ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းကို အဓိကဆက်သွယ်ထားသည့် ရပ်စောက်-ကျောက်ဂူလမ်းပိုင်းကို နိုဝင်ဘာ ၁၁ ရက် ည ၇ နာရီက စစ်ကောင်စီမှ ပိတ်လိုက်သလို မိုင်းရယ်-လားရှိုးလမ်းကိုလည်း ယမန်နေ့က ပိတ်လိုက်သည်။
ရပ်စောက်-ကျောက်ဂူလမ်းသည် ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းကို ဆက်သွယ်ရာတွင် အတိုဆုံးနှင့် အမြန်ဆုံး လမ်းဖြစ်၍ ခရီးသည်နှင့် ကုန်တင်ယာဉ်များသာမက ရှမ်းမြောက်မှ စစ်ရှောင်များလည်း အများဆုံး အသုံးပြုရာ ယခု အခါ ရပ်စောက်မြို့နယ် ဗထူးတပ်မြို့ဂိတ်မှ ရက်အကန့်အသတ်မရှိ ပိတ်သဖြင့် မန္တလေးမှ ရှမ်းမြောက်သို့ သွားမည့် သူများမှာ တောင်ကြီး၊ ဟိုပုံး၊ ကျောက်တန်း၊ ပင်လုံ၊ လဲချား၊ ကျေးသီးမိုင်းရယ်၊ လားရှိုးလမ်း ကို သုံးနေရကြောင်း သိရသည်။
ယခုအခါ စစ်ကောင်စီက ဖြတ်သန်းခွင့်မပြုတော့ပဲ ဗထူးတပ်မြို့ဂိတ်မှစ၍ ပိတ်လိုက်သဖြင့် ကားများနောက်ပြန်လှည့်၍ တခြား ရှောင်ကွင်းလမ်းများမှ သွားနေရသဖြင့် ကုန်ကျစရိတ်ပိုများလာကြောင်း၊ အလားတူ ရှမ်းမြောက်ဒေသရှိ မိုင်းရယ်နှင့် လားရှိုးလမ်းလည်း ပိတ်ဆို့ထားကြောင်း ကုန်တင်ယာဉ်မောင်းများက ဆိုသည်။
ရှမ်းပြည်မြောက်ပိုင်းသို့ ကုန်နှင့် ခရီးသည် သယ်ယူပို့ဆောင်နေသည့် ယာဉ်မောင်းတဦးက “မနေ့ညနေပိုင်းလောက်မှာ ပိတ်တာ။ မိုင်းရယ်၊ ဟိုယကနေ စပြီးပိတ်လိုက်တာ။ ရပ်စောက်ဘက်ကဆိုရင် ဗထူးကစပြီးတော့ ပိတ်ထားတာ။ ရှမ်းမြောက်ကိုသွားတဲ့ ခါလီကားတောင် ပေးမဖြတ်ဘူး။ ကုန်တော့ ပိုဆိုးတယ်။ လားရှိုးဘက်ကလာရင် ကုန်ရောလူရော လာလို့မရဘူး။ အိမ်စီးကားလေးတွေတော့ သွားလို့ရတယ်။ ဒါတောင် ထောက်ခံစာပါမှ၊ လားရှိုးမှာ နေတဲ့သူသေချာမှ၊ ၁၃ မျဉ်းစောင်း ထောက်ခံစာအတိအကျရှိမှ သွားရတယ်။ အခုတော့ အကုန်ပိတ်လိုက်တာ” ဟု ဧရာဝတီကို ပြောသည်။
ရပ်စောက်-ကျောက်ဂူလမ်းမှ လားရှိုး၊ မူဆယ်၊ တန့်ယန်းဘက်သို့သွားသည့် ကုန်ကားနှင့် ခရီးသည်တင်ကားများမှာ လက်ရှိတွင် သွားလာ၍မရသဖြင့် အခြားသော ရှောင်ကွင်းလမ်းများမှ သွားမည်ဆိုလျှင်လည်း လမ်းကြေး၊ ဂိတ်ကြေးမှာ တောင်ကြီးမှ မူဆယ်အထိ ကားအသေးတစီးလျှင် ကျပ်သိန်း ၃၅ သိန်းအထိ ကုန်ကျစရိတ် ရှိကြောင်း ၎င်းက ရှင်းပြသည်။
မန္တလေးမှ ရှမ်းမြောက်သို့ ကုန်စည်သယ်ယူပို့ဆောင်နေသည့် ကုန်ကားလုပ်ငန်းရှင်တဦးက “ဗထူးဂိတ်ကနေ ပိတ်ထား တော့ ခိုလမ်တို့ဘာတို့လည်း သွားလို့မရတော့ဘူး။ ကျနော်တို့ တောင်ကြီးဘက်ကနေ ကျေးသီး-မိုင်းရယ်-လဲချား ဘက်က ပတ်ရင်တော့ရတယ်။ လမ်းကတော့ကောင်းတယ်။ ဒါပေမယ့် ဂိတ်တွေများတယ်။ စစ်တပ်ဂိတ်လည်း ရှိတယ်။ အဖွဲ့စုံပဲ။ တောင်ပိုင်း-မြောက်ပိုင်းအစပ်ဆိုတော့ ပအို့ဝ်လည်းရှိတယ်။ အခုလိုပိတ်လိုက်တော့ ကုန်ကျစရိတ်ကတော့ နှစ်ဆသုံးဆ လောက်ပိုများသွားမှာ” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့ ကုန်ကျစရိတ် ပိုမိုမြင့်တက်နိုင်သလို လမ်းကြောင်းမှာလည်း မန္တလေးမှ-ရှမ်းမြောက်သို့သွားလျှင် ရပ်စောက်လမ်း သည် ၂ ရက်ခန့် ကြာမြင့်ပါက တခြားလမ်းပိုင်းမှာ ၃ ရက်မှ ၄ ရက်အထိ ကြန့်ကြာနိုင်ကြောင်း ၎င်းက ဆိုသည်။
မန္တလေး-တောင်ကြီး-ပင်လုံ-လဲချား-ကျေးသီး-မိုင်းရယ်-လားရှိုးလမ်းမှသွားမည်ဆိုလျှင် မန္တလေး -နောင်ပိန်ရွာအထိ စစ်တပ် အပါအဝင် လက်နက်ကိုင် အဖွဲ့ပေါင်းစုံရှိပြီး လမ်းကြေး၊ တံတားကြေးမှာ ကုန်ကားအကြီးတစီးလျှင် ကျပ် ၁၄ သိန်းမှ ၁၇ သိန်းအထိ ကုန်ကျနိုင်ကြောင်း သိရသည်။
နောက်ထပ် ကုန်စည်သယ်ယူပို့ဆောင်နေသည့် လုပ်ငန်းရှင်တဦးက “စစ်ရေးလှုပ်ရှားမူကြောင့် ရပ်စောက်လမ်း ပိတ်ထားတာပါ။ ကုန်တွေအတက်ကားတွေ ပိတ်တယ်။၊ အဆင်းကားတွေတော့ ရတယ်။ စစ်ကောင်စီရဲ့ ဗထူးသင်တန်း ကျောင်းက စစ်သင်တန်းဆင်းပွဲလည်း ရှိတယ်ကြားတယ်”ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ဗထူးဂိတ်ဖွင့်စဉ်ကလည်း ကုန်ပေါ်မူတည်၍ ကားတစီးလျှင် ကျပ် ၁ သိန်းခွဲမှ ၂ သိန်းအထိ စစ်တပ်အား ပေးရပြီး ဆေးဝါးများကိုမူ ရှမ်းပြည်မြောက်ပိုင်းသို့ တင်ဆောင်ဖြတ်သန်းခွင့်မပြုကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “ဆန်တွေဘာတွေပါမယ်ဆိုရင် ဗထူးဂိတ်မှာတင် ကျပ် ၃/ ၄ သိန်း ပေးရတယ်။ ဒါတောင်ခိုးတင်ရတာ။ ပေါ်တင်ကားပေါ်တင်သွားလို့ မရဘူး။ ဆေးဝါးတော့ လုံးဝမရဘူး။ အခု ပိတ်လိုက်တော့ ပိုဆိုးတယ်ဆိုပေမယ့် လမ်းကြောင်းတွေကတော့ ရှိသေးတယ်ပေါ့နော်။ ဒါပေမယ့် လမ်းတွေပတ်သွားနေရတော့ ကုန်ကျစရိတ်တွေ ပိုတိုးလာမယ်။ ခရီးတွေကြန့်ကြာမယ်” ဟု ရှင်းပြသည်။
ထို့ပြင် စစ်ကောင်စီအနေဖြင့် ရှမ်းပြည်မြောက်ပိုင်းသို့ စစ်အင်အားဖြည့်တင်းရန်အတွက် ပြီးခဲ့သည့် လပိုင်းများ အတွင်း က ရပ်စောက်-ကျောက်ဂူလမ်းပိုင်းအား အသုံးပြုခဲ့ပြီး ယခုလည်း ယင်းလမ်းပိုင်းကို စစ်အင်အားဖြည့် တင်းရန်နှင့် ရှမ်းမြောက်သို့ တင်ပို့နေသည့် စားသောက်ကုန်နှင့် လူသုံးကုန်များကို ဖြတ်တောက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။
ယခင်က ဂုတ်တွင်းမှ ရှမ်းမြောက်ဘက်သို့ ဗထူးလမ်းပိုင်းမှသွားသည့် စက္ကူဂျပ်ဖာတဖာလျှင် သယ်ယူပို့ဆောင်စရိတ် ၂,၀၀၀ ကျပ်ရှိရာမှ ပြီးခဲ့သည့်ရက်ပိုင်းတွင် ကျပ် ၁၅,၀၀၀ ကျပ်အထိရှိပြီး ယခုလို ပိတ်လိုက်ခြင်းကြောင့် လဲချားလမ်းမှ သွားမည်ဆိုလျှင် ကျပ် ၃၅,၀၀၀ ခန့်မျှ ဖြစ်သွားနိုင်ရာ ကုန်ကျစရိတ်မှ ၃ ဆနီးပါး မြင့်တက်လာနိုင်ကြောင်း လုပ်ငန်းရှင် များနှင့် ကုန်သည်များက သုံးသပ်ပြောဆိုသည်။
နမ့်ခမ်းဒေသခံတဦးက “ကုန်ဈေးနှုန်းကတော့ အခုလည်းတော်တော်တက်တယ်။ စက်သုံးဆီလည်း ပြတ်တယ်။ မူဆယ်ဘက် သွားတန်းဆီပြီးမှ တချို့ ဒီဘက်ပြန်ရောင်းတာပေါ့။ စားသောက်ကုန်ရော၊ လူသုံးကုန်ရော တက်တယ်။ စားဆီ ငါးလီတာဘူးကို ကျပ် ၃ သောင်းကျော်ပဲပေးရတာ။ အခု ကျပ် ၅ သောင်းကျော်တယ်။ စက်သုံးဆီက တလီတာ ကျပ် ၁ သောင်းကျော်ရှိတယ်” ဟု လက်ရှိအခြေအနေကို ပြောသည်။
ယခု စစ်ကောင်စီပိတ်ထားသည့် ဗထူး၊ ကျောက်ဂူလမ်းပိုင်းကို ဖြတ်ကျော်လာပါက စစ်တပ်အမြောက်စခန်းများ အခြေစိုက်ရာ တောင်ခမ်းမြို့ရှိပြီး ယင်းနေရာတွင် စစ်ကောင်စီနှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
တောင်ခမ်းမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့်လည်း ဆက်စပ်နေသဖြင့် တောင်ခမ်းမှတဆင့် ကျောက်ဂူ၊ အင်တော၊ ရပ်စောက်လမ်းကြောင်းတလျှောက် တိုက်ပွဲများ ဖြစ်နိုင်ကြောင်းလည်း စစ်ရေးလေ့လာသူတဦးက သုံးသပ်ထားသည်။
ထိုလမ်းကြောင်းသည် ရပ်စောက်မှတဆင့် ရပ်စောက်-တောင်ကြီး၊ ရပ်စောက်-ပင်းတယ၊ အောင်ပန်း၊ ကလောအထိ လည်း ဆက်သွယ်သွားလာနိုင်သဖြင့် အရေးကြီးသည့်လမ်း ဖြစ်သည်။
ထို့ပြင် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဆက်သွယ်ထားသည့် နောင်ချိုမြို့နယ်၊ ဂန့်ကော်ရွာဘက်ကိုလည်း စစ်ကောင်စီက စစ်ကြောင်းထိုးနေသဖြင့် ပြီးခဲ့သည့် အောက်တိုဘာလမှစတင်ပြီး ယင်းလမ်းပိုင်းကို ခရီးသည်နှင့် ကုန်စည် သယ်ယူခွင့် ပိတ်ထားသည်။
You may also like these stories:
စစ်ကောင်စီကဖမ်း တရုတ်က ပိတ်၍ ပြည်တွင်း၌ ကုန်စည်ပြတ်လပ်
တရုတ်ပိတ်ဆို့မှု တပတ်အကြာ ရှမ်းမြောက်နှင့် ကချင်၌ စက်သုံးဆီပြတ်