ဂျပန် ဆူဇူကီး (Suzuki) ကားကုမ္ပဏီဟာ eVitara လို့ အမည်ပေးထားတဲ့ ပထမဆုံး လျှပ်စစ် (EV) ကားကို ထုတ်ဖော် ပြသရင်း EV ဈေးကွက်ထဲကို ဝင်လာပါတယ်။
အဲဒီ အတွက် အဓိက ကားကုမ္ပဏီကြီးတွေထဲက တခု ဖြစ်လာခဲ့ပြီ လို့လည်း ဆိုပါတယ်။
၂၀၂၃ က ဆူဇူကီး ထုတ်ပြခဲ့တဲ့ eVX SUV ဆိုတဲ့ Concept မော်ဒယ်နဲ့ ယှဉ်မယ်ဆိုရင် အခုထွက်လာတဲ့ ကားဟာ ပိုပြီး အားသာချက်တွေ ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် Vitara ဆိုတဲ့ အမည်ဟာ ဈေးကွက်နဲ့ မစိမ်းတဲ့အမည် ဖြစ်တာကြောင့် eVitara လို့ အမည် ပေးလိုက်တာဟာ ဝယ်သူတွေကို ပိုမို ဆွဲဆောင်နိုင်မယ့် အချက် ဖြစ်ကြောင်းလည်း ဆိုထားပါသေးတယ်။
ဆူဇူကီး ရဲ့ EV ကားသစ်ဟာ ၄၂၇၅ မီလီမီတာအရှည်၊ ၁၈၀၀ မီလီမီတာ အကျယ်နဲ့ ၁၆၃၆ မီလီမီတာ အမြင့်ရှိပြီး နာမည်တူ Vitara နဲ့ ယှဉ်ရင် eVitara က အနည်းငယ် ပိုကြီးတယ်လို့ သိရပါတယ်။
ဒါ့အပြင် အခုလို အရွယ်အစားကြောင့် Mini Aceman နဲ့ Volvo EX40 တို့လို ကားတွေရဲ့ ပြိုင်ဖက် ဖြစ်လာမယ် လို့လည်း ဆိုပါတယ်။
အဆိုပါ EV ကားကို ဆူဇူကီး ရဲ့ Heartect-e လို့ အမည်ပေးထားတဲ့ Architecture အသစ်ပေါ်မှာ တည်ဆောက် ထားတယ်လို့ သိရပါတယ်။
အဲဒီ Heartect-e Architecture ဟာ Swift hatchback အပါအဝင် လောင်စာဆီသုံး ကားမော်ဒယ်တွေကို ထုတ်လုပ် ပေးတဲ့ Architecture ပလက်ဖောင်းကို EV ကားတွေအတွက် ပြောင်းလဲပြင်ဆင်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အောက်ကြမ်းခင်း ဘက်ထရီတွေကြောင့် EV အများစုရဲ့ အဓိက ပြဿနာဖြစ်တဲ့ အတွင်းခန်းနေရာကို ချဲ့နိုင်ဖို့ အတွက် အဲဒီ Architecture ပလက်ဖောင်းကို ဒီဇိုင်းဆွဲထားပြီး ပြိုင်ဖက်ကားတွေထက် နေရာ ပိုကျယ်မယ်လို့လည်း ဆူဇူကီး က ပြောကြားထားပါတယ်။
eVitara ဟာ ရှေ့နဲ့နောက် ဘီးဝင်ရိုး နှစ်ခုကြား ၂၇၀၀ မီလီမီတာ အကျယ်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ထိုင်ခုံ ၅ ခုပါတဲ့ eVitara ကို 49 kWh နဲ့ 61kWh ဆိုပြီး ဘက်ထရီ နှစ်မျိုးနဲ့ ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မောင်းနှင်နိုင်မယ့် အကွာအဝေးတွေကို တရားဝင် ထုတ်မပြောသေးပေမယ့်လည်း အရင် 60 kWh ပါဝင်တဲ့ Concept မော်ဒယ် eVX ကို ၅၄၅ ကီလိုမီတာ မောင်းနှင်နိုင်မယ်လို့ ပြောထားဖူးထားပါတယ်။
ရှေ့ဘက်မှာ တပ်ဆင်ထားတဲ့ မော်တာကနေ စွမ်းအင် ရယူမှာဖြစ်ပြီး ဘက်ထရီသေးတဲ့ မော်ဒယ်အတွက် 142 bhp နဲ့ ဘက်ထရီ ပိုကြီးတဲ့ မော်ဒယ် အတွက် 172 bhp ရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
မော်ဒယ် နှစ်မျိုးလုံးက လည်ပတ် ဆွဲအား 190 Nm ကို တူညီစွာ ထုတ်ပေးနိုင်မယ်လို့ ဆိုပါတယ်။
61 kWh ဘက်ထရီ ပါဝင်တဲ့ eVitara မော်ဒယ်ကိုတော့ လေးဘီးယက် စနစ်နဲ့လည်း ရရှိနိုင်မှာဖြစ်ပြီး လေးဘီးယက် စနစ်မှာ နောက်ဝင်ရိုး အတွက် 64 bhp ထုတ်ပေးနိုင်မယ့် မော်တာတခု အပိုပါဝင်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ မော်တာဟာ လည်ပတ် ဆွဲအားကို 300 Nm အထိ တိုးမြှင့် သွားစေလိမ့်မယ်လို့ ဆိုထားပါတယ်။
အိန္ဒိယမှာ ထုတ်လုပ်သွားမယ့် eVitara SUV ရဲ့ ဈေးနှုန်းတွေကိုတော့ မသိရသေးပါဘူး။
ဒါပေမယ့် မူရင်း Vitara ရဲ့ ဈေးနှုန်းမတူတဲ့ မျိုးကွဲတခု အနေနဲ့ပဲ ထွက်လာဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
Ref : Bangkok Post