ထိုင်းနိုင်ငံမြောက်ပိုင်း ဖီချစ်ပြည်နယ်မှ ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် နေရာနှစ်ခုတွင် အလောင်း ၇၃ လောင်းကို ခွင့်ပြုချက်မရဘဲ သိမ်းဆည်းထားသည့် ဘုန်းကြီးများကို အာဏာပိုင်များက စုံစမ်းစစ်ဆေးနေသည်။
လွန်ခဲ့သော သီတင်းပတ်တွင် အလောင်း ၄၁ လောင်း တွေ့ရသည့် ဖိုထာလီခရိုင်၊ ဘန်နွိုင်မြို့နယ်ရှိ ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းကို စုံစမ်းစစ်ဆေးနေသည်။
ဘန်မန်နက်ခရိုင်၊ နိုအန်မကောက်ရှိ ဝပ်ပါဆီဝီလိုင်ကျောင်းတွင်လည်း အခြားအလောင်း ၃၂ လောင်းကို သိမ်းဆည်းထားကြောင်း စုံစမ်းစစ်ဆေးမှုအရ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် သိရသည်။
ထိုင်းရဲတပ်ဖွဲ့သည် ပါနခွန်ချိုင်ဘိုဗွန် ကျောင်းထိုင်ဆရာတော် ဖရာ အာဂျန် ဆိုင်ဖွန် ပညာသီတောကို စစ်မေးနေသည်။ ထိုဆရာတော်သည် ယခင်က ဝပ်ပါဆီဝီလိုင်ကျောင်းတွင် ကျောင်းထိုင်ပြီး နောက်ပိုင်းတွင် သူ၏တပည့်များကို ထိုကျောင်းအား ကြီးကြပ်စေခဲ့သည်။
အဆိုပါ ဆရာတော်များသည် တရားထိုင်ရာတွင် အထောက်အကူဖြစ်စေရန် ထိုနေရာ နှစ်ခုလုံးတွင် အလောင်းများကို သိမ်းဆည်းထားသည်ဟု အရာရှိများကို မိန့်ကြောင်း ဘန်မန်နက်ခရိုင်အကြီးအကဲ ထုံချိုင် ခမ်မက်ထုံက ပြောသည်။
အလောင်းများကို ထို နှစ်နေရာလုံးတွင် မြှုပ်နှံထားသည်။ ထိုအလောင်းများသည် ကွယ်လွန်သွားသော နောက်လိုက်များနှင့် ၎င်းတို့ ဆွေမျိုးများဖြစ်ကြောင်း၊ ကွယ်လွန်သူများက အလောင်းများကို သိမ်းဆည်းထားရန် သဘောတူခဲ့ကြောင်း ဝပ်ပါဆီဝီလိုင် ကျောင်းထိုင်ဆရာတော်က အာဏာပိုင်များကို မိန့်သည်။
ထိုနေရာ နှစ်ခုတွင် အလောင်းများရှိခြင်းသည် သင်္ချိုင်းများ၊ သုသာန်များနှင့်ပတ်သက်သည့် ဥပဒေကို ချိုးဖောက်ခြင်း ရှိ၊ မရှိ အာဏာပိုင်များက ဆုံးဖြတ်မည်ဖြစ်ကြောင်း မစ္စတာ ထုံချိုင်က ပြောသည်။
ဒေသအာဏာပိုင်များသည် အလောင်းများ မည်သူမည်ဝါ ဖြစ်သည်ကို စစ်ဆေးနေသည်။ စုံစမ်းစစ်ဆေးနေသောကြောင့် ထိုနေရာ နှစ်ခုလုံးကို ယာယီပိတ်ထားသည်။ ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။
ထိုဗုဒ္ဓဘာသာနေရာ နှစ်ခုတွင် အမှားအယွင်းတစုံတရာ ရှိ၊ မရှိ သက်ဆိုင်ရာအာဏာပိုင်များ စစ်ဆေးနေကြောင်း ဖိုထာလီခရိုင်အကြီးအကဲ ရူအန်ဒတ် ဆွိုင်ခမ်က ပြောသည်။
ကိုးကား ။ ။ Bangkok Post သတင်း Monks under probe for keeping 73 corpses in Thailand’s Phichit province
You may also like these stories:
ဘတ် ၇ သန်းတန် ဇိမ်ခံကားကို လက်ခံသောကြောင့် ထိုင်းဘုန်းကြီး ဝေဖန်ခံနေရ
မြန်မာပြည်ဖွား ဘိက္ခူနီက ထိုင်းနှင့် ထိုင်ဝမ်၌ ဘာသာရေးတန်းတူညီမျှရေး လှုပ်ရှားမှုကို ဦးဆောင်နေ
Netflix ရဲ့ ထိုင်းဇာတ်လမ်းတွဲ The Believers က ဖြစ်ရပ်မှန်လား
ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် ဦးဝီရသူ၏ တရားပွဲ ပိတ်ပင်ခံရ