လပေါင်းများစွာ တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီနှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အကြား ရှမ်းပြည်မြောက်ပိုင်းမှ သေနင်္ဂဗျူဟာအရ အရေးပါသည့် တောင်ခမ်းကျေးရွာနှင့် ၎င်းအနီးရှိ နောင်ချိုမြို့နယ် ထိန်းချုပ်ရေးတိုက်ပွဲများသည် ရှေ့မတိုး နောက်မဆုတ် အခြေအနေဖြစ်နေသည်။
တောင်ခမ်းသည် နောင်ချိုနှင့် ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အကြား လမ်းပေါ်မှ ရွာကြီးတရွာ ဖြစ်သည်။ ၎င်းသည် ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းကို ချိတ်ဆက်ထားသည့် အရေးပါသော ဝင်ပေါက်လည်း ဖြစ်သည်။
တိုက်ပွဲများ သုံးလကြာ ဖြစ်ပွားပြီးနောက် မည်သည့်ဘက်မှ တောင်ခမ်းကျေးရွာနှင့် ပတ်ဝန်းကျင်ဒေသများကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိပေ။
လက်ကျန် စစ်ကောင်စီတပ်ဖွဲ့များကို ချေမှုန်းချီတက်ရမည့်အစား TNLA သည် ထိုးစစ်တံ့သွားသည်။ တချိန်တည်းတွင် စစ်ကောင်စီသည် ရှမ်းပြည်တောင်ပိုင်းမြို့တော် တောင်ကြီးရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)၊ ဗထူးတပ်နယ်နှင့် ရပ်စောက်မှ တပ်များကဲ့သို့ အခြားဒေသများမှ တပ်များကို ရပ်စောက်-ကျောက်ဂူ-နောင်ချိုလမ်းမှတဆင့် တောင်ခမ်းတွင် တပ်များကို အားဖြည့်နေသည်။
“တောင်ခမ်းအခြေအနေက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတယ်။ စစ်ကောင်စီက တပ်အင်အား ဆက်လက်ဖြည့်နေပြီး TNLA က ခံစစ်ကြောင်းတွေကို ထိန်းချုပ်ထားတယ်။ တောင်ခမ်းနဲ့ အနီးက တောင်ရွှေကျေးရွာက တချို့နေရာတွေကို ပြန်လည် ထိန်းချုပ်လိုက်တယ်။ မကြာသေးမီ ရက်တွေအတွင်း လေကြောင်းတိုက်ခိုက်မှုလည်း တိုးလာတယ်” ဟု တောင်ခမ်းပဋိပက္ခကို အနီးကပ်စောင့်ကြည့်နေသည့် သတင်းရင်းမြစ်တဦးက ပြောသည်။
နောင်ချိုမြို့နယ်တောင်ပိုင်း ဒုဋ္ဌဝတီတံတား အနောက်ဘက်တွင် တည်ရှိသည့် တောင်ခမ်းကျေးရွာသည် စစ်ကောင်စီ၏ အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲရေးဌာနချုပ် (မစခ) နှင့် အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမှတ် ၃၅၄၊ ၂၀၆ နှင့် ၄၀၆ အမြောက်တပ်ရင်းများ တည်ရှိသောနေရာဖြစ်သည်။ အမှတ် ၉၀၂ မစခ သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဒေသတွင် တခုတည်းသော အမြောက်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး အမြောက်တပ်ရင်း ၁၃ ရင်းကို ကွပ်ကဲသည်။
TNLA သည် အမြောက်တပ်ရင်း ၄၀၆ နှင့် ၂၀၆ ကို သြဂုတ်လ ၂၈ ရက်နေ့တွင် သိမ်းပိုက်သည်။ အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲရေးဌာနချုပ်နှင့် အမှတ် ၃၅၄ အမြောက်တပ်ကိုသာ သိမ်းပိုက်ရန် ကျန်သည်။
အောက်တိုဘာလနှင့် စက်တင်ဘာလတွင် ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်သော TNLA သည် ထိုလက်ကျန်တပ်စခန်းများကို သိမ်းပိုက်ရန် စစ်ဆင်ရေးလုပ်သော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြီး ပြင်ဦးလွင်ရှိ ၎င်းတို့စခန်းများမှာ အမြောက်ပစ်ကူပေးသည်။
TNLA က ခံစစ်သေနင်္ဂဗျူဟာ ပြောင်းလဲလိုက်ပြီး စစ်ကောင်စီက ဆုံးရှုံးသွားသောဒေသများကို ပြန်လည် သိမ်းပိုက်ရန် ကြိုးစားမှုသည် မအောင်မြင်သောကြောင့် တောင်ခမ်းတိုက်ပွဲသည် ရှည်ကြာနေသည်ဟု နိုင်ငံရေးနှင့် စစ်ရေးလေ့လာသုံးသပ်သူတဦးက ပြောသည်။
“စစ်ကောင်စီက တောင်ခမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရင် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုကို သူတို့ ထိုးဖောက်ဖို့လွယ်မယ်။ ဒါကြောင့် TNLA က တောင်ခမ်းမှာ ခံစစ်စည်း အခိုင်အမာ ထူထောင်ထားတယ်” ဟု ၎င်းက ပြောသည်။
ညီနောင်မဟာမိတ်အဖွဲ့သည် လွန်ခဲ့သောနှစ် နှောင်းပိုင်းက ၁၀၂၇ စစ်ဆင်ရေး ပထမဆင့်အတွင်း မြို့နှင့်တပ်ရင်း ဒါဇင်ပေါင်းများစွာကို သိမ်းပိုက်ခဲ့သည်။
တရုတ်ကြားဝင်သည့် အပစ်အခတ်ရပ်စဲရေး ပျက်ပြားပြီး ထိုစစ်ဆင်ရေးကို ဇွန်လနှောင်းပိုင်းတွင် ပြန်လည် စတင်သည်။ ထိုအချိန်မှစတင်ပြီး ညီနောင်မဟာမိတ်အဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် လားရှိုးသာမက မန္တလေးတိုင်းမှ မတ္တရာနှင့် မိုးကုတ်မြို့များကိုလည်း သိမ်းပိုက်သည်။
နောင်ချိုကို သိမ်းပိုက်ပြီး နှစ်လအကြာ သြဂုတ်လ ၁၁ ရက်နေ့တွင် TNLA နှင့် မဟာမိတ်တပ်များသည် တောင်ခမ်းနှင့် မက်မန်းတောကို တိုက်ခိုက်မှု စတင်ပြီး အမြောက်တပ်ရင်း ၄၀၆ နှင့် ၂၀၆ ကို နှစ်ပတ်အတွင်း သိမ်းယူသည်။
စစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပွိုင့် ၁၁၃၀ တောင်ကုန်းကို ပြန်လည် သိမ်းပိုက်သည်ဟု စစ်ကောင်စီ လော်ဘီများက သတင်းတုဖြန့်သည်။ သို့သော် ထိုပြောဆိုမှုများနှင့် ပတ်သက်၍ ဒေသခံတဦးနှင့် TNLA အဖွဲ့ဝင်တဦးက စစ်ကောင်စီသည် တောင်ခမ်းမှ ဆုံးရှုံးသွားသည့် မည်သည်နယ်မြေကိုမှ ပြန်လည် မထိန်းချုပ်နိုင်ကြောင်း ပြောသည်။
သို့သော် တိုက်ပွဲများသည် နိုဝင်ဘာလအစောပိုင်းမှ စတင် ရပ်ဆိုင်းသွားပြီး တောင်ခမ်းမှ အခြေအနေသည် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသည်။
တောင်ခမ်းသည် TNLA လက်သို့ကျပါက နိုင်ငံမြောက်ပိုင်းမှ အသစ်ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ပြင်ဦးလွင်နှင့် မန္တလေးကဲ့သို့ စစ်တပ်အချက်အခြာဒေသများကို အလွယ်တကူ ထိုးဖောက်နိုင်မည်ဟု ရှမ်းတိုင်းရင်းသား နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးက ပြောသည်။
“မြောက်ပိုင်းက အင်အားစုတွေဟာ ကရင်နီ (ကယား) ပြည်နယ်က အင်အားစုတွေနဲ့လည်း အလွယ်တကူ ဆက်သွယ်နိုင်မယ်။ အဲဒီနောက်မှာ သူတို့ဟာ စစ်ကောင်စီအခြေစိုက်စခန်းတွေကို သေနင်္ဂဗျူဟာအရ ညှိနှိုင်းထိုးစစ် လုပ်နိုင်မယ်။ တော်လှန်ရေးအင်အားစုဟာ စစ်ကောင်စီ ဗဟိုချက် နေပြည်တော်ကို လအနည်းငယ်အတွင်း ခြိမ်းခြောက်နိုင်မယ်” ဟု ၎င်းက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta, TNLA at a Stalemate in Battle for Key Location in Shan State ကို ဘာသာပြန်သည်။)
You may also like these stories:
ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ရေးအခြေအနေ TNLA သတိပေး (ရုပ်/သံ)
စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း TNLA ပြော
ရှမ်းတောင်-မြောက်ဆက်သည့် ဗျူဟာလမ်း စစ်ကောင်စီပိတ်
စစ်ကောင်စီရဲ့ ရှမ်းမြောက် ပြန်လှန်ထိုးစစ် ဆိုသည်မှာ
တရုတ်ဖိအားပေးသည့် ကြားက သီပေါနယ်ကို TNLA အလုံးစုံ ထိန်းချုပ်