief Bolsters Family EV Business with BYD Visit ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ခေါင်းဆောင် သားနှင့်သမီးတို့ အုပ်စီးထားသည့် လျှပ်စစ်ကား လုပ်ငန်း
EV ကားတင်သွင်းသူ ကြည်သာဟန် ဘာကြောင့် အဖမ်းခံရလဲ
အရှေ့တောင်အာရှ EV ကား ဈေးကွက်ကို တရုတ် BYD သိမ်းပိုက်ထား
မင်းအောင်လှိုင်၏ လျှပ်စစ်ကား အိပ်မက်
ပြည်သူကို မီးမှန်အောင်မပေးနိုင်ဘဲ လျှပ်စစ်ကားအားသွင်းရုံများ ဆောက်ရန်ပြင်နေ
မြန်မာပြည်က EV မင်းသမီး သို့မဟုတ် ဒေါ်ခိုင်ဇော်