ကချင်ပြည်နယ်၊ ပန်ဝါ-ချီဖွေဒေသရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ ပြန်လည်စတင်ရေးအတွက် သက်ဆိုင်ရာ ခေါင်းဆောင်များ၊ ဌာနဆိုင်ရာများနှင့် တရုတ်လုပ်ငန်းရှင်းများကြား ညှိနှိုင်းဆွေးနွေးမှုများရှိနေကြောင်း ကချင်လွတ်လပ် ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။
၎င်းက “ကျနော်တို့ဘက်ကတော့ မြေရှားသတ္တုတူးဖော်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ပေါ်လစီတွေရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ သက်ဆိုင်ရာလူကြီးတွေ၊ ဌာနဆိုင်ရာတွေ လောလောဆယ် ညှိနှိုင်းနေတဲ့အချိန်ကာလ ဖြစ်ပါတယ်။ ဒီလိုပုံစံ ဟိုလိုပုံစံ သတ်မှတ်ပြီးမှ တရားဝင်ပြန်ပြီးမှ ခွင့်ပေးတာ မရှိသေးပါဘူး။ လုပ်ငန်းရှင်တွေနဲ့လည်း ညှိနှိုင်းတာပေါ့နော်။ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတဲ့အပိုင်းတွေ ပြင်ဆင်တာပေါ့” ဟု ဆိုသည်။
မြေရှားသတ္တုများထွက်ရှိရာ ပန်ဝါ-ချီဖွေဒေသ အပါအဝင် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ထိန်းချုပ်ရာ ကချင် အထူးဒေသ-၁ အား KIA က ပြီးခဲ့သည့်လအတွင်း၌ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ မြေရှားသတ္တုလုပ်ငန်းများအား ထိန်းချုပ်သူ အသစ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
KIA ၏ ပန်ဝါဒေသအား ထိုးစစ်ဆင်တိုက်ခိုက်သည့် ကာလအတွင်း မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ ရပ်ဆိုင်း ခဲ့ရသော် လည်း ပန်ဝါမြို့အား KIA သိမ်းပိုက်ပြီး တိုက်ပွဲများငြိမ်းသက်သွားချိန်တွင် မြေရှားတူးဖော်ရေးလုပ်ငန်းများ ပြန်လည်စတင် လုပ်ကိုင်လာကြခြင်းဖြစ်ကြောင်း ပန်ဝါဒေသခံများက ပြောသည်။
လတ်တလောတွင် KIA အနေဖြင့် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများအား တရားဝင် ပြန်လည်ခွင့်ပြုပေးခြင်း မရှိသေးသော်လည်း မြေပြင်၌ ပြန်လည်လုပ်ကိုင်နေသည့် လုပ်ကွက်များနှင့် အလုပ်သမားခေါ်ယူမှုများ ရှိနေပြီဖြစ်ကြောင်း သိရသည်။
ပန်ဝါမြို့ခံတဦးက “အခုတော့ မိုင်း(လုပ်ကွက်)တွေ ပြန်စကြပြီ။ အလုပ်သမားတွေ ပြန်ခေါ်ပြီလေ။ တရုတ်သူဌေးတွေ တော့ ဟိုနေ့က နာရီပိုင်းလောက် ဖွင့်တုန်းက ပြန်ဝင်လာတာတွေရှိတယ်။ မိုင်းအသစ် စာချုပ်အသစ် ချုပ်တာတွေတော့ မကြားသေးဘူး။ လုပ်လက်စမိုင်းတွေ ပြန်လုပ်နေကြတာ” ဟု ပြောသည်။
Facebook လူမှုကွန်ရက်ရှိ “ပန်ဝါမြို့ အလုပ်ရှာသူများစုဝေးရာ” စာမျက်နှာတွင်လည်း သတ္တုစမ်းသပ်ရေးနှင့် တွင်းတူး အလုပ်သမားခေါ်ယူသည့် ကြော်ငြာစာများတွေ့ရပြီး မြစ်ကြီးနား-ချီဖွေ-ပန်ဝါ ကားလိုင်းများလည်း ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သည်။
ပန်ဝါ-ချီဖွေဒေသရှိ မြေရှားသတ္တုလုပ်ငန်းများသည် ဒေါ်လာဘီလီယံချီတန်ဖိုးရှိပြီး ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်တပ် လက်အောက်ခံ ဦးစခုန်တိန့်ယိန်းဦးဆောင်သည့် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ခေါ် နယ်ခြားစောင့်တပ် များက တရုတ်လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ အလွန်အကျွံထုတ်ယူခဲ့သည်။
ယခုနှစ် မေလထုတ် Global Witness အဖွဲ့၏ အစီအရင်ခံစာအရ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားသတ္တု တင်ပို့ရောင်းချမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံအထိရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်သို့ မြေရှားသတ္တုတင်ပို့မှုအနေဖြင့် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၁၉,၅၀၀ သာရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၄၁,၇၀၀ တန်အထိ တိုးမြှင့်လာခဲ့ပြီး တူးဖော်ရေးမိုင်းအရေအတွက်အနေဖြင့် ၄၀ ရာခိုင်နှုန်း တိုးမြှင့်လာခဲ့ကြောင်းလည်း Global Witness က ပြောထားသည်။
ထိုကြီးမားသည့် မြေရှားသတ္တု ဝင်ငွေပမာဏသည် ယခင်က စစ်တပ်နှင့် ၎င်းလက်အောက်ခံ နယ်ခြားစောင့်တပ်များ၏ အဓိကဝင်ငွေ ဖြစ်ခဲ့သည်။
KIA အနေဖြင့်လည်း ယခင်က မိုးမောက်၊ မံစီနှင့် ချီဖွေမြို့နယ် ဖရဲဒေသတို့တွင် မြေရှားတူးဖော်မှုလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး ပန်ဝါဒေသရှိ တူးဖော်မှုများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးကြောင်း Global Witness က ဆိုထားသည်။
မြေရှားသတ္တုထွက်ရှိရာ တရုတ်-မြန်မာနယ်စပ် ကချင်အထူးဒေသ-၁ အား KIA က ထိုးစစ်ဆင်သည့်ကာလအတွင်း စစ်တပ်အား ဆက်လက်မတိုက်ခိုက်ရေး တရုတ်အစိုးရမှ ဖိအားပေးသည့်အနေဖြင့် KIA ထိန်းချုပ်ရာဒေသရှိ နယ်စပ်ဂိတ် များပိတ်ကာ လူဝင်လူထွက်နှင့် ကုန်ပစ္စည်းတင်သွင်းမှုများအား ပိတ်ဆို့ထားခဲ့သည်။
သို့သော် ပြီးခဲ့သည့်ရက်ပိုင်းတွင် တရုတ်ဘက်မှ ပန်ဝါနယ်စပ်ဂိတ်အား နာရီပိုင်းဖွင့်ပေးကာ တရုတ်လုပ်ငန်းရှင်းများအား မြန်မာနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက်စေခဲ့ကြောင်းလည်း ပန်ဝါဒေသခံတဦးက ပြောသည်။
ထိုဖြစ်စဉ်အပြီးတွင် ပန်ဝါဂိတ်အား KIA ဘက်က မြန်မာနိုင်ငံဘက်ခြမ်းမှနေ၍ ပြန်လည်ပိတ်ထားခဲ့ပြီး လူအဝင်အထွက်နှင့် ကုန်ပစ္စည်းဖြတ်သန်းခွင့် ပြန်လည်ပိတ်ထားကြောင်းလည်း ၎င်းက ဆိုသည်။
၎င်းက “တရုတ်နယ်စပ်ဂိတ်က ပိတ်ထားသေးတယ်။ ပြီးခဲ့တဲ့ တရက်နှစ်ရက်လောက်က နာရီပိုင်းလောက် တရုတ်ဘက်က ပြန်ဖွင့်လာတာ။ ဒီရက်ပိုင်းကတော့ ကချင် KIO ဘက်ကနေ ပြန်ပိတ်ခိုင်းလိုက်တာ။ နာရီပိုင်းလောက်ဖွင့်ပြီးတော့မှ သူတို့ ဘက်က သူတို့စိတ်ကြိုက် ဖွင့်ချင်ဖွင့်၊ ပိတ်ချင်ပိတ် အဲဒီလိုပုံစံလုပ်နေလို့ ဒီဘက်မြန်မာပြည်ဘက်ကနေ ပြန်ပိတ်လိုက်တာ။ လူလည်း အဝင်အထွက် လုံးဝ ပိတ်လိုက်တာ။ တရုတ်တွေရော အကုန်ပဲ။ ဘယ်တော့ပြန်ဖွင့်မလဲတော့ မသိရသေးဘူး” ဟု ပြောသည်။
ပန်ဝါနယ်စပ်ဂိတ်အပြင် ဌာနချုပ်ရှိရာ လိုင်ဇာနယ်စပ်ဂိတ်ကိုလည်း KIA ဘက်မှ ပြန်လည်ပိတ်ထားကြောင်းလည်း လိုင်ဇာဒေသခံတဦးက ပြောသည်။
၎င်းက “KIA ဘက်ခြမ်းက တရုတ်တွေဆို ပြန်လို့လည်းမရတော့ဘူး၊ ဝင်ထွက်လို့လည်းမရတော့ဘူး ဖြစ်နေတာ။ KIA ဘက်က ဂိတ်ချပြီး ပိတ်လိုက်တော့ တရုတ်ပြည်ဘက် ဒီဘက်ကိုပို့မယ့် ကုန်ပစ္စည်းတွေ ပုပ်သိုးလာတာမျိုးရှိတယ်လို့ ကြားတယ်။ ခြံစည်းရိုးကနေ ဟိုပစ်ဒီပစ် ခိုးပစ်ပြီး သယ်နေကြတာမျိုး ရှိတယ်လို့လည်းကြားတယ်” ဟု ဆိုသည်။
စစ်ကောင်စီအား ဆက်မတိုက်ရန်ဖိအားပေးသည့်အနေဖြင့် တရုတ်အစိုးရဘက်က ပိတ်ထားခဲ့သည့် နယ်စပ်ဂိတ်များအား KIA ဘက်မှ တန်ပြန်ပိတ်ထားသည့် အခြေအနေနှင့် ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ၎င်းတို့ အနေဖြင့် ဂိတ်များအား ပိတ်ထားခြင်းမရှိကြောင်း ငြင်းဆိုသည်။
ဗိုလ်မှူးကြီး နော်ဘူက “KIO အနေနဲ့ နယ်စပ်ဂိတ်တွေ ပိတ်တယ်ဆိုတာမရှိပါဘူး။ တရုတ်အစိုးရဘက်ကလည်း သူတို့ ပိတ်ထားတဲ့ဂိတ်တွေကို ပြန်ဖွင့်ပြီလို့ ကျနော်တို့ကို အကြောင်းကြားတာ မရှိပါဘူး။ ပိတ်တဲ့အချိန်ကလည်း သူတို့ဘာသာ ပိတ်တာပါ။ ကျနော်တို့နဲ့ ညှိနှိုင်းပြီးမှ ပိတ်တာမဟုတ်ပါဘူး။ တရုတ်ဘက်ကမ်းကနေ ပစ္စည်းတွေမဝင်တာက သူတို့ ကဏ္ဍပါပဲ” ဟု ပြောသည်။
လက်ရှိတွင် ကချင်ဒေသရှိ တရုတ်-မြန်မာ တရားဝင်နယ်စပ်ဂိတ်များဖြစ်သော လွယ်ဂျယ်နှင့် ကံပိုင်တည် နယ်စပ်ဂိတ်တို့ အပါအဝင် နယ်စပ်ဂိတ်များအားလုံး လူအဝင်အထွက်နှင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့် ပိတ်ဆို့ထားပြီး ဒေသတွင်း ကုန်ဈေးနှုန်း မြင့်တက်မှုများ ရှိနေကြောင်းလည်း ဒေသခံများက ဆိုသည်။
You may also like these stories:
မြေရှားသတ္တု အနာဂတ်ပိုင်ရှင်သစ် KIA ဖြစ်လာ
မြန်မာ့မြေရှားသတ္တု တူးဖော်မှုက အနာဂတ်ကိုဖျက်ပြီး ပစ္စုပ္ပန်ကိုလည်း အဆိပ်ခတ်နေ
မြေရှားသတ္တုတူးနေကြသော တရုတ်-မြန်မာ နယ်စပ်က “စတေးခံဇုန်များ”