ကချင်လွတ်လပ်ရေးတပ်မတော်( KIA )က တရုတ်၏ နည်းမျိုးစုံဖြင့် ဖိအားပေးနေသည့် ကြားမှ နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တီ ကို နိုဝင်ဘာ ၂၀ ရက်နေ့က သိမ်းပိုက်လိုက်သည်။
ကန်ပိုက်တီတွင် စစ်တပ်က အင်အား ၃၀၀ ကျော်တပ်စွဲထားသော်လည်း တိုက်ပွဲဖြစ်သည့်နေ့မှာပင် နယ်စပ်ဖြတ်ကာ တရုတ်ဘက်ထွက်ပြေးသဖြင့် ယခုအခါ တရုတ်က ရွှေလီကျယ်ခေါင် နယ်စပ်မှတဆင့် မူဆယ်ရှိ မြန်မာစစ်တပ်ထံသို့ ယမန်နေ့က လွှဲပြောင်းပေးခဲ့ကြောင်း ဧရာဝတီ၏ ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။
KIA အနေဖြင့် ကန်ပိုက်တီကို ပြီးခဲ့သည့် ဇွန်လခန့်ကတည်းက သိမ်းနိုင်သော်လည်း တရုတ်နယ်စပ်မြို့ဖြစ်၍ ဆက်ဆံရေး မပျက်ပြားအောင် ဝိုင်းမော်- ကန်ပိုက်တီ ကုန်သွယ်ရေးလမ်းကိုသာ ထိန်းချုပ်၍ ကုန်စည်စီးဆင်းမှုကို နှစ်ဦးနှစ်ဘက် ဟန်မပျက် ဆက်လက်ထားသော်လည်း စစ်တပ်က စတင်ပစ်ခတ်သဖြင့် တနေ့တည်းနှင့် အပြီးတိုင်သိမ်းပိုက်ရသည့် အခြေအနေ ရောက်ရှိခဲ့သည်။
နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တီ မြို့ခံတဦးက “မနက် ၉ နာရီကျော်လောက်မှာ မြို့ထဲက စစ်တပ်ကုန်းနဲ့ သူတို့တပ်တွေ စွဲထားတဲ့ နေရာတွေကနေ လက်နက်ကြီး လက်နက်ငယ်တွေ တဖက်သတ်ပစ်တာတွေ စခဲ့တာ။ တော်တော်ကြာမှ နှစ်ဖက် ပစ်ခတ်မှုတွေဖြစ်ပြီး သိမ်းလိုက်တာ”ဟု ပြောသည်။
မြို့ကို ပိတ်ဆို့ဝန်းရံထားသည့် KIA တပ်များအနေဖြင့် နေ့လယ်ပိုင်း ၁ နာရီ ခန့်မှစ၍ အလျင်စလို ထိုးစစ်ဆင်ပြီး နောက် ညနေပိုင်း၌ မြို့ကို ထိန်းချုပ်လိုက်နိုင်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလလယ် KIA တို့ ကန်ပိုက်တီအနီး စင်ကြိုင်ရှိ နယ်ခြားစောင့်တပ်ရင်းကို တိုက်ခိုက်လာကတည်း က ကန်ပိုက်တီမှ စစ်တပ်နှင့် ပြည်သူ့စစ် အကြီးအကဲ တရုတ်နိုင်ငံဘက် ကြိုတင်တိမ်းရှောင်ထွက်ပြေးကြပြီး အောက်ခြေ အရာရှိများနှင့် တပ်ဖွဲ့ဝင်တို့သာ ရှိနေရာ တရုတ်နယ်စပ်သို့ ထွက်ပြေးရန်လည်း အခြေအနေပေးဖြင့် မြို့ကို အလွယ်တကူ သိမ်းပိုက်နိုင်ခြင်းဟု KIA နှင့် နီးစပ်သူတဦးကလည်း ပြောသည် ။
၎င်းက “၁၀၀၃ တပ်ရင်းတိုက်ပြီးကတည်းက ဗျူဟာမှူးတွေကအစ ထွက်ပြေးနေတာမရှိတော့ဘူး၊ ကန်ပိုက်တီကို တိုက် တော့ မြန်မြန်ဆန်ဆန် ရလိုက်တာပေါ့ ။ တရုတ်နယ်စပ်ဂိတ်တွေက တိုက်လို့ရှိရင် အဲဒီလိုပဲ မြန်မြန်ပြီး သွားတာ များတယ် လွယ်ဂျယ်တုန်းကဆိုလို့ရှိရင်လည်း သေနက်တချက် မဖောက်လိုက်ရဘဲနဲ့ ပြီးသွားတာ”ဟုပြောသည်။
ကန်ပိုက်တီတွင် စစ်ကောင်စီနှင့် ပြည်သူစစ်အင်အား ရာဂဏန်းထိရှိပြီး စစ်တပ်ကုန်း၊ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများတွင် နေရာယူထားပြီး အများစုသည် တရုတ်နိုင်ငံဘက်ထွက်ပြေးသွားသောကြောင့် ယခုအခါ KIA က နယ်မြေရှင်းလင်းပြီး နောက် သိမ်းဆည်းရမိသည့် လက်နက်၊ ခဲယမ်းများကိုလည်း ဌာနချုပ်ရှိရာ လိုင်ဇာကို သယ်ဆောင်သွားပြီဟု သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ နေပြည်တော်ခရီးစဉ်အပြီး တရုတ်က နယ်စပ်တလျှောက် စစ်အင်အားပြခဲ့သလို တိန့်ရှီကျွင်းကို ကိုယ်စားလှယ်လွှတ်၍ နယ်စပ်ဒေသရှိ ပလောင် (တအန်း)၊ ကိုးကန့်၊ ဝနှင့် ကချင် တိုင်းရင်းသား တော်လှန်ရေးအင်အားစုတို့နှင့် ဆွေးနွေးခဲ့ပြီး ခြိမ်းခြောက်မှု ပိတ်ဆို့ အရေးယူမှုများ ပိုမိုပြုလုပ်လာခဲ့သည်။
ပလောင်(တအန်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ဆိုလျှင်နယ်စပ်တည်ငြိမ်ရေး တရုတ်နှင့် ပူးပေါင်း ဆောင်ရွက်ရန် မဟုတ်ပါက ကြောက်ရွံကျိုးနွံလာအောင် ဆုံးမမည်ဟု ခြိမ်းခြောက်စာပို့ခဲ့သလို ကိုးကန့်အဖွဲ့ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) ဆိုလျှင်လည်း စစ်မြေပြင်ချဲ့တော့မည်မဟုတ်ကြောင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ဆက်ဆံမည်ဟုတ်သလို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့်လည်း စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်း ခြင်းလုံးဝမလုပ်ပါဟု ကြေညာချက်ထုတ်ခဲ့ရသည့်အပြင် သိမ်းထားသည့် လားရှိုးကို စစ်ကောင်စီလက် ပြန်အပ်ရန်ထိ တရုတ်ဖိအား ပြင်းထန်ခဲ့သည်။
တရုတ်သည် အိမ်နီးချင်းများနှင့် ဆက်ဆံရာ၌ ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်တပ်ကာ မဲခေါင်- လန်ချန်းကဲ့သို့ စီမံကိန်းကြီး လုပ်၍ အသံကောင်းဟစ်သောလည်း နယ်စပ်ဂိတ်များ ပိတ်၍ စက်သုံးဆီ၊ ဆေးဝါး၊ အိမ်သုံး ပစ္စည်းနှင့် စားသောက်ကုန်တင်သွင်းခွင့် တားမြစ်သည့် ၎င်းတို့၏ လုပ်ရပ်က ဒေသတွင်းလူထု၏ လူမှုစီးပွားထိခိုက် စေ သည့် ဆိုးရွားသော အဖြစ်အပျက်ဖြစ်သည်။
အလားတူ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ကိုလည်း တရုတ်က ခေါ်ယူဆွေးနွေးရာ နှစ်ဘက် ပြင်းပြင်းထန်ထန် ပြောဆိုကြသည့်ထိ တင်းမာခဲ့ကြောင်း ဧရာဝတီသတင်းရင်းမြစ်များထံမှ သိရပြီး လိုင်ဇာအပါအဝင် ကချင်နယ်စပ် တလျှောက်ရှိ ဝင်ထွက်ပေါက်များကို ပိတ်လိုက်သော်လည်း တရုတ်၏ ကိုယ်ကျိုးကြည့်မူဝါဒအရ မြေရှားသတ္တုထွက်ရာ ပန်ဝါဒေသ နယ်စပ်ပေါက်ကိုမူ ချွင်းချက်အဖြစ် ဖွင့်လှစ်ထားသည်ကို တွေ့ရသည်။
ကန်ပိုက်တီ နယ်စပ်ဂိတ်ကိုလည်း တရုတ်က ယခုလအတွင်း ပြန်ဖွင့်ပေးထားပြီး လတ်တလောတွင် တိုက်ပွဲများကြောင့် ပိတ်ထားခေတ္တပိတ်သည်။
KIA သည် စစ်အာဏာရှင်အမြစ်ပြတ်အောင်တိုက်မည်ဟု တရုတ်ကို ရှင်းလင်းစွာပြောဆိုထားပြီးဖြစ်၍ ကန်ပိုက်တီမြို့ ကိုလည်း ၎င်းတို့၏ ရည်ရွယ်ထားသည့်အတိုင်း သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု စစ်ရေးသုတေသီတဦးက သုံးသပ်သည်။
၎င်းက “အဓိကကတော့ တရုတ်ဘာပြောပြော သူတို့ လုပ်သင့်တာ လုပ်မယ်ဆိုတဲ့ အချက်ကို အကောင်အထည်ဖော် လိုက်တာပေါ့ ။ မြန်မာပြည်နယ်နမိတ်ထဲမှာရှိတဲ့အတွက်ကြောင့် တရုတ်က အာဏာလည်း မပိုင်ဘူး။ သူတို့လည်း တရုတ် သြဇာခံ မဟုတ်ဘူးပေါ့။ သူ့နယ်ထဲမှာ သူလုပ်သင့်လုပ်ထိုက်တာလုပ်မှာပဲဆိုတာ ပြတာပါ”ဟု ပြောသည်။
လက်ရှိတွင် KIA က တရုတ်နယ်စပ်ရှိ မြို့များအားလုံးကို ထိန်းချုပ်ထားသောကြောင့် နယ်ဂိတ်များမှ ကျောက်စိမ်းများ၊ သစ်များ၊ မြေရှားသတ္တုများနှင့် စားသောက်ကုန်များ တင်သွင်းခြင်းများအတွက် တရုတ်နိုင်ငံအနေဖြင့် KIA နှင့်သာ ဆွေးနွေးရတော့မည်ဖြစ်ကာ တရုတ်ဘက်မှ ဖိအားပေး ပိတ်ပင်ထားမှုများ ဖြေလျော့လာနိုင်သည်ဟု နိုင်ငံရေးလေ့လာ သူများက ဆိုသည် ။
“ကချင်ပြည်နယ်က တရုတ်နယ်စပ်ဂိတ်တွေဖွင့်ချင်ရင်တော့ တရုတ်အနေနဲ့ KIA နဲ့ ဆွေးနွေးရမှာပေါ့။ စစ်တပ်နဲ့ဆွေးနွေး လို့ မရတော့ဘူး အဓိကကတော့ သူသွင်းချင်ချင်တဲ့ ကုန်တွေပေါ့၊ ကျောက်စိမ်းဖြစ်ဖြစ် ၊ သစ်ဖြစ်ဖြစ် ၊ မြေရှားသတ္တုတွေ သွင်းချင်ရင် KIA နဲ့ဆွေးနွေးရမယ်၊ အဲဒါတွေသွင်းချင်ရင် သူ့ဘက်ကကုန်တွေ ပြန်ရောင်းပေးမှရမှာပေါ့” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက ပြောသည်။
လက်ရှိတွင်လည်း KIA က နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်လျှင် တရုတ်အနေဖြင့် ၎င်းတို့နှင့် ဆွေးနွေးရန် ပြောဆိုထား သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၅၂ သန်းကျော် ကုန်သွယ်မှု ပြုလုပ်ထားကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဋ္ဌာနက ထုတ်ပြန်ထားပြီး၊ နေ့စဉ်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ လေးသိန်းနီးပါးရှိကြောင်း မြန်မာ့ မဟာဗျူဟာ နှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP Myanmar)၏ ယခုနှစ် ဧပြီ ၁၃ ရက်နေ့က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ကချင်ပြည်နယ်အတွင်းရှိ နယ်စပ်ဂိတ်ကြီးများဖြစ်သည့် လွယ်ဂျယ်နှင့် ကန်ပိုက်တီတို့ကို KIA က ထိန်းချုပ်ထားသလို တပိုင်တနိုင် ကုန်သွယ်နေသော ကန်ဖန်၊ ဖီမော်၊ စဂျီ၊ ပန်ဝါ၊ ခါရှန်၊ ပါဂျောင်၊ လိုင်ဇာ၊ မိုင်ဂျာယန်၊ မံဝိန်းကြီးဂိတ်များ အားလုံးကိုလည်း KIA က ထိန်းချုပ်ထားသည်။
မြန်မာ-တရုတ် နယ်စပ်တွင် တရားဝင်နယ်စပ်ကုန်သွယ်ရေး စခန်းကြီးများအနေဖြင့် ကချင်ပြည်နယ်ရှိ လွယ်ဂျယ်၊ ကန်ပိုက်တီ ၊ ရှမ်းပြည်မြောက်ပိုင်းရှိ မူဆယ်(၁၀၅)မိုင် ၊ ချင်းရွှေဟော် ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံ-မိုင်းလား နယ်စပ်ကုန်သွယ်ရေးစခန်းကြီး ၅ ခုရှိပြီး အများစုကို တော်လှန်ရေးအဖွဲ့အစည်းများက ထိန်းချုပ်ထားသော်လည်း တရုတ်က စစ်ကောင်စီအလိုကျ ရှမ်းမြောက်နှင့် ကချင်တို့တွင် ပိတ်ဆို့ဖိအားပေးမှုများကို ပြုလုပ်ထားဆဲဖြစ်သည်။
You may also like these stories:
တရုတ်ဖိအားကြား လားရှိုးကို MNDAA အင်အားဖြည့်
ကန်ပိုက်တီ ကုန်သွယ်ရေးလမ်း KIA စစ်ဆင်၊ စခန်း ၃ခု ရရှိ
ကန်ပိုက်တီလမ်းပိတ်၍ ဝိုင်းမော်နှင့် မြစ်ကြီးနား စက်သုံးဆီပြတ်