ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်က သူ၏နှမ ဝရမ်းပြေးဝန်ကြီးချုပ်ဟောင်း မစ္စ ယင်းလတ် ရှင်နာဝပ်သည် လာမည့်နှစ် ဧပြီလခန့်တွင် ထိုင်းနိုင်ငံသို့ ပြန်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။
လွန်ခဲ့သော နိုဝင်ဘာလ ၁၄ ရက်နေ့က ဥဒုန်ဌာနီတွင် မစ္စတာ သက်ဆင်နှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုကို အခြေခံသည့် သတင်းတပုဒ်တွင် ထိုအကြောင်းကို ဂျပန်မှ Nikkei Asia သတင်းဌာနက ဖော်ပြသည်။
လာမည့်နှစ် ဧပြီလ သင်္ကြန်ပွဲတော်အတွက် မစ္စ ယင်းလတ် ပြန်လာနိုင်သည်ဟု မစ္စတာ သက်ဆင်က ပြောကြောင်း ကိုးကားဖော်ပြထားသည်။
မစ္စ ယင်းလတ် ပြည်တော်ပြန်ရေးအတွက် မည်သည့် အနှောင့်အယှက်မှ မမြင်ကြောင်း၊ အချိန်အခါနှင့် အခွင့်အလမ်းအပေါ် မူတည်ပြီး သင်္ကြန်ပွဲတော်မတိုင်မီ ပြန်ရောက်နိုင်ကြောင်း မစ္စတာ သက်ဆင်က ပြောသည်ဟု ထိုသတင်းတွင် ဖော်ပြသည်။
ယခုနှစ် မကုန်မီ မစ္စ ယင်းလတ် ပြန်ရောက်နိုင်ကြောင်း သူ၏ ဇာတိ ချင်းမိုင်ပြည်နယ်တွင် ဧပြီလက မစ္စတာ သက်ဆင် ပြောခဲ့ဖူးသည်။ မစ္စ ယင်းလတ်ကို လူမြင်ကွင်းတွင် မတွေ့ရသည်မှာ ခုနစ်နှစ် ကြာပြီဖြစ်သည်။
ထိုင်းတရားရုံးချုပ်၏ နိုင်ငံရေးရာထူးရှိသူများဆိုင်ရာ ရာဇဝတ်မှုဌာနက ယင်းလတ်ကို သူ့အစိုးရ၏ ဆန်စပါး ကတိကဝတ် အစီအစဉ်တွင် အကျင့်ပျက်ခြစားသည့် အစိုးရချင်း ဆန်စပါးရောင်းချမှုကို တားဆီးရန် ပျက်ကွက်ခြင်းအတွက် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ထောင်ဒဏ် ငါးနှစ်ချမှတ်ထားသည်။
တရားရုံးချုပ်က မစ္စ ယင်းလတ်ကို မျက်ကွယ် ထောင်ဒဏ်ချမှတ်ထားခြင်း ဖြစ်သည်။ တရားရုံးသို့ ယင်းလတ် ရောက်မလာသောကြောင့် ထိုစီရင်ချက်ကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် ဆိုင်းငံ့ထားခဲ့သည်။ သူ့ကိုဖမ်းဆီးရန် ဝရမ်းတစောင်ကိုလည်း ထုတ်ပြန်ထားသည်။
ထိုတရားရုံးက ဆုံးဖြတ်ချက် မချမီ မစ္စ ယင်းလတ်သည် အကိုဖြစ်သူ မစ္စတာ သက်ဆင်ကို ဒူဘိုင်းတွင် တွေ့ဆုံရန် နိုင်ငံမှ ထွက်ခွာသွားသည်ဟု ဖော်ပြကြသည်။
လွန်ခဲ့သောနှစ် ဒီဇင်ဘာလတွင် တရားရုံးချုပ်က ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်ကို ၂၀၁၁ ခုနှစ်တွင် ရာထူးလွှဲပြောင်းမှုအတွက် မစ္စ ယင်းလတ်အား မသမာမှုမှ လွှတ်ပေးခဲ့သည်။
လွန်ခဲ့သောလကလည်း တရားရုံးချုပ်သည် ယင်းလတ် အစိုးရ၏ ဘတ် ၂ ထရီလီယံတန် အခြေခံ အဆောက်အအုံ စီမံကိန်းများကို ကူညီအားပေးရန် ဘတ် သန်း ၂၄၀ ကုန်ကျသည့် လှုပ်ရှားမှု ပြုလုပ်ရာတွင် မသမာမှုနှင့် ပူးပေါင်းကြံစည်မှုမှ လွှတ်ပေးခဲ့သေးသည်။
ကိုးကား ။ ။ Bangkok Post သတင်း Thaksin expects fugitive sister Yingluck to return by April
You may also like these stories:
သက်ဆင်က ထိုင်းနိုင်ငံရေးအပေါ် အရိပ်မိုးနေဆဲ
သက်ဆင်၊ သန်းရွှေ နှင့် မင်းအောင်လှိုင် တို့၏ အတိတ်ဇာတ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စ ယင်းလတ်တို့ ပြောတဲ့ ဒီမိုကရေစီ
မြန်မာ့အရေး သက်ဆင် ကြားဝင်ရန် ကြိုးစားမှု ကျရှုံး