ဂျပန် ဟွန်ဒါ (Honda) ကုမ္ပဏီဟာ သူတို့ရဲ့ အထင်ကရ မော်ဒယ် တမျိုးဖြစ်တဲ့ Super Cub 50 ဆိုင်ကယ်တွေကို ၂၀၂၅ ခုနှစ် မေလမှာ ထုတ်လုပ်မှု ရပ်ဆိုင်းတော့မယ်လို့ ဆိုပါတယ်။
၂၀၂၅ နှစ်ကုန်ပိုင်းမှာ ဂျပန်နိုင်ငံမှာ မော်တော်ယာဉ်တွေကနေ မီးခိုးငွေ့ ထုတ်လွှတ်မှုနဲ့ ပတ်သက်ပြီး ပိုမို တင်းကျပ်တဲ့ သတ်မှတ်ချက်တွေ စတင် မိတ်ဆက်တော့မှာ ဖြစ်လို့ အဲဒီ မတိုင်ခင် မေလမှာ စူပါကပ် အမျိုးအစား ဆိုင်ကယ်တွေကို ထုတ်လုပ်မှု ရပ်ဆိုင်းမှာ ဖြစ်ကြောင်း သိရပါတယ်။
50 cc အင်ဂျင် သုံးထားတဲ့ Final Edition နောက်ဆုံး မော်ဒယ်ကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ စတင်ရောင်းချ သွားမယ်လို့ သိရပြီး ဈေးနှုန်း အနေနဲ့ ယန်း ၂၉၇,၀၀၀ (အမေရိကန် ဒေါ်လာ ၁,၉၅၀) ကျသင့်မယ်လို့လည်း ဆိုပါတယ်။
ဟွန်ဒါ အနေနဲ့ နိုဝင်ဘာလ ၈ ရက်နဲ့ ၂၄ ရက်ကြားမှာ အော်ဒါ ကောက်ခံသွားဖို့ စီစဉ်ထားပြီး အစီးရေ ၂၀၀၀ ရောင်းချ သွားမယ်လို့ သိရပါတယ်။
ဝယ်လိုအားပေါ် မူတည်ပြီး အော်ဒါမှာလို့ရမယ့် ကာလကို တိုးမြှင့်သွားဖွယ် ရှိတယ်လို့လည်း တရားဝင် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
110 cc အင်ဂျင် အသုံးပြုထားတဲ့ Super Cub 110 မော်ဒယ်ကိုတော့ ဆက်လက် ထုတ်လုပ်သွားမှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။
ဟွန်ဒါ ကုမ္ပဏီဟာ 50 cc နဲ့ သူ့ထက် ပိုသေးတဲ့ အင်ဂျင်ပါဝါ အသုံးပြုတဲ့ ဆိုင်ကယ်တွေရဲ့ အကြီးမားဆုံး ဈေးကွက် ဝေစုကို ပိုင်ဆိုင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၅ နိုဝင်ဘာမှာ စတင် သက်ရောက်မယ့် စည်းမျဉ်း အသစ်တွေနဲ့ ကိုက်ညီဖို့ အတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုရင် ဆိုင်ကယ်တွေကို လူအများ တတ်နိုင်တဲ့ ဈေးနှုန်းနဲ့ ရောင်းချနိုင်ဖို့ ခက်ခဲမှာ ဖြစ်လို့ ကုမ္ပဏီဘက်က အခုလို ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ဟွန်ဒါဟာ စူပါကပ် ဆိုင်ကယ်တွေကို ၁၉၅၈ ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့ပြီး ကမာ္ဘပေါ်မှာ ထုတ်လုပ်မှု အများဆုံး ဆိုင်ကယ် အဖြစ် အစီးရေပေါင်း သန်း ၁၀၀ ကျော် ထုတ်လုပ်ပြီးခဲ့ပြီလို့ သိရပါတယ်။
ဒါပေမယ့်လည်း လျှပ်စစ် စက်ဘီးနဲ့ စကူတာတွေ ဝယ်လိုအား မြင့်တက်လာမှုကြောင့် ပြီးခဲ့တဲ့ နှစ်တွေ အတွင်း စူပါကပ် ဆိုင်ကယ် ရောင်းအား ကျဆင်းလာခဲ့တယ် လို့လည်း ဆိုပါတယ်။
ဟွန်ဒါ အနေနဲ့ စူပါကပ်တွေ အပြင် 50 cc နဲ့ သူ့ထက်သေးတဲ့ အင်ဂျင် အသုံးပြုထားတဲ့ အခြားဆိုင်ကယ် အမျိုးအစား တွေကိုလည်း ၂၀၂၅ အောက်တိုဘာမှာ ထုတ်လုပ်မှု ရပ်ဆိုင်းဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
အဲဒီ ဆိုင်ကယ်တွေအစား လျှပ်စစ် စကူတာတွေကို တိုးမြှင့် ထုတ်လုပ်သွားမယ် လို့လည်း ဆိုပါတယ်။
Ref : Kyodo News