ပြည်တွင်းစစ် ဖြစ်နေသောမြန်မာမှ မက်သာဖက်တမင်း ၅ ဒသမ ၅ တန် မှောင်ခိုကူးလာသည့် ငါးဖမ်းလှေကို ဖမ်းမိသောကြောင့် အကြီးမားဆုံး မူးယစ်ဆေးမှောင်ခိုမှုအဖြစ် ဖမ်းမိခြင်းဖြစ်ကြောင်း အိန္ဒိယ ကမ်းခြေစောင့်တပ်က နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကြေညာသည်။
အိန္ဒိယကမ်းခြေစောင့်တပ် (ICG) လေကြောင်းထောက်လှမ်းရေး ကင်းလှည့်ယာဉ်သည် မြန်မာနှင့် အိန္ဒိယကြားတွင် တည်ရှိသည့် ကပ္ပလီပင်လယ်တွင် သံသယရှိဖွယ် သွားလာနေသည့် ငါးဖမ်းလှေတစီးကို တွေ့ရှိရာမှ ထိုဖြစ်ရပ်ကို စတင်တွေ့ရှိခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသား ခြောက်ဦး ပါသည့် ငါးဖမ်းသင်္ဘောသည် အိန္ဒိယရေပိုင်နက်အတွင်း ဝင်ရောက်လာသည့် နိုဝင်ဘာလ ၂၄ ရက်နေ့ အရုဏ်တက်ချိန်တွင် ကမ်းခြေစောင့်ရေယာဉ်တစီးကို စေလွှတ်လိုက်ပြီး တက်ရောက် စစ်ဆေးသည်ဟု ကမ်းခြေစောင့်တပ် ကြေညာချက်တွင် ဖော်ပြထားသည်။
“တက်ရောက်စစ်ဆေးသည့်အဖွဲ့သည် တားမြစ် မက်သာဖက်တမင်း ၅,၅၀၀ ကီလိုဂရမ်ခန့် တွေ့သည်” ဟု ထိုကြေညာချက်တွင် ဖော်ပြသည်။
“ထိုသို့ဖမ်းဆီးမှုသည် အိန္ဒိယကမ်းခြေစောင့်တပ်က အများဆုံး ဖမ်းမိခြင်းဖြစ်သောကြောင့် အိန္ဒိယ ရေပိုင်နက်ကို ကာကွယ်ရန် ICG တပ်ဖွဲ့၏ တင်းကျပ်ရမည့်ကိစ္စကို မီးမောင်းထိုးပြနေသည်။
ထိုသင်္ဘောကို အိန္ဒိယရေတပ်စခန်းတခုသို့ ခေါ်ဆောင်လာသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချပြီးနောက် ဖြိုခွဲမှုများတွင် လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပွားပြီး မြန်မာနိုင်ငံ ဖရိုဖရဲ ဖြစ်နေသည်။
မြန်မာမှ ရှမ်းပြည်နယ်သည် ဓာတုဆေးဝါး ထိပ်တန်းရင်းမြစ်ဖြစ်ပြီး ထိုဓာတုဆေးအများစုကို ထိုင်းနယ်စပ်အနီး လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် တောတွင်းမှ လျှို့ဝှက်ဓာတ်ခွဲခန်းများတွင် ထုတ်လုပ်ကြသည်။
မူးယစ်ဆေးထုတ်လုပ်သူများသည် တရုတ်နှင့် ထိုင်းမှ ကုန်းလမ်းဖြင့် မူးယစ်မှောင်ခိုရာတွင် ပိုမိုတင်းကျပ်သည့် စစ်ဆေးမှုများကို ရှောင်ရှားရန် သင်္ဘောဖြင့် မူးယစ်မှောင်ခိုခြင်းကို ပိုမိုအသုံးပြုလာကြသည်။
၂၀၂၃ ခုနှစ်အတွင်း အရှေ့နှင့် အရှေ့တောင်အာရှတွင် မက်သာဖက်တမင်း တန် ၁၉၀ စံချိန်တင် ဖမ်းမိသည်ဟု မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNDOC) က ဖော်ပြသည်။
အိန္ဒိယက ဖမ်းမိသည့် ထိုမူးယစ်ဆေးပမာဏသည် ပြင်ပတွင် ရောင်းချပါက ဒေါ်လာသန်းပေါင်းများစွာ တန်နိုင်သည်။
သို့သော် ထိုမူးယစ်ဆေးကို အကြီးအကျယ် ထုတ်လုပ်နေသောကြောင့် မက်သာဖက်တမင်း လက်ကားဈေးသည် ထုတ်လုပ်ရာဒေသများတွင် ၁ ကီလိုဂရမ်လျှင် ဒေါ်လာ ၄၀၀ အထိ ကျဆင်းနေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ပြောသည်။
ကိုးကား ။ ။ AFP သတင်း India’s coast guard seizes 5.5 tonnes of Myanmar meth in its ‘biggest’ drug bust
You may also like these stories:
မြန်မာနယ်စပ်ဖြတ်ကျော် မူးယစ်ဆေးမှောင်ခိုမှု မြင့်တက်လာဟု ထိုင်းပြော
လူသိနည်းသော ကမ္ဘာ့အကြီးမားဆုံး မူးယစ်ရာဇာများ
CIA အရာရှိ စာအုပ်နောက်ကွယ်မှ မြန်မာစစ်တပ်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး
ရွှေတြိဂံ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု
စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးမှောင်ခိုမှု တိုးလာ