ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပြင်ရှိ စစ်ကောင်စီ တပ်စွဲထားသောနေရာများနှင့် စစ်စခန်းများကို နိုဝင်ဘာ ၄ ရက်မှ ၂၀ ရက်အတွင်း ထိုးစစ်အပြီး တောင်ကုတ်မြို့တခုလုံးအား အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။
တောင်ကုတ်မြို့ပြင်ပရှိ တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ်နှင့် ရာဘာခြံရှိ စခန်းများ၊ တောင်ကုတ်တက္ကသိုလ် ကျောင်းဝင်းတခုလုံးတွင် စစ်တပ်အခိုင်အမာ စခန်းချနေထိုင်ခဲ့သည့် တက္ကသိုလ်ကျောင်းဆောင်များ၊ အာလိမ်ငါးဆင့် ဘုရားကုန်း၌ တပ်စွဲထားသောစခန်း၊ ဖုန်ညိုရွာ၊ ဘုန်းကြီးကျောင်းအနီးတောင်ကုန်းနှင့် ဖုန်ညိုတံတားအနီးရှိစခန်းများ၊ တောင်ကုတ်မြို့အဝင် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) ဂိတ်စခန်း၊ သိမ်တောင်ရပ်ကွက် ဆုတောင်းပြည့် ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသောစခန်း၊ ကြိုးကြာကွင်းဂိတ်စခန်း၊ ကိုင်းရှည်တံတားထိပ်ရှိစခန်း၊ သီရိဆေးရုံ၊ ဂုဏ်နေဒေါက်ကျင်း၌ တပ်စွဲထားသောစခန်းနှင့် မြို့အတွင်းရှိ တောင်ကုတ်မြို့မရဲစခန်းတို့အား ၁၇ ရက်ကြာ ထိုးစစ်အပြီး သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
တောင်ကုတ်မြို့ခံတဦးက “အစကတော့ စကစက တောင်ကုတ်မြို့အထွက်က လမ်းတွေကို ချိုးထားတယ်။ ကျနော်တို့ အိမ်ကဆိုရင် ဖောင်တော်ဦးဘုရားအနားမှာ ရှိတယ်။ အဲဒီနေ့မတိုင်ခင်ကတော့ စစ်တပ်က အဲဒီနားမှာ တပ်တွေဘာတွေ လာစွဲတာရှိတော့ ကျနော်တို့မိသားစုက တောင်ကုတ်မြို့ရဲ့ နောက်ထပ်တနေရာကို သွားရှောင်နေကြတယ်။ နှစ်ရက်လောက် နေလို့ အိမ်ပြန်လာတော့ AA က ရောက်နေပြီ။ စစ်တပ်က မရှိတော့ဘူး။ သူတို့ (AA) က ကျနော်တို့ မိသားစုကို ပြောတယ်။ မနေနဲ့တော့ပေါ့။ ရှောင်မယ်ဆိုရင် မအီမှာရှောင်လို့ရတယ်။ သူတို့ မအီမှာ Camp တွေဘာတွေ လုပ်ပေးထားတာရှိတယ် ပြောတယ်။ အဲဒါနဲ့ပဲ သူတို့အကူအညီနဲ့ပဲ ထွက်တယ်” ဟု ပြောသည်။
တောင်ကုတ်မြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီစခန်းများအားလုံးကို သိမ်းပိုက်ရယူပြီးနောက် ကျန်ရှိနေသေးသော တောင်ကုတ်မြို့အခြေစိုက် အဓိက စခန်းကြီးများဖြစ်သော စကခ ၅ တပ်မဌာနချုပ်နှင့် စကခ ၅ လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခြေမြန်တပ်ရင်း ခမရ ၃၄၆ နှင့် ခမရ ၅၄၄ တပ်ရင်းဌာနချုပ်စခန်းများကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းလည်း AA က အသိပေးထားသည်။
AA အနေဖြင့် တောင်ကုတ်ရှိ လက်ကျန်စစ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေသည့်အပြင် အမ်း၊ ဂွ မြို့နယ်များ အတွင်းရှိ စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး မောင်တောမြို့ ၌ တခုတည်းကျန်ရှိနေသေးသော နယ်ခြားစောင့် စခန်း (နခခ ၅) ကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး ဆက်လက်ထိုးစစ်ဆင်လျက်ရှိကြောင်း သိရသည်။
CDM ဗိုလ်ကြီး ဇင်ယော်က “စကခ ၅ ဆိုတာလည်း နေရာစုံမှာ ပြုတ်ပါပြီ။ ကျန်တဲ့တပ်ရင်းနှစ်ရင်းကလည်း နောက်ချန်အင်အားတွေပဲ ရှိတာပေါ။ အဲဒါကြောင့် သူတို့ သုံးတပ်ပေါင်းပြီး နောက်ဆုံး ခံစစ်ဆင်နေတဲ့ အနေအထားလို့ ပြောရမှာပါဗျ။ ပထမကတည်းက တောင်ကုတ် စကခ ၅ အတွင်းသတင်းတွေအရ တကယ်သာ AA လာတိုက်ရင် သူတို့တွေ လက်နက်ချရင်ချ မချရင် အညံ့ခံရမယ်ပေါ့။ သူတို့ ကြာကြာတောင့်မခံနိုင်ဘူးဆိုတဲ့ အရာရှိစစ်သည်တွေရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်ခံစားနေရတာ စုံစမ်းသိရှိရပါတယ်” ဟု မှတ်ချက်ပြုသည်။
AA အနေဖြင့် တောင်ကုတ်မြို့ကို ထိန်းချုပ်ထားနိုင်မည်ဆိုပါက တောင်ကုတ်မှ မအီနှင့် ဂွမြို့များအား ဆက်သွယ်ထားသော လမ်းတလျှောက်ကို ထိန်းချုပ်နိုင်မည့်အပြင် ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းသို့ထွက်သည့် လမ်းကြောင်းတခုကိုလည်း ထိန်းချုပ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
တောင်ကုတ်မြို့ရှိ စစ်တပ်စခန်းများကို AA မှ ထိုးစစ်မစတင်မီကတည်းကပင် တောင်ကုတ်မြို့အား ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားခဲ့သည့်အပြင် စစ်ကောင်စီစခန်းအနီးရှိ ဒေသခံပြည်သူများကိုလည်း ဘေးလွတ်ရာသို့ ခေါ်ဆောင်ထားပြီး အထိခိုက်အနည်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ပြင် တောင်ကုတ်မြို့ပြင်နှင့် မြို့အတွင်းမှ ဒေသခံများအား ဘေးလွတ်ရာ ရွှေ့ပြောင်းရန် ဆော်သြထားပြီး အများစုကို ရွှေ့ပြောင်းထားခဲ့သော်လည်း ရှောင်တိမ်းခြင်းမရှိဘဲ ကျန်ခဲ့သူများလည်းရှိခဲ့ကြောင်း၊ ယခုအခါ တောင်ကုတ်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တယောက်မျှမရှိတော့ဘဲ AA မှ ထိန်းချုပ်လိုက်ပြီ ဖြစ်သော်လည်း ဒေသခံပြည်သူအချို့နှင့် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူရန်ချောင်းနေကြသော တောကြောင်သူခိုးများသာ ကျန်တော့ကြောင်း AA က ဆိုသည်။
ထို့ကြောင့် လက်ကျန်ပြည်သူများ၏ အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် ဘေးလွတ်ရာသို့ ဆက်လက်ရွှေ့ပြောင်းရွှေ့ ပေးလျက်ရှိကြောင်း၊ AA မှ တောင်ကုတ်မြို့အား အလုံးစုံမထိန်းချုပ်နိုင်စဉ်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြိုအတွင်းမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သော ကြောင့် ပြည်သူပိုင်ပစ္စည်း၊ လူနေအိမ်နှင့် တိုက်တာအဆောက်အအုံအချို့ ပျက်စီးသွားခဲ့ကြောင်း ၎င်းတို့က ဆိုထားသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်မှ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
အာရက္ခတပ်တော် (AA) သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် စစ်ဆင်ရေးကို ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ စစ်ဆင်ရေး ၁ နှစ်ပြည့်ကာလအတွင်း ယခု တောင်ကုတ် အပါအဝင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် သံတွဲမြို့နယ်များကို သိမ်းပိုက်ထားသည်။
You may also like these stories:
ရခိုင်စစ်မျက်နှာတွင် ပြင်းထန်နေသည့် တိုက်ပွဲကြီး ၄ ခု
အမ်းတွင် ရဟတ်ယာဉ် ၁ စီး AA ပစ်ချ
ကျောက်တော် ခမရ ၅၃၉ တပ်ရင်း AA ထံ လက်နက်ချ