အတင်းအကျပ် စစ်သားစုဆောင်းလို့ အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့အရေးယူခံရတဲ့ ရုရှားဖက်ဒရေးရှင်း အုပ်ချုပ်ရေးမှူးတဦးကို မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လွန်ခဲ့တဲ့အပတ်မှာ ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့ပါတယ်။
မင်းအောင်လှိုင်ဟာ မြန်မာကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ မစ္စတာ အလက်ဇီ ဆမ်ဘူဗစ် ဆိုင်ဒန်နော့ဗ်ကို နေပြည်တော်က သံတမန်ခန်းမဆောင်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့က လက်ခံတွေ့ဆုံတယ်လို့ စစ်ကောင်စီထိန်းချုပ် မီဒီယာက ဖော်ပြပါတယ်။
ဆိုင်ဒန်နော့ဗ်ဟာ မွန်ဂိုလီးယားနယ်စပ် ရုရှားအရှေ့ဖျား သမ္မတနိုင်ငံ ဘာယာတီယာရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် သမ္မတ ဗလာဒီမာ ပူတင်က ၂၀၁၇ ခုနှစ်မှာ ခန့်အပ်ခံထားရသူ ဖြစ်ပါတယ်။
ယူကရိန်းမှာတိုက်ဖို့ နိုင်ငံသားတွေကို အတင်းအကျပ် စစ်သားစုဆောင်းတဲ့အတွက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အမေရိကန် ပြည်ထောင်စုက သူနဲ့ ရုရှားဖက်ဒရေးရှင်းက အုပ်ချုပ်ရေးမှူး ၄၀ ကျော်ကို အရေးယူပိတ်ဆို့ခဲ့ပါတယ်။
ဘဝတူ နိုင်ငံတကာအပယ်ခံ မင်းအောင်လှိုင်ဟာလည်း အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားအားလုံးကို အတင်းအကျပ် စစ်သားစုဆောင်းတဲ့ ဥပဒေကို အခုနှစ် ဖေဖော်ဝါရီလက အသက်သွင်းခဲ့ပါတယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ မကြာမီမှာ ရုရှားကို စတုတ္ထအကြိမ် သွားမယ်လို့ သတင်းတွေ ထွက်နေချိန်မှာ ဒီအုပ်ချုပ်ရေးမှူး လာရောက်တာ ဖြစ်ပါတယ်။
မင်းအောင်လှိုင်နဲ့ သူ့ရဲ့ဆိုက်ဘေးရီးယားဧည့်သည်တို့ဟာ ရုရှားနဲ့မြန်မာအကြား ချစ်ကြည်ရေး ခရီးတွေဖလှယ်ဖို့၊ မြန်မာနိုင်ငံမှာ စက်မှုထုတ်လုပ်မှု တိုးတက်ရေးအတွက် နည်းပညာအကူအညီ၊ တိုက်ရိုက်လေကြောင်းခရီးစဉ်တွေ တိုးချဲ့ရေး၊ စိုက်ပျိုးရေး ၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ ဘာသာရေးမှာ ပူးပေါင်းဆောင်ရွက်ရေး၊ ပညာသင်ဆုနဲ့ ယဉ်ကျေးမှုဖလှယ်ရေးတွေ ဆွေးနွေးတယ်လို့ စစ်ကောင်စီထိန်းချုပ် မီဒီယာက ဖော်ပြပါတယ်။
ညဘက်မှာတော့ မင်းအောင်လှိုင်နဲ့ ဆိုင်ဒန်နော့ဗ်ဟာ စစ်ခေါင်းဆောင် တည်ထားတဲ့ ကြီးမားတဲ့ ကျောက်ဆင်းတုတော် မာရဝိဇယ စကျင်ကျောက် ဗုဒ္ဓဆင်းတုတော်ကြီးမှာ လုပ်တဲ့ တန်ဆောင်တိုင်ပွဲတော် အခမ်းအနားနဲ့ မီးပုံးပျံပြိုင်ပွဲကို တက်ရောက်ပါတယ်။
မင်းအောင်လှိုင်က ရောင်စုံမီးတွေနဲ့ “ဘာယာတီယာ” လို့ စာတန်းချိတ်ဆွဲထားပြီး ကြီးမားတဲ့ မိုးပျံပူဖောင်းကြီးကို လွှတ်တင်ပါတယ်။
မြန်မာကို နိုဝင်ဘာလ ၁၂ ရက်နေ့က ရောက်လာတဲ့ မစ္စတာ ဆိုင်ဒန်နော့ဗ်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မတွေ့မီ ရန်ကုန်၊ ချောင်းသာကမ်းခြေနဲ့ ပုဂံလို ခရီးသွားလုပ်ငန်း အဓိကနေရာတွေကို သွားရောက်ခဲ့ပါတယ်။
“မြန်မာနိုင်ငံရဲ့ အေးချမ်းမှုနဲ့ အလှတရားကို သူအရမ်းသဘောကျတယ်” လို့ ဆိုင်ဒန်နော့ဗ်က စစ်ခေါင်းဆောင်ကို ပြောခဲ့ကြောင်း ကြေညာချက်တစောင်အရ သိရပါတယ်။ အဲဒီကြေညာချက်ဟာ မြန်မာကို ပြည်တွင်းစစ် ဝါးမြိုနေတာကြောင့် ရှုပ်ထွေးနားမလည်နိုင်စရာ ကြေညာချက် ဖြစ်ပုံရပါတယ်။
မစ္စတာ ဆိုင်ဒန်နော့ဗ် သွားရောက်ခဲ့တဲ့နေရာတွေဟာ အများအားဖြင့် အေးချမ်းပြီး လက်နက်ကိုင်ပဋိပက္ခရဲ့ သက်ရောက်မှု မခံရသေးပါဘူး။ လက်နက်ကိုင်ပဋိပက္ခတွေက အဓိကအားဖြင့် ကချင်၊ ကရင်နီ (ကယား)၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတွေမှာ ဖြစ်ပွားနေတာပါ။
အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံတွေက အပန်းဖြေသူတွေ မြန်မာကို ရှောင်ရှားတာနဲ့အတူ စစ်ကောင်စီဟာ ရုရှားခရီးသည်တွေကို ဆွဲဆောင်ဖို့ လွန်ခဲ့တဲ့တနှစ်လုံး အာရုံစိုက်ခဲ့တယ်။ တိုက်ရိုက် လေကြောင်းခရီးစဉ်တွေ စတင်ပြီး စစ်ကောင်စီဝန်ထမ်းတွေအတွက် ရုရှားဘာသာသင်တန်းတွေ ဖွင့်ပေမယ့် လက်ရှိအချိန်အထိ အရာမရောက်ပါဘူး။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်မှာလည်း ရုရှားက စစ်ကောင်စီကို ကြိုဆိုပြီး လက်နက်ရောင်းချ၊ သံတမန်ရေး ထောက်ခံပေးပြီး တခြားကဏ္ဍ အများအပြားမှာလည်း ပူးပေါင်းဆောင်ရွက်ပါတယ်။
ဒီလအစောပိုင်းမှာ ရုရှားနဲ့ ဘယ်လာရုစ်တို့ဟာ စစ်အရာရှိဟောင်း ဦးသိန်းလင်းအောင်ကို သူတို့ နှစ်နိုင်ငံလုံးအတွက် မြန်မာသံအမတ်အဖြစ် ခန့်အပ်လွှာတွေကို လက်ခံခဲ့ကြပါတယ်။
သူ့ရဲ့ရုရှားခရီးစဉ်အတွင်း မင်းအောင်လှိုင်ဟာ ဘယ်လာရုစ်ကိုလည်း သွားမယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ နှစ်နိုင်ငံအကြား လာမယ့်အခမ်းအနားတွေအတွက် ပြင်ဆင်ဖို့ မြန်မာသံအမတ်နဲ့ ဆွေးနွေးခဲ့တယ်လို့ ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
မင်းအောင်လှိုင်ဟာ ရုရှားကို ၂၀၂၁ ခုနှစ်မှာတကြိမ်၊ ၂၀၂၂ ခုနှစ်မှာ နှစ်ကြိမ်သွားရောက်ပြီး ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့လည်း တွေ့ခဲ့ဖူးပါတယ်။
You may also like these stories:
စစ်ကောင်စီက ရုရှား ဝဂ္ဂနာကြေးစားတပ်ကို အားကိုးရှာလာနိုင်သလား
အမြဲလို နွေးထွေးနေတဲ့ စစ်သွေးဆာ မြန်မာစစ်ကောင်စီနှင့် ရုရှားကြား ဆက်ဆံရေး
လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း
စစ်ကောင်စီပါမည့် ရုရှား- အာဆီယံစစ်ရေးလေ့ကျင့်မှု JFM ရှုတ်ချ
ဆုံးရှုံးနယ်မြေများကို ဗုံးကြဲရန် စစ်ကောင်စီက ရုရှားလုပ် လေယာဉ်များသုံးနေ