ဒရုန်းအများအပြားသုံး၍ ဖယ်ခုံ မိုးဗြဲသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ် တို့ကို ရုရှားစစ်ဘက်ပညာရှင်များက ကူညီနေကြောင်း ဒေသတွင်းရင်းမြစ်များက ပြောဆိုမှုအပေါ် မြေပြင်စုံစမ်းမှု လုပ်နေ ကြောင်း ကရင်နီတော်လှန်ရေးတပ်များမှ တာဝန်ရှိသူများက ပြောသည်။
စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်တို့သည် ယခုလ တတိယအပတ်မှစ၍ ဖယ်ခုံ၊ မိုးဗြဲဘက်သို့ ဒရုန်း တပ်ဖွဲ့များ သီးသန့်ပါဝင်သော အင်အားအများပြားဖြင့် ဝင်လာကာ ကင်းထောက်ခြင်း၊ အနီးဝန်းကျင်များကို ဗုံးကြဲ ရှင်းလင်း ခြင်း၊ တိုက်ပွဲများတွင် ပါဝင်တိုက်ခြင်း သာမက အရပ်သားပစ်မှတ်များပါ မကျန် တိုက်ခိုက်နေသည်ဟု သိရသည်
မိုးဗြဲစစ်မျက်နှာတွင်ရောက်နေသော ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တဦးက “ရုရှားပညာရှင်များရောက်နေတဲ့ကိစ္စကတော့ ကြားရတယ်။ အခုနောက်ပိုင်း ခပ်စိပ်စိပ်တော့ ဒရုန်းတွေ အများဆုံး တွေ့လာရတယ်ပေါ့။ အရင်ကထက်ပိုပြီးတော့ ကင်းထောက်တာကအစ လူတွေနဲ့မသုံးတော့ဘဲနဲ့ ဒရုန်းတွေပဲသုံးနေတဲ့ ပုံစံမျိုးပေါ့” ဟု ပြောသည်။
စစ်ကောင်စီ ဒရုန်းအသုံးပြုမှုများလာသည့်အခြေအနေတွင် ယခင်ကထက် လုံခြုံရေးအထူးဂရုစိုက်နေရပြီး ဒရုန်းကြောင့် ထိခိုက်ကျဆုံးမှုများလည်း ရှိနေသည်ဟု ပူးပေါင်းတပ်များထံကသိရသည်။
ယခုနှစ်အတွင်း၌ ရုရှားထုတ် Orion-2 UAV အမျိုးအစား ဒရုန်းများကို စစ်ကောင်စီက ဝယ်ယူခဲ့ပြီး မေလ ၉ ရက်က စစ်ဆင်ရေးနယ်မြေများသို့ ဖြန့်ဝေပေးခဲ့ကြောင်း၊ ရုရှားအပါအဝင်၊ တရုတ်၊ အိန္ဒိယမှလည်း ဒရုန်းနှင့် ပတ်သက်သော သင်တန်းများပေးနေကြောင်း စစ်တပ်ထောက်ခံသည့် မီဒီယာများတွင် ဖော်ပြထားကြသည်။ သို့သော် စစ်ကောင်စီက ဒရုန်းဝယ်ယူရေးကိစ္စအား သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။
စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နှင့်အနီးဆုံးတွင်ရှိနေသည့် ကရင်နီကို စစ်ကောင်စီဘက်မှ ရရာနည်း လမ်းများ၊ အင်အားများအသုံးပြု၍ကာကွယ်နေသလို ရုရှားပညာရှင်များလည် စစ်ရေးဘက်တွင် အသုံးပြုလာသည်ကို တွေ့လာ ရကြောင်း ပအိုဝ်းဒေသအတွင်း စစ်ကောင်စီနှင့် PNO တို့၏ လှုပ်ရှားမှုများကို လေ့လာစောင့်ကြည့်နေသည့် ပအိုဝ်း နိုင်ငံရေးသမားတဦးကလည်း ပြောသည်။
၎င်းက “ရုရှားပညာရှင်တွေ ရောက်နေတာ ကြာပြီ။ ပင်းပက်စက်ရုံကို အခြေပြုပြီးတော့ ဝင်ဝင်ထွက်ထွက်လုပ်နေတာ တွေ့ရတယ်။ ဒါပေမယ့် စစ်ရေးနဲ့ နွယ်လာလိမ့်လို့ မထင်ခဲ့ဘူး။ အခုတော့ စစ်ရေးနဲ့ပါ နွယ်ပြီး ပါလာနေတာတွေ့ရပြီ” ဟု ပြောသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်နှင့်တောင်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏အမှတ် ၂ သံမဏိစက်ရုံ (ပင်းပက်)သည် NLD အစိုးရလက်ထက်က ရပ်နားထားခဲ့သည်ကို အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်အတွင်း၌ပင် စစ် ကောင်စီက လုပ်ငန်းများ ပြန်လည်လည်ပတ်စေခဲ့ပြီး လက်ပစ်ဗုံး၊ မိုင်း၊ လက်နက်ကြီးများတွင် အသုံးပြုသည့် သံကျွတ် အများအပြား ထုတ်လုပ်ပေးနေကြောင်းနှင့် ဧကထောင်ချီရှိကြောင်း ဒေသခံများထံက သိရသည်။
ထိုစက်ရုံတွင် ရုရှားများရောက်ရှိနေသည်မှာ နှစ်ချီကြာနေပြီဖြစ်ပြီး အရပ်သားပညာရှင်များဟု ယခင်က ယူဆခဲ့သော်လည်း
နောက်ပိုင်း၌ နည်းပညာအရ၊ စစ်ဗျူဟာသင်တန်းပေးခြင်းများနှင့် ဒရုန်းတပ်ဖွဲ့များ သင်တန်းပေးခြင်းများ လုပ်ဆောင် နေကြောင်း ပအိုဝ်း ဒေသ စစ်ရေး၊ နိုင်ငံရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတဦးက ဧရာဝတီကို ပြောသည်။
“ရုရှားက စစ်သင်တန်းပေးတဲ့အပိုင်းမှာထက် စစ်ဦးစီးဗျူဟာကို နည်းပညာအရ အရင်ပေးတာတွေတော့ ကြားရတယ်။ PNO/ PNA အထက်လူကြီးပိုင်းတွေနဲ့ ပြီးတော့ ဒရုန်းတပ်ဖွဲ့ကို” ဟု ၎င်းက ဆိုသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အခြေပြု၍ စစ်ကောင်စီ၏ စစ်ရေးနှင့် အင်အားများ ဖြည့်တင်းပြင်ဆင်မှုတွင် စစ်ကောင်စီနှင့် အကျိုးတူလုပ်ငန်းများစွာ လုပ်ကိုင်နေသည့် PNO စစ်ဦးစီးချုပ် ဦးနေဝင်းထွန်းက အဓိက ပါဝင်ပတ်သက် နေသည်ဟု ပအိုဝ်းအရေး လေ့လာစောင့်ကြည့်သူများက ဆိုသည်။
ထို့ပြင် PNO ကလည်း ရုရှားထုတ်ဒရုန်းများ ဝယ်ယူထားပြီး နည်းပညာကူညီပေးသူများ ရောက်ရှိနေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
“ဖယ်ခုံမှာ အဓိကလုပ်နေတာက PNO ပေါ့ စစ်ဦးစီးချုပ်ဦးနေဝင်းထွန်း ဆိုတဲ့ပုဂ္ဂိုလ်က ဒရုန်းတွေ ကျပ် သိန်း သောင်းချီ ဝယ်နေတယ်။ ပြီးရင် လာပြီးတော့ သင်ပေးနေတာကလည်း ရုရှားအမျိုးသားနှစ်ယောက် ပါတယ်လို့ ကျနော်တို့ သိရတယ်” ဟု သူကဆိုသည်။
စစ်တပ်နှင့် PNO ပူးပေါင်းတပ်များသည် ပင်လောင်းဘက်မှ ဖယ်ခုံနယ်စပ်ဘက်သို့ စစ်ကြောင်းထိုးမှုများကို လွန်ခဲ့သည့် ၂ လခန့်ကတည်းက ဆက်တိုက် ပြုလုပ်နေခဲ့ခြင်းဖြစ်သည်။
ရှမ်းတောင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၁ ဗျူဟာမှူး ကိုနေကောင်းက “ရုရှားပညာရှင်တွေ ရောက်လာတာတော့ ကြား တယ် မြေပြင်မှာ ကောင်းကောင်းအတည်ပြုလို့မရသေးဘူး၊ ဒရုန်းတွေတော့ ပင်လောင်း- ဖယ်ခုံနယ်စပ် နောင်ဝိုးဘက်မှာ အတော်လေးသုံးတယ်၊ ၁၀စီးလောက်အထိရှိတယ်၊ လောလောဆယ် မိုးဗြဲ စစ်ကြောင်းမှာ ဘယ်လောက်အထိ သုံးမလဲ ဆိုတာ စောင့်ကြည့်နေတယ်” ဟု ပြောသည်။
နိုဝင်ဘာ ၁၇ ရက်တွင် စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်များ ဖယ်ခုံမှ မိုးဗြဲဘက်စစ်ကြောင်းထိုးလာ၍ ကရင်နီ တော်လှန် ရေးပူးပေါင်းတပ်များနှင့် ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကယန်းအမျိုးသားတပ်မတော် (KNA) တပ်ရင်း အမှတ် ၂၁၀၃ မှ တပ် စိတ်မှူး ရဲဘော် ခွန်းအန်းဂျေလို ဒရုန်းထိမှန် ကျဆုံးခဲ့ရသည်။
လက်ရှိစစ်ကြောင်းထိုးမှုအတွင်း စစ်ကောင်စီဒရုန်း အသုံးပြုမှုများအပြင် ဖယ်ခုံတပ်၊ လွိုင်ကော်တပ်များမှလည်း လက်နက် ကြီး ပစ်ကူ တောက်လျောက်ပေးနေသည်ဟု သိရသည်။
စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးနေသည့်အခြေအနေနှင့်ပတ်သက်၍ KNA မှ တာဝန်ရှိသူ ခွန်းဆောင်ဒူက “ဖယ်ခုံထဲ ပြန်စိုးမိုးနိုင်အောင် သူတို့ရဲ့ ယန္တရားတွေကို ပြန်လည်ပတ်နိုင်အောင် လုပ်နေတာပေါ့။ မိုးဗြဲလည်း ထိုနည်းတူပဲ။ သူတို့က ရှေ့ဆက်ပြီးလုပ်လာရင်တော့ ထိတွေ့မှုတွေ ပိုပြီးတော့ ကြီးကြီးမားမားဖြစ်လာနိုင်ပါတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ လက်ရှိစစ်ကြောင်းထိုးနေသည့် လမ်းကြောင်းအခြေအနေသည် ပင်လောင်း- ဖယ်ခုံ- မိုးဗြဲလမ်းကြောင်းမှ တဆင့် နန်းမယ်ခုံ၊ ဒီးမော့ဆိုထိ နယ်မြေစိုးမိုးထိန်းချုပ်မှုများပြုလုပ်၍ ၎င်းတို့ စိုးမိုးထားနိုင်သည့် လွိုင်ကော်အထိ လမ်း ကြောင်း ဆက်သွားနိုင်ကြောင်းနှင့် စစ်ကောင်စီရည်ရွယ်ချက် အထမမြောက်စေရန် အကောင်းဆုံး ကာကွယ်ဟန့်တားသွား မည်ဖြစ်သောကြောင့် တိုက်ပွဲဆက်ပြင်းထန်နိုင်ကြောင်း ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက အသိပေးထား သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လအတွင်း၌ နေရာအများစု ဆုံးရှုံးထားခဲ့ရသော လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်ပြီး နောက် ဆီဆိုင်- လွိုင်ကော်လမ်းကြောင်းမှ စစ်အင်အားဖြည့်တင်းမှု တောက်လျောက်ပြုလုပ်နေသလို ပင်လောင်း-ဖယ်ခုံ- လွိုင်ကော်လမ်းကြောင်းမှလည်း စစ်ကြောင်းထိုး နယ်မြေစိုးမိုးမှုများကို ဆက်တိုက် ပြုလုပ်နေသည်။
စစ်ကောင်စီသည် နိုင်ငံအနှံ့တပ်စခန်းများစွာနှင့် မြို့များဆုံးရှုံးနေရသော်လည်း ပအိုဝ်းပြည်သူ့စစ်အင်အားများဖြင့် ဆီဆိုင် မြို့၊ လွိုင်ကော်မြို့တို့ကို တော်လှန်ရေးတပ်များထံမှ ပြန်လည်ရယူနိုင်ခဲ့သလို နယ်မြေအများစုဆုံးရှုံးထားသည့် ကရင်နီကို ပြန်လည် စိုးမိုးထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးပြီး ထိုးစစ်ဆင်မှုများကို ပြုလုပ်နိုင်သည်အထိ PNO က များစွာအထောက် အကူပြုပေးနေသည်ဟု ပအိုဝ်းအရေး လေ့လာစောင့်ကြည့်နေသူများနှင့် CDM အရာရှိများက ဆိုကြသည်။
စစ်ကောင်စီနှင့် အကျိုးတူပူးပေါင်းနေသည့် ပအိုဝ်းခေါင်းဆောင်များသည် ပအိုဝ်းလူငယ်များ၏ အသက်သွေးများအား ၎င်းတို့အကျိုးစီးပွားကာကွယ်ရေး၌ အသုံးချနေသည်ကို အလေးအနက် သုံးသပ်ရန်လိုကြောင်းဟု ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောသည်။
You may also like these stories:
အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၁
အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၂
အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၃
အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၄