မြန်မာ-တရုတ်နယ်စပ်တလျှောက်ရှိ ကုန်သွယ်ရေးဂိတ်များကို အစိုးရအချင်းချင်း အပြန်အလှန် ပူးပေါင်းညှိနှိုင်းပြီးမှသာ ဖွင့်လှစ်မည်ဆိုသော်လည်း လက်ရှိ တရုတ်နိုင်ငံဘက်မှ ဖွင့်လှစ်နိုင်ရေးလုပ်ဆောင်မှုများ ရှိလာကြောင်း မူဆယ် ဒေသခံ များကဆိုသည်။
ယမန်နေ့က စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်နှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ယူနန်ပြည်နယ် လူဝင်မှုစစ်ဆေးရေး ဌာနမှူး၊ ရွှေလီလူဝင်မှုစစ်ဆေးရေးဌာနမှူး Mr.Jiang Bing တို့ နယ်စပ်ဂိတ်ပေါက်များ ဖွင့်လှစ်ရေး ဆွေးနွေးရာ အစိုးရအချင်းချင်း အပြန်အလှန် ပူးပေါင်းညှိနှိုင်းပြီးမှသာ ပိတ် သိမ်းထားသည့် နယ်စပ်ဂိတ်များကို လိုအပ်သလို ခွင့်ပြုဆောင်ရွက်မည်ဟု ပြောဆိုခဲ့ကြောင်း စစ်ကောင်စီ၏ သတင်း စာက ဆိုထားသည်။
မူဆယ်မြို့မှ ကုန်သည်တဦးက “တရုတ်ဘက်က ပိတ်ထားတဲ့ဂိတ်တွေကို ပြန်ဖွင့်နိုင်ဖို့ ကြိုးစားလာတာမျိုး တွေ့ရတယ်၊ ပြန် ဖွင့်မယ့် အနေအထားတွေလည်း ရှိနေတယ်၊ ဗမာဘက်က ဖွင့်ဖို့ အဆင်သင့်မဖြစ်သေးလို့ မဖွင့်တာလို့တော့ သိရတယ်၊ ပြီးခဲ့တဲ့ ၁၁ ရက် မန်ဝိန်းဂိတ် ဖွင်မယ်ဆိုပေမယ့် မဖွင့်တာက မြန်မာဘက်က တရုတ်ကတော့ အဆင်သင့်လုပ်ထားတယ်” ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်မှ စ၍ တရုတ်ဘက်ခြမ်းမှ တပိုင်တနိုင် ကုန်စည်သယ်ဆောင်ရေး ဆင်ဖြူဂိတ်ကို ဖွင့်ပေး ခဲ့သော်လည်း တရုတ်နိုင်ငံဘက်ခြမ်းမှ အထွက်သာ ခွင့်ပြုပြီး မြန်မာဘက်ခြမ်း မူဆယ်မှ အဝင်ကို ခွင့်မပြုခြင်းကြောင့် ဒေသခံ ကုန်သည်များအကြား အခက်ကြုံနေရသည်။
“မူဆယ်ဂိတ်တွေက ပိတ်ထားတဲ့အပြင် မြေပြန့်ကလည်း ဝင်မရတော့ စက်သုံးဆီတွေကအစ ဈေးကြီးကုန်တယ်၊ တလီတာ ကို တသောင်းလောက် ဖြစ်နေပြီ အဓိကစားသောက်ကုန်ကို ရန်ကုန်၊ မန္တလေးကနေ ယူမရတော့ တရုတ်ဘက် အားထား နေရချိန် အခုလို တရုတ်ကပါ ကန့်သတ်ပိတ်ထားတော့ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်တာကို ခံနေကြရတယ်၊ လက်ရှိတရုတ်ဘက်ကနေ ကုန်စည်ကို ကြံဖန်ပြီး ထုတ်နေကြရတော့ စက်ဘီးနဲ့သယ်တာတောင် အနည်းဆုံး တညအိပ် ရတော့ ကုန်စိမ်းတွေက ပိုပြီး ဒုက္ခတွေ့တာပေါ့၊ မူဆယ်ဘက်မှာက ကုန်ဈေးနှုန်း တွေက မြေပြန့်ထက် နှစ်ဆလောက်ပို တယ်”ဟု မူဆယ်မြို့ခံတဦးက ပြောသည်။
ထိုအခြေအနေများကြောင့် တရုတ်ဘက်ခြမ်းမှ အသီးအနှံနှင့် ကုန်စိမ်းတင်သွင်းကြသည့် ကုန်သည်များမှာ ဝယ်ယူထား သည်များကို အအေးခန်းဂိုဒေါင်များတွင် နေ့တွက်ခပေး၍ သိုလှောင်ခြင်းများ ပြုလုပ်နေရသည်။
မြန်မာ-တရုတ်နယ်စပ်တလျှောက် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ မိုင်းလားနယ်စပ်ဂိတ်ပေါက်တို့တွင် မူဆယ်မှသာ ကုန်သွယ်ရေး အများဆုံးလုပ်နေရာ ယခုအခါ စစ်ကောင်စီသည် မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် မန်ဝိန်း၊ နန်းတော်နှင့် ဆင်ဖြူဂိတ်တို့သာ ထိန်းချုပ်နိုင်ပြီး ကျင်စန်းကျော့နှင့် ပန်ဆိုင်းဂိတ်ကိုမူ လက်လွှတ်လိုက်ရသည်။
ထို့အတူ မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ထိန်းထားသည့် ကျင်စန်းကျော့ဂိတ်မှ ကုန်ကြမ်းပစ္စည်းသွင်းနိုင်ရေး တရုတ်၏ ကမ်းလှမ်းမှုအရ မဟာမိတ်အဖွဲ့များက ဆွေးနွေးခဲ့ပြီး နှစ်ဖက်သဘောတူညီမှုဖြင့် နိုဝင်ဘာ ၂၁ ရက်မှ စ ဖွင့်တော့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဖွင့်လှစ်နိုင်ခြင်း မရှိပေ။
“ကျင်စန်းကျော့က ဖွင့်မယ်ဆိုပြီးတော့ သတင်းတွေ ထွက်နေပေမယ့် အခုထိ မဖွင့်သေးပါဘူး၊ တရုတ်က ကျင်စန်းကျော့ ဖွင့်ချင်တာ၊ သတင်း ထွက်နေပေမယ့် စာထွက်တာတို့ ဘာတို့တော့ မရှိသေးဘူး၊ ကောလာဟလနဲ့ လူတွေက လိုချင်တာ ကို ပြောနေတာမျိုး တရုတ်ဘက်ကတော့ ကျင်စန်းကျော့ကို ဖွင့်မယ် မြန်မာဘက်နေ သူတို့လိုချင်တဲ့ သတ်မှတ် ကုန်စည် တွေ ဝင်ခွင့်ပြုမယ်၊ သူတို့ တရုတ်ဘက်ကနေတော့ ဘာပစ္စည်းမှ မထွက်ရဘူးဆိုတဲ့ ပုံစံမျိုးတွေနဲ့ လုပ်ချင်တာမျိုး တွေ့လာ ရတယ်၊ အဲဒီလိုမျိုးသာဆိုရင်တော့ ကျနော်တို့အတွက် နစ်နာမှုတွေ အများကြီး ရှိလာနိုင်တယ်”ဟု မူဆယ်မြို့ခံ ကုန်သည် တဦးက ပြောသည်။
ကျင်စန်းကျော့ဂိတ်သည် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကြံ၊ ဖရဲ၊ သခွား၊ ပြောင်းစသည့် ကုန်စည်အဓိကတင်သွင်းသည့် ဂိတ်တခုဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ ယင်းတို့၏ အကျိုးစီးပွားအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးမှုများ ရှိနေကြောင်း ကြားသိရသည်ဟု မူဆယ်မြို့ခံကုန်သည်အသိုင်းအဝိုင်းက ဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံဘက်သို့ နေ့ချင်းပြန်သွား၍ အလုပ်လုပ်သည့် မူဆယ်ဒေသခံများမှာ ဂိတ်ဖြတ်အချိန်ကြာမြင့်မှုကြောင့် အချိန်မီသွားရောက် မရှိကြသလို ရွှေလီ၊ ကြယ်ဂေါင်တွင် ညအိပ်အလုပ်လုပ်ကိုင်ကြသူများအနက် လုပ်ငန်းရှင် များက အာမခံမပေးနိုင်သူများကို တရုတ်ဘက်မှ ဖမ်းဆီးနေခြင်းများကြောင့် အလုပ်လုပ်ကိုင်ရင် အခက်အခဲများ ရင်ဆိုင်နေရ သည့်အတွက် ဂိတ်များ အဆင်ပြေပြေနှင့် အမြန်ဆုံးဖွင့်ရန် မျှော်လင့်ကြောင်း ဒေသခံများက ဆိုသည်။
You may also like these stories:
တရုတ်က မန်ဝိန်းဂိတ်ဖွင့်သော်လည်း စစ်ကောင်စီ ဆက်ပိတ်ထား
တရုတ်ပိတ်ဆို့မှု တပတ်အကြာ ရှမ်းမြောက်နှင့် ကချင်၌ စက်သုံးဆီပြတ်
စစ်ကောင်စီကဖမ်း တရုတ်က ပိတ်၍ ပြည်တွင်း၌ ကုန်စည်ပြတ်လပ်
တရုတ်နယ်စပ်ဂိတ်များ ပြန်ဖွင့်ဖို့ မျှော်လင့်ချက်မရှိသေး
ရှမ်းတောင်-မြောက်ဆက်သည့် ဗျူဟာလမ်း စစ်ကောင်စီပိတ်