အမေရိကန်နိုင်ငံမှ သာသနာရေးကိစ္စဖြင့် ခေတ္တကြွလာသည့် ရွှေဝါရောင် ဆရာတော် ဦးပညာဇောတ (နတ်ဇော)အား စစ်ကောင်စီက ဖမ်းထားသည်မှာ တပတ်ကျော်ပြီဖြစ်ရာ ယခုတိုင်အဆက်အသွယ်မရ၍ နိုင်ငံရေး အကျဉ်းသားဟောင်းများ သံဃာတော်များ နှင့် တပည့်ဒကာ၊ ဒကာမများက အသက်အန္တရာယ်အတွက် စိုးရိမ်ပူပင်ကြောင်း ပြောသည် ။
ဦးပညာဇောတမှာ အမေရိကန်နိုင်ငံ ဘတ်ဖဲလိုးမြို့ မေတ္တာပါရမီကျောင်းတိုက် ဆရာတော်ဖြစ်ပြီး ရန်ကုန်မြို့ မင်္ဂလာဒုံမြို့ နယ်၌ သာသနာရေးကိစ္စများ ဆောင်ရွက်ရန် ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးသို့ တရားဝင်ဗီဇာလျှောက်၍ ကြွလာစဉ် နိုဝင်ဘာ ၁၃ ရက်က မင်္ဂလာဒုံမြို့နယ် စော်ဘွားကြီးကုန်းတွင် အဖမ်းခံလိုက်ရခြင်းဖြစ်သည်။
ထိုသို့ ဆရာတော်ဖမ်းဆီးခံရမှုကို အမေရိကန်သံရုံးအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အကြောင်းကြား စုံစမ်း သော်လည်း ယနေ့အထိ အဆက်အသွယ် မရရှိသေးကြောင်း ဆရာတော်နှင့်နီးစပ်သည့် နိုင်ငံရေးအကျဉ်း ဟောင်းတဦး က ပြောသည် ။
၎င်းက “ရန်ကုန်က ဘုန်းဘုန်းရဲ့ ဒကာမကြီးလည်း အဖမ်းခံထားရတယ် ဆရာတော်နဲ့ ဆက်နွယ်သူတွေ အားလုံးက အထဲ မှာ အန္တရာယ်ရှိနေပြီး အဆက်အသွယ် အားလုံးပြတ်နေတဲ့ အခြေအနေဖြစ်နေတယ်၊ စုံစမ်းတာ လောလောဆယ် စစ်ကြော ရေးထဲမှာ ရှိနေတဲ့ပုံစံဖြစ်နေတယ်၊ စစ်ကြောရေးဆိုရင်တော့ ဘယ်သူမှလိုက်လို့ အဆင်မပြေဘူး” ဟု ပြောသည် ။
လက်ရှိအခြေအနေအရ ဆရာတော်သည် စစ်ကြောရေးသို့ ရောက်နေသည်မှာ သေချာသလောက်ရှိပြီး စစ်ကောင်စီက ဖမ်းဆီးသူများကို အသက်ဆုံးသည့်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့သည့် ဖြစ်စဉ်များရှိနေသဖြင့် ဆရာတော်၏ အသက်အန္တရာယ် အတွက် စိုးရိမ်နေကြသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောသည် ။
နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သည့် ဆရာတော်ဦးဇဝန က “အဆက်အသွယ်မရတဲ့အပေါ်မှာ ဘုန်းဘုန်းတို့ စိုးရိမ်စိတ် အများကြီးဖြစ်တယ်၊ အခုစစ်တပ်က အရင်စစ်အစိုးရတွေထက် ပိုဆိုးရွားပြီး စည်းကမ်းမလိုက်နာတာကြောင့် သူ့ရဲ့ အသက် အန္တရာယ်နဲ့ ထိခိုက်နာကျင်မှု ကိုယ်လက်အင်္ဂါ ချို့ယွင်းမှုတွေ ဖြစ်နိုင်တယ်လို့ တွေးပြီးတော့လည်း စိုးရိမ်တယ်” ဟု မိန့်ကြား သည်။
အဖမ်းခံထားရသည့် ဆရာတော် ဦးပညာဇောတသည် သက်တော် ၆၄နှစ်၊ ဝါတော် ၄၄ဝါ ရှိပြီး ဆီးချို၊ သွေးချိုနှင့် ဆီးကျိတ် ရောဂါများအတွက် ဆေးဝါးပုံမှန်သုံးစွဲနေရသဖြင့် စစ်ကောင်စီ ဖမ်းဆီးထားစဉ် နှိပ်စက်မှုများအပြင် ကျန်းမာရေးပိုမို ဆိုးရွား လာမည်ကိုလည်း စိုးရိမ်နေရသည်ဟု ဆရာတော်နှင့် နီးစပ်သူများက ပြောသည်။
လက်ရှိ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီး အချိန်မီ ဆေးဝါးကုသခွင့်များမရရှိ၍ အသက်သေဆုံးခဲ့ ရသည့် နိုင်ငံရေးအကျဉ်းသားအများအပြားရှိရာ ထိုအထဲတွင် NLD ပါတီခေါင်းဆောင် တဦးဖြစ်သည့် ဦးဉာဏ်ဝင်း၊ ပါတီ ဒုဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်တို့လည်း ပါဝင်ခဲ့သည် ။
ဆရာတော် ဦးပညာဇောတသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော်များထဲမှ တပါးဖြစ်သလို မြန်မာ နိုင်ငံဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ ဖွဲ့စည်းလှုပ်ရှားခဲ့ပြီး ဖမ်းဆီးမှုများကြောင့် ပြည်ပသို့ တိမ်းရှောင်ခဲ့သူ ဖြစ်သည်။ထို့နောက် အမေရိကန်နိုင်ငံသားခံယူခဲ့သည်။
လက်ရှိတွင် အမေရိကန်နိုင်ငံသားဖြစ်နေသော်လည်း စစ်ကောင်စီသည် နိုင်ငံခြားသားများအပေါ် ခွဲခြားသက်ညှာခြင်း မရှိသောကြောင့် အသက်အန္တရာယ်ရှိသည့်အခြေအနေမျိုးရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင် ကော်မတီဝင် ဦးထွန်းကြည်က ပြောသည် ။
“နိုင်ငံခြားသားနဲ့ ပတ်သက်လို့ သူတို့သက်သက်ညှာညှာ လုပ်ခဲ့တာတော့ မမြင်ဘူး၊ အရှေ့မှာ မစ္စတာရှောင်တာနယ် ဆို လည်း အသက်ဘေးက လွတ်လာတာပဲလေ ။ ဒါတောင်မှ သြစတြေးလျအစိုးရကနေ တောက်လျှောက်ဖိအားခဲ့တာပေါ့၊ နောက်တခုက မီဒီယာထဲကဆို နေသန်မောင်တို့လိုပေါ့၊ သူတို့က အသက်ဘေးက လွတ်သွားသော်ငြားလည်း သူတို့ရဲ့ စစ်ကြောရေးနဲ့ ထောင်ဆိုတာက လူ့အခွင့်အရေးကို အဆိုးရွားဆုံးနဲ့ အပြင်းထန်ဆုံး ချိုးဖောက်တဲ့ ယန္တရားလို့ ရှုမြင် တဲ့အခါကျ ဆရာတော်အတွက် အသက်အန္တရာယ်က အချိန်မရွေးရှိနေနိုင်တယ်”ဟု ပြောသည် ။
လက်ရှိ ဆရာတော် ဖမ်းဆီးခံထားရသည့်ဖြစ်စဉ်အပေါ် ဧရာဝတီက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ရွှေဝါရောင်ဆရာတော် ဦးပညာဇောတ ဖမ်းဆီးခံထားရသည့် ဖြစ်စဉ်ကို ကြားသိထားပြီး လောလောဆယ် မှတ်ချက်မပေးနိုင်သေးကြောင်း၊ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးအဖွဲ့နှင့် ဆက်သွယ်ပြီးနောက် ပြည့်ပြည့်စုံစုံ အကြောင်းပြန်ပေးမည်ဖြစ်ကြောင်း ပြောသည်။
နိုင်ငံရေးအကျဉ်းသားတဦးလည်းဖြစ်ပြီး ဇာတိ နတ်မောက်မြို့ကို အစွဲပြုကာ နတ်ဇောဟု နိုင်ကျဉ်းလောက၌ လူသိများ သည့် ဆရာတော် ဦးပညာဇောတသည် ၁၉၉ဝ ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်း သပိတ်ကံဆောင်မှုကြောင့် ၁၉၉၀ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၈ခုနှစ်တွင် တကြိမ် ထောင်ဒဏ် ၂ကြိမ် ချခံခဲ့ရဖူးပြီး လက်ရှိကာလအတွင်း၌ အမေရိကန်နိုင်ငံတွင် နေထိုင်သီတင်းသုံး၍ သာသနာ ပြန့်ပွားရေးကိစ္စများကို လုပ်ဆောင်နေသည့် ဆရာတော်တပါးလည်း ဖြစ်သည်။
You may also like these stories:
ရွှေဝါရောင် တော်လှန်ရေး ရန်ကုန် ဒိုင်ယာရီ
ရွှေဝါရောင် တော်လှန်ရေး ၁၀ နှစ် ပြည့်ပြီ
ဘာသာရေးနဲ့ နိုင်ငံရေး စည်းခြားချိန် တန်ပြီ