စစ်ကောင်စီက ၎င်းတို့လက်လွှတ်လိုက်ရသည့် ရှမ်းပြည်မြောက်ပိုင်း၊ ကချင်၊ ရခိုင်နှင့် စစ်ကိုင်းတိုင်းတို့ဘက် စက်သုံးဆီ သယ်ယူ တင်ပို့ရောင်းချခြင်း မပြုရန် အမိန်ထုတ်ထားသည်။
စက်သုံးဆီဆိုင်များ၊ တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများအနေဖြင့် အောက်တိုဘာမှစ၍ တိုင်းရင်းသား လက်နက်ကိုင်တို့ ထိန်းချုပ်ရာ နေရာများသို့ လုံးဝဖြန့်ဖြူးရောင်းချခြင်း မပြုရန်၊ မလိုက်နာပါက ဆိုင်ကို သုံးလပိတ်၍ ဆီခွဲတမ်းချမပေးရန် ညွှန်ကြားထားကြောင်း စက်သုံးဆီလုပ်ငန်းရှင်များကဆိုသည်။
ရန်ကုန်မြို့ စက်သုံးဆီလုပ်ငန်းရှင်တဦးက “ကချင်တို့၊ ရှမ်းမြောက်တို့ဘက်ကို ရောင်းလို့ အရင်လက အပိတ်ခံရတဲ့ဆိုင်တွေ လည်းရှိတယ်။ အိုကေထူးတို့ ဝင်းနားဆီဆိုင်တို့ အပိတ်ခံရတယ်။ စက်သုံးဆီနယ်ကျော်ပြီးပါလာလို့ဆိုပြီး ရောင်းချခွင့် ပိတ် တာ။ စကစက အရေးယူတာ အောက်တိုဘာလထဲက စတာပေါ့။ သူတို့ ညွှန်ကြားတာ မလိုက်နာဘဲသွားရင် ဆိုင်သုံးလ ပိတ်တာ၊ ဆီကို မချပေးတာ၊ အဲဒီဆိုင်တွေကို ဆီမရောင်းပေးတာတွေ လုပ်တယ်” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိ စက်သုံးဆီခွဲတမ်း (Purchase Order-PO) လုံးဝမပေးသည့် မြို့များမှာ ရခိုင်နှင့် ချင်းပြည်နယ် တခုလုံး ရှမ်းမြောက် ဒေသတခုလုံး၊ ကချင်ပြည်နယ်၌ မြစ်ကြီးနားမှ လွဲ၍ ကျန်မြို့များ အားလုံး တင်သွင်းခွင့်ပိတ်ထားပြီး စစ်ကိုင်းတိုင်း ထီးချိုင့်၊ ပုလဲ၊ ဝက်လက်၊ ဗန်းမောက်၊ မင်းလှ၊ မော်လိုက်၊ ကသာ၊ မိုးမိတ်၊ ချောင်းဦး၊ ကလေး၊ ဆားလင်း ကြီး၊ ကျွန်းလှ၊ ရေဦး၊ ဖောင်းပြင်၊ မြင်းမူ၊ နဘား၊ ဘုတလင်၊ အင်းတော်၊ ယင်းမာပင်၊ ရေနီ၊ ကန့်ဘလူ၊ တမူး၊ မြောင်၊ ခင်ဦး၊ ဒီပဲယင်း၊ ကောလင်း တို့အပြင် မကွေးတိုင်း ပေါက်၊ မန္တလေးတိုင်း မိုးကုတ်၊ မြင်းခြံတို့ ပါဝင်ကြောင်း သိရှိရသည်။
ထို့ပြင် စက်သုံးဆီဆိုင်များနှင့်ကုမ္ပဏီများအနေဖြင့် သယ်ယူရာတွင် ခွင့်ပြုထားသည့် ဆီသယ်ယာဉ်မှ လွဲ၍ မည်သည့် ယာဉ်မှ အစားထိုး သုံးခွင့်မရှိ၊ စစ်ကောင်စီ ခွင့်ပြုသည့်နေရာသို့သာ သယ်ရမည်၊ တင်ပြထားသည့် နေရာအထိ သယ်ယူ မည့် ဆီပမာဏ အတိအကျရှိရမည်၊ ရောင်းချရန်ခွင့်ပြုထားသည့် စက်သုံးပမာဏအတိုင်းသာ ရောင်းဝယ်ရန်နှင့် ဆီသို လှောင်ပြီး ပြင်ပသို့ ထုတ်ရောင်းခြင်း လုံးဝမပြုလုပ်ရန် ညွှန်ကြားထားသည်ဟု အဆိုပါ ရန်ကုန်စက်သုံးဆီလုပ်ငန်းရှင်က ရှင်းပြသည်။
ထို့ပြင် ဒေါ်လာရှားသဖြင့် စစ်ကောင်စီသည် ယခင် တရုတ်နယ်စပ် ကန်ပိုက်တီနှင့် မူဆယ်ဘက်တို့မှ စက်သုံးဆီ တင်သွင်း သော်လည်း လက်ရှိတွင် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးအနီးရှိ စစ်ကောင်စီ၏ နယ်ခြားစောင့် တပ်များကို ကချင်လွတ် လပ်ရေး တပ်မတော် (KIA) က ထိန်းချုပ်ပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်များကို ဖိအားပေးသည့် အနေ ဖြင့် ပိတ်ဆို့မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါ ဆီလုပ်ငန်းရှင်က “အခု ဘယ်ညှိနေလဲဆိုတော့ တရုတ်က တရားဝင်အစိုးရကိုပဲ ဆီရောင်းချင်တာ။ အဲဒီဒေသ တွေကို KIA က ရသွားတာဆိုတော့ တရုတ်က KIA ကို တရားဝင်အစိုးရလို့ မသတ်မှတ်တော့ ဆီမရောင်းပေးတာပေါ့။ KIA ကလည်း သူတို့ကို မသတ်မှတ်ရင် ဒီလမ်းကြောင်းကို ဖွင့်မပေးတော့ဘူး။ အဲဒီလိုပုံစံတွေတော့ ရှိတယ်။ အဲဒီတော့ တရုတ် ဘက်ကတော့ ဆီအဝင် မရှိတော့ဘူး” ဟု လက်ရှိ စက်သုံးဆီ သယ်ယူဖြန့်ဖြူးရောင်းချခြင်း ပတ်သက်ပြီး ရှင်းပြသည်။
ထို့ကြောင့် တနယ်နှင့် တနယ်၊ တမြို့နှင့် တမြို့ သယ်ယူရခက်ခဲသည့် အခြေအနေဖြစ်လာကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
မန္တလေး စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက “ကျနော်တို့ဆိုရင် စစ်ကိုင်းနဲ့ ကချင် ကိုသွားနေတာ ရှိတယ်။ အခုလို ပိတ်လိုက်တော့ အခက်အခဲတော့ ဖြစ်သွားတယ်။ သွားမရတော့ဘူးပေါ့။ တနယ်နဲ့ တနယ် မကူးရတော့ လူတွေက မရရင် ရသလို အကုန်လုပ်တော့ မှောင်ခိုဈေးကွက်ကြီး ဖြစ်လာတာပေါ့။ သယ်ယူ စရိတ် တွေ တက်လာတယ်။ အဲဒီတော့ ပိတ်ထားတဲ့နေရာတွေမှာ ဈေးတွေ တက်ကုန်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက မန္တလေးမြို့အထိသာ သယ်ယူခွင့်ပေးထားပြီး စစ်ကိုင်းတံတားမှ ဆက်သွားရန် ခက်ခဲသဖြင့် ယင်းနေရာမှစ၍ ဈေးနှုန်းများကြီးမြင့်သွားကြောင်း ၎င်းက ရှင်းပြသည်။
ရှမ်းပြည်တောင်ပိုင်းတွင် တောင်ကြီး၊ လွိုင်လင်အထိသာ သွား၍ရပြီး လွိုင်လင်မှ စဖမ်းနေသလို၊ ရှမ်းမြောက်ဒေသ မူဆယ် မြို့တွင်လည်း တရုတ်မှ စက်သုံးဆီ မဝင်သလို မန္တလေးမှလည်း မလာသဖြင့် အရောင်းဆိုင်တချို့ ပိတ်ထားရပြီး မှောင်ခိုဆီ အနည်းငယ် ဝင်သော်လည်း တလီတာလျှင် ၁၅၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲများ ပြင်းထန်နေသည့် ချင်းပြည်နယ်တွင်လည်း စက်သုံးဆီ၊ ဆေးဝါးမှာ ပြည်မဘက်က ဝင်ရောက်မှု ရှားပါး နေပြီး အိန္ဒိယဘက်မှသာ တင်သွင်းအသုံးပြုနေရသည့် အခြေအနေဖြစ်ကာ တလီတာလျှင် အိန္ဒိယငွေ ရူပီး ၁၅၀ (မြန်မာ ငွေ ၈၁၀၀ ကျပ်) ခန့်ရှိပြီး ပြည်မဘက်မှ လာသည့် စက်သုံးဆီ ၁ ဂါလံလျှင် ၄၀၀၀၀ ကျပ် (၄ လီတာကျော် ရှိသဖြင့် တလီတာ လျှင် ၈၇၀၀ ကျပ်ကျော်) ရှိကြောင်း ချင်းပြည်နယ်မြောက်ပိုင်း ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
“ကုန်ဈေးနှုန်းက အဆမတန်တက်တယ်။ ကျနော်တို့ဆီလာရင် လမ်းမှာ ၁ ပတ်ကနေ နှစ်ပတ်လောက် ကြာတယ်။ ဂန့်ဂေါ လမ်းဘက်က ကုန်တင်ကားတွေနဲ့ သွားမရဘူး။ အိမ်စီးကားပဲ ရတယ်။ မဟာမြိုင်လမ်း ဘက်ကပဲ သွားရတယ်။ ဒါပေမယ့် သူတို့ (စကစ) စိတ်ဖောက်ရင် ဖောက်သလို တရက်နှစ်ရက်ပိတ်တာမျိုးလည်း ရှိတော့ အခြေအနေအရ သွားရတယ်။ လမ်းမှာပေးရတဲ့ဂိတ်ကြေးကလည်း အရမ်းများတယ်။ တချို့ဂိတ်တွေကို ကားတစီးကို ကျပ် သိန်း ၂၀ အထိ ပေးရတယ်။ ဒါတောင် စိတ်မလိုရင် ပေးမဖြတ်ဘူး” ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် ချင်းပြည်နယ်အနေဖြင့်လည်း အိန္ဒိယဘက်မှ ဝင်သည့် စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးနှင့် စက်သုံးဆီတို့ ကိုသာ အားထားအသုံးပြုနေရကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်မြို့တွင် စက်သုံးဆီ တလီတာလျှင် ၃၀၀၀ ကျပ်ကျော် သတ်မှတ်ထားသော်လည်း ဝေးလံခေါင်ဖျားသည့်ဒေသများ စစ်ပွဲဖြစ်ပွားရာဒေသများတွင် စစ်ကောင်စီ၏ ကန့်သတ်မှုများကြောင့် တလီတာလျှင် ကျပ် ၁၀၀၀၀ ကျပ်ဝန်းကျင်မှ ၁၀၀၀၀ ကျပ်ကျော်အထိ ရှိနေသဖြင့် ဈေးနှုန်းမှာ အဆမတန် မြင့်တက်နေသည်။
You may also like these stories:
စစ်ကောင်စီကဖမ်း တရုတ်က ပိတ်၍ ပြည်တွင်း၌ ကုန်စည်ပြတ်လပ်
ရှမ်းတောင်-မြောက်ဆက်သည့် ဗျူဟာလမ်း စစ်ကောင်စီပိတ်