တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ဒေသရှိ မြို့ရွာများတွင် ယခုနှစ်ကုန်ပိုင်းမှ စတင်ကာ လူမနေသည့် အိမ်များကို ချိတ်ပိတ်သော့ခတ်မှု ပြုလုပ်မည်ဟု သိရသည်။
TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “လက်ရှိကတော့ တိုက်ပွဲကာလဖြစ်လို့ တချို့က တိမ်းရှောင်နေကြတယ်၊ ကျမ တို့က တိမ်းရှောင်နေကြတဲ့ အရပ်သား ပြည်သူလူထုနေအိမ်တွေကို သူခိုးဓားပြရန်ကနေကာကွယ်ဖို့ သော့ခတ်ထိန်း သိမ်းထားတာ ဖြစ်ပါတယ်။ တကယ်လို့ သူတို့ ပြန်လာရင် ပြန်ပြီးတော့မှအပ်နှံပေးမှာ ဖြစ်ပါတယ်။ အခြေအနေကြောင့် ပြန်ပြီးတော့မှ မလာနိုင်သေးဘူးဆိုရင်လည်း လက်ရှိအတိုင်းပဲ ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA က နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ မိုင်းငေါ့၊ နမ္မတူ၊ နမ့်ခမ်း၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင် ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါမြို့နယ်တို့အား သိမ်းပိုက်နိုင်ခဲ့ပြီး TNLA ဌာနဆိုင်ရာများနှင့် အရပ်သားများပါဝင်သည့် မြို့ စီမံအုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းကာ အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်လျက် ရှိသည်။
လက်ရှိတွင် TNLA အနေဖြင့် သိမ်းပိုက်ထားသည့်မြို့များရှိ စစ်တပ်၊ ရဲ၊ ဌာနဆိုင်ရာဝန်ထမ်းအချို့၏ နေအိမ်များအား ချိပ် ပိတ်သိမ်းဆည်းမှုများရှိနေပြီး သာမန်အရပ်သားပြည်သူများ၏ နေအိမ်များနှင့် ပတ်သက်၍ ချိပ်ပိတ်ရန်သတင်းများ ထွက် ပေါ်နေသော်လည်း လက်တွေ့ ချိပ်ပိတ်မှု မတွေ့ရသေးကြောင်းလည်း ကျောက်မဲဒေသခံအမျိုးသမီးတဦးက ပြောသည်။
၎င်းက “ကျောက်မဲမှာလည်း ဟိုတလောကတည်းက ဟိုးလေးတကျော်ဖြစ်ခဲ့သေးတယ်၊ လက်တွေ့တော့ မပိတ်သေးပါဘူး၊ လူမရှိတဲ့အိမ်တချို့ကိုတော့ ဝင်နေတာတွေ ရှိပါတယ်” ဟု ဆိုသည်။
TNLA ထိန်းချုပ်ဒေသများအတွင်း စစ်တပ်က စစ်ဘက်၊ အရပ်ဘက် ခွဲခြားခြင်းမရှိဘဲ နေ့စဉ်လေကြောင်းက ဗုံးကြဲတိုက် ခိုက်မှုကြောင့် အရပ်သား အစုလိုက်အပြုံလိုက် သေဆုံးမှုများ ရှိနေသည်။
ယမန်နေ့ နိုဝင်ဘာ ၁၇ ရက်က ကွတ်ခိုင်မြို့နှင့် မိုင်းငေါ့မြို့တို့အား စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသ ခံ ၃ ဦး သေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည့်အပြင် နိုဝင်ဘာ ၁၂ ရက်ကလည်း နောင်ချိုမြို့ပေါ်ရှိ လန်းဆန်းလက် ဖက်ရည်ဆိုင်ပေါ် စစ်တပ်ကြဲချသည့် ဗုံး ကျရောက်ပေါက်ကွဲပြီး အရပ်သား ၁၁ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရရှိခဲ့ကြောင်း TNLA က ပြောထားသည်။
စစ်တပ်၏ နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် TNLA ထိန်းချုပ်ဒေသအတွင်းမှ စစ်ရှောင်နေကြသူအချို့က ၎င်းတို့ နေအိမ်များတွင် ပြန်လည်နေထိုင်ရန် စိုးရိမ်မှုများရှိနေသည့်အပြင် လျှပ်စစ်မီးနှင့် ဖုန်းလိုင်းပြတ်တောက်မှုများ၊ ကုန်ဈေး နှုန်းကြီးမြင့်မှုများကြောင့်လည်း အခက်အခဲများရှိနေကြောင်း ရန်ကုန်မြို့သို့ စစ်ဘေးရှောင်လာသူတဦးက ပြောသည်။
၎င်းက “စိုးရိမ်မှု ရှိတာပေါ့။ အချိန်မရွေး စစ်တလင်းပြင် ဖြစ်နိုင်တယ်။ ဗုံးကလည်း ကြဲနေတယ်။ မနေ့က မိုင်းငေါ့မှာကြဲတာ ဆို မထင်ရဘူးလေ။ စိုးရိမ်သောကတွေနဲ့နေနေရမှာ၊ မီးမရ၊ ဖုန်းလိုင်းမရ၊ အင်တာနက်လိုင်းမရနဲ့၊ အခွန်ကောက်တာတွေ လည်း ရှိတယ်။ ဆိုင်တွေ တဆိုင်နဲ့တဆိုင်တော့ မတူဘူး” ဟု ပြောသည်။
စစ်ကောင်စီက ၎င်းတို့ လက်လွှတ်ဆုံးရှုံးရသည့် မြို့ရွာများကို နေ့စဉ်ရက်ဆက်ဗုံးကြဲနေသဖြင့် ဒေသခံများမှာ တခြားမြို့ ရွာများသို့ တိမ်းရှောင်နေရသလို မိမိတို့ ဌာနေဒေသသို့ ပြန်လည်ဝင်ရောက်နေသူမှာလည်း ဗုံးကြဲတိုက်ခိုက်မှု များ နှင့်ပတ်သက် သတင်းပေးဟု ထင်ယောင်ထင်မှား အဖမ်းဆီးခံနေရသူ အများအပြားရှိနေသဖြင့် ဒေသခံတို့မှာ ပြန်လည် ဝင်ရောက်နေထိုင်ရန် အခက်အခဲဖြစ်နေသည်ဟု သိရသည်။
TNLA အနေဖြင့် ၎င်းတို့ ထိန်းချုပ်ဒေသအတွင်း၌ စစ်တပ် သတင်းပေးဟု သံသယရှိသည်ဆိုကာ အများအပြားကို ဖမ်းဆီးစစ်ဆေးမှုများလည်းရှိနေပြီး သတင်းပေးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါက ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း TNLA ပြောခွင့်ရှိသူ လွေးယေဦးက ပြောသည်။
“စစ်တပ်သတင်းပေးတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်နေတဲ့ကိစ္စတွေ ဖြစ်တယ်။ တကယ်လို့ ရှိလာတယ် ဆို ရင်လည်း ပြစ်မှုအတိုင်း ပြစ်ဒဏ်ကျခံစေရမှာ ဖြစ်ပါတယ်။ သတင်းအချက်အလက်တွေ စုဆောင်းနေပြီးတွေ့ရင် ဖမ်းဆီး ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောသည်။
၎င်းတို့ ထိန်းချုပ်ဒေသအတွင်းရှိ ပြည်သူများအနေဖြင့်လည်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိရှိရန်လိုအပ်ပြီး လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန်ကာကွယ်မှုဆိုင်ရာ အသိပေး ထုတ်ပြန်ချက်များအား လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း TNLA က သတိပေး ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
ငြိမ်းချမ်းရေးပြောနေသည့် စစ်တပ်က ဗုံးကြဲ၍ မိုးကုတ်၌ လူအစုလိုက် သေဆုံး
နေ့စဉ်နီးပါး ဗုံးကြဲနေ၍ လားရှိုးကို မြို့ခံတို့ ပြန်လည်စွန့်ခွာ
သီပေါ ခမရ- ၅၀၃၊ ၅၀၄ တပ်ရင်းများ TNLA သိမ်းပိုက်