ChatGPT ရဲ့ ဖန်တီးရှင် OpenAI အနေနဲ့ မကြာသေးခင်က ၎င်းတို့ရဲ့ Chatbot နဲ့ ပေါင်းစပ်သွားလို့ရမယ့် Web Browser တခု ဖန်တီးဖို့ ခြေလှမ်းပြင်နေပါတယ်။
အဲဒီ ခြေလှမ်းဟာ ရှာဖွေမှု စနစ်တွေ ပိုကောင်းလာစေဖို့ အတွက် ဖြစ်ပြီး သီးခြား ဆွေးနွေးမှု နဲ့ သဘောတူညီမှု ရဖွယ် ရှိတယ်လို့ နည်းပညာ ဆိုင်ရာ The Information သတင်းဌာနက ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ထုတ်ပြန်ပါတယ်။
OpenAI ဟာ Browser ဖန်တီးဖို့အတွက် Application နဲ့ Website ဖန်တီးသူတွေ ဖြစ်တဲ့ Conde Nast, Redfin, Eventbrite နဲ့ Priceline တို့လို ကုမ္ပဏီတွေနဲ့ စကားပြောခဲ့တယ် လို့လည်း ဒီဇိုင်းနဲ့ နမူနာပုံစံတွေ တွေ့မြင်ခဲ့ရသူတွေကို ကိုးကားပြီး ဖော်ပြထားတာပါ။
ဒီအရွေ့ဟာ Sam Altman ဦးဆောင်နေတဲ့ OpenAI ကုမ္ပဏီ အတွက်တော့ ရှာဖွေရေးနဲ့ Browser ဈေးကွက်ကို ဦးဆောင် နေတဲ့ Google ကို ယှဉ်ပြိုင်မှု ဖြစ်သွားနိုင်တယ် လို့လည်း ဆိုပါတယ်။
OpenAI ဟာ ရှာဖွေရေး ဈေးကွက်ထဲကို SearchGPT နဲ့ အတူ ဝင်ရောက်ထားပြီး ဖြစ်တယ် လို့လည်း သိရပါတယ်။
၂၀၂၂ နှစ်ကုန်ပိုင်းမှာ ChatGPT ထွက်ပေါ်လာကတည်းက Google ပိုင်ရှင် Alphabet ဟာ ၎င်းတို့ရဲ့ AI စွမ်းရည်ကို မြှင့်တင်ဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပြီး မနှစ်ကတော့ ကိုယ်ပိုင် AI Chatbot ဖြစ်တဲ့ Gemini ကို ထုတ်နိုင်ခဲ့တယ် လို့လည်း ဆိုပါတယ်။
Alphabet ရဲ့ ရှယ်ယာတွေဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ၅ ရာခိုင်နှုန်း ဝန်းကျင် အလျော့နဲ့ ဈေးပိတ်ခဲ့ပြီး Extended trading မှာ ၁ ရာခိုင်နှုန်းခန့် ကျဆင်းသွားတယ်လို့ သိရပါတယ်။
အွန်လိုင်း ရှာဖွေရေးမှာ တဦးတည်း ခြယ်လှယ်ခွင့် ရနေတာကို အဆုံးသတ်ဖို့ Google အနေနဲ့ ၎င်းတို့ရဲ့ Chrome Browser ကို ရောင်းချသင့်တယ်လို့ အမေရိကန် တရားရေး ဌာနက ပြောကြားခဲ့ပြီးနောက် Browser ဈေးကွက်မှာ Google ရဲ့ လွှမ်းမိုးမှုဟာ မရေမရာ ဖြစ်လာတယ် လို့လည်း ဆိုပါတယ်။
OpenAI က Google ရဲ့ အဓိက စီးပွားရေးမိတ်ဖက် ကုမ္ပဏီဖြစ်တဲ့ Samaung ရဲ့ ထုတ်ကုန်တွေမှာ AI (ဉာဏ်ရည်တု) လုပ်ဆောင်ချက်တွေ ထည့်သွင်းဖို့ ဆွေးနွေးခဲ့တယ် ဆိုပြီးလည်း အဆိုပါ အကြောင်းကို အကြမ်းဖျင်း သိထားသူတွေကို ကိုးကားပြီး The Information က ဖော်ပြခဲ့ပါတယ်။
OpenAI ဟာ Apple နဲ့လည်း ပူးပေါင်းမှု ပြုလုပ်ထားခဲ့တာ ဖြစ်ပြီး iPhone အသစ်တွေမှာပါတဲ့ Apple Intelligence လုပ်ဆောင်ချက်တွေဟာ OpenAI ရဲ့ နည်းပညာကို အသုံးပြုပြီး ထည့်သွင်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း OpenAI အနေနဲ့ Browser တခု စတင်နိုင်ဖို့က ကြာဦးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
Google, OpenAI နဲ့ Samsung တို့ကို မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် တစုံတရာ တုံ့ပြန်မှု မရှိခဲ့ဘူး လို့လည်း သိရပါတယ်။
Ref : Reuters