ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်မြို့ရှိ ဆင်ဖြူဂိတ်မှ စက်သုံးဆီ၊ မီးဖိုချောင်သုံးအသီးအနှံများ၊ အသား ငါး အစရှိသည်တို့ကို နိုဝင်ဘာ ၂၉ ရက်မှစ၍ ခွင့်ပြုချက်အထောက်အထားများဖြင့် ပြန်လည်သယ်ဆောင်ခွင့်ပေးမည် ဖြစ် ကြောင်း မူဆယ်နယ်စပ်ဒေသအာဏာပိုင်ရုံးက နိုဝင်ဘာ ၂၈ ရက်နေ့ ရက်စွဲဖြင့် ကြေညာထားသည်။
ယခုကဲ့သို့ သယ်ဆောင်ခွင့်ပြုရာတွင်လည်း ထောက်ခံချက်များယူရမည့်အပြင် မဲနှိုက်စနစ်ဖြင့် နေ့စဉ် ဆိုင်ကယ်အစီးရေ ၂၀၀၊ မော်တော်ယာဉ် အစီးရေ ၅၀ သာ ခွင့်ပြုပေးမည်ဟုလည်း ကန့်သတ်ထားသည်။
ထိုသို့ မီးဖိုချောင်သုံးအသီးအနှံ၊ အသားငါးများကို ဆင်ဖြူဂိတ်မှတဆင့်သယ်ယူရန် မူဆယ်ကုန်သည်ကြီးများအသင်းရုံး၌ တင်သွင်းခွင့်ထောက်ခံချက်ကို နိုဝင်ဘာ ၂၉ ရက် မနက် ၁၀ နာရီမှ ၄ နာရီအတွင်း ထုတ်ယူရမည်ဖြစ်ပြီး လာရောက် လျှောက်ထားရာတွင် ယာဉ်နှင့်အတူ မော်တော်ယာဉ်/ဆိုင်ကယ် သက်သေခံလက်မှတ် မူရင်း/ မိတ္တူ၊ မော်တော်ယာဉ် မှတ်ပုံတင်စာအုပ် မူရင်း/မိတ္တူ၊ ပိုင်ရှင်ကိုယ်စားလှယ် မူရင်း/မိတ္တူနှင့် ယာဉ်အရှေ့အနောက်ဘေး (ဓာတ်ပုံ သုံးပုံ) တို့ ပါရှိရမည်ဟု သတ်မှတ်ထားကြောင်း ကုန်သည်များထံက သိရသည်။
မူဆယ်နယ်စပ်ကုန်သည်တဦးက “နိုဝင်ဘာ ၂၉ ရက်မှာ စာရင်းပေးသွင်းထားတဲ့ မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေကို အများ ရှေ့မှာ မဲနှိုက်ပြီးတော့ ဆင်ဖြူဂိတ်က ဝင်ရောက်မယ့်နေ့ကို သတ်မှတ်ပေးမယ်။ တုံကင်ယူရမယ့် သဘောပေါ့။ ပြီးရင်တော့ နိုဝင်ဘာ ၃၀ ရက်ကစပြီး ဆင်ဖြူဂိတ်ကနေ မော်တော်ယာဉ် ၅၀ စီး၊ ဆိုင်ကယ် ၂၀၀ ခွင့်ပြုမယ်လို့ သိရတယ်” ဟု ပြော သည်။
ယခုလို ကုန်ပစ္စည်းတချို့အား တင်သွင်းခွင့်ပြုသော်လည်း အေးခဲအသားများနှင့် အခြားလူသုံးကုန်ပစ္စည်းများကို တင်သွင်း ခွင့် လုံးဝ မပေးကြောင်း ၎င်းက ပြောသည်။
ထို့ပြင် စက်သုံးဆီ တင်သွင်းခွင့်ကိုလည်း မူဆယ်မြို့နယ်အတွင်း တရားဝင်လိုင်စင်ရယူလုပ်ကိုင်လျက်ရှိသော ဘဏ်၊ တာဝါ တိုင်လုပ်ငန်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဟိုတယ်၊ မိုတယ်၊ တည်ခိုးခန်း၊ စားသောက်ဆိုင်၊ အလှပြင်ဆိုင်၊ ကားဝပ်ရှော့ တို့ အသုံးပြုလျက်ရှိသော မီးစက်များအတွက် သတ်မှတ်ထားသည့် ဂါလံအတိုင်း မူဆယ်စုပေါင်းရုံးတွင် မြို့နယ်အလိုက် ဝယ် ယူရေးနှင့် ဖြန့်ဖြူးရောင်းချရေး ကြီးကြပ်မှုကော်မတီသို့ လျှောက်ထားပြီး ခွင့်ပြုချက်ရယူ၍ တင်သွင်းရမည်ဟု နိုဝင်ဘာ ၂၇ ရက်၌ စစ်ကောင်စီက အသိပေးထားသည်။
မူဆယ်ဒေသခံနောက်တဦးက “ခွင့်ပြုချက်ရရင် စက်သုံးဆီ ဝယ်ယူခွင့်စာအုပ်လက်မှတ်လုပ်ဖို့ သက်ဆိုင်ရာဌာနက ခွင့်ပြု ချက် ထုတ်ပေးထားတဲ့ လုပ်ငန်းလိုင်စင် မူရင်းနဲ့မိတ္တူတွေ ယူခဲ့ရမယ်။ လျှောက်ထားသူ မှတ်ပုံတင် မူရင်း၊ မိတ္တူ ဒါတွေ လိုအပ်တယ်။ စက်သုံးဆီကို စတင်မယ့်ရက်ကတော့ လာမယ့် ဒီဇင်ဘာ ၂ ရက် ရုံးချိန်အတွင်း လာလုပ်ရမယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြောက်ပိုင်းမဟာမိတ် တပ်များက ၁၀၂၇ စစ်ဆင်ရေးတွင် တရုတ်၏ ဖိအားကြောင့် မူဆယ်မြို့ကို မသိမ်းဘဲ ကွက်ချန်ခဲ့သဖြင့် မူဆယ်သည် စစ်ကောင်စီလက်အောက်တွင် ရှိနေဆဲဖြစ်သည်။ မူဆယ်မြို့ပြင် တဝိုက်ကိုတော့ မြောက်ပိုင်းမဟာမိတ် တပ်များက စိုးမိုးထားသည်။
လက်ရှိ မူဆယ်မြို့၌ ကုန်ဈေးနှုန်းများတက်နေဆဲဖြစ်ပြီး ဆန်တပြည်လျှင် ၇၂၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်၊ စားဆီ တပိဿာ ၄၀၀၀၀ ကျပ်နှင့် စက်သုံးဆီ တလီတာ ကျပ် ၁၀၀၀၀ ကျော်အထိ မြင့်တက်နေကြောင်း ဒေသခံများထံက သိရသည်။
ယခုကဲ့သို့ စက်သုံးဆီနှင့် စားသောက်ကုန်များ တင်သွင့်ခွင့်ပြုလိုက်ခြင်းမှာ ကုန်စျေးနှုန်းအနည်းငယ် ကျဆင်းနိုင်ကြောင်း ဒေသခံများက ဆိုကြသည်။
နယ်စပ်ဂိတ်ပေါက်များကို တရုတ်ဘက်မှ ပိတ်လိုက်ပြီးနောက် မန့်ဝိန်းဂိတ်တခုတည်းမှသာ တရားဝင်ကုန်သွယ်မှု ပြုလုပ် မည်ဟုဆိုကာ ယင်းဂိတ်အား ယခုလ ၁၁ ရက်၌ တရုတ်ဘက်က ပြန်ဖွင့်ပေးခဲ့သော်လည်း စစ်ကောင်စီဘက်က လက်ရှိ အချိန်ထိ ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘဲ ဆင်ဖြူဂိတ်ကိုသာ ဖွင့်လှစ်ပေးခြင်းဖြစ်သည်။
မူဆယ်ဒေသခံနောက်တဦးက “အခုကတော့ မြန်မာဘက်က စာထွက်တာပေါ့။ တရုတ်ဘက်ကတော့ အကန့်အသတ်နဲ့ ပြီးခဲ့တဲ့တပတ်လောက်ကတည်းက ခွင့်ပြုထားတာ။ အခု မြန်မာဘက်က ထွက်တဲ့စာအရဆိုရင် မော်တော်ယာဉ်နဲ့ ဆိုင်ကယ် တောင် လိုင်စင်ပါတဲ့ဟာမှ ထွက်ရမယ်ဆိုတော့ ဒီမှာက လိုင်စင်မဲ့ကားတွေများတော့ အခက်အခဲတော့ ရှိတယ်။ ကျနော်တို့ ဆီမှာ အစီး ၁၀၀ မှာ ၉၀ လောက်က လိုင်စင်မဲ့တွေ။ နောက်တခုက မန့်ဝိန်းဂိတ်ကို စစ်ကောင်စီဘက်က ဖွင့်မဖွင့်တော့ ဒီဇင်ဘာ ၁ ရက်လောက်မှ သိရမယ်” ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် မူဆယ်သို့ ပြီးခဲ့သည့် လများတွင် တရုတ်ဘက်မှပိတ်ပင်ခြင်းများနှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပြည်မဘက်မှ မူဆယ်သို့ တင်သွင်းခွင့်ကို ပိတ်ထားခြင်း တို့ကြောင်း ကုန်ပစ္စည်းရှားပါးမှုနှင့်အတူ ကုန်စျေးနှုန်းကြီးမြင့်မှုကို ဒေသခံများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
စစ်ကောင်စီ ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည့် မူဆယ်သို့ ပြီးခဲ့သောအောက်တိုဘာ ၂၂ ရက်ကစတင်ပြီး တရုတ်ဘက်မှ ကုန်ပစ္စည်းတင်ပို့ခွင့်ကန့်သတ်ခြင်းနှင့် ပြည်မဘက်မှာလည်း လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေ၍ ကုန်စည်သယ်ယူရ ခက်ခဲခြင်းတို့ကြောင့် ကုန်ပစ္စည်းရှားပါးမှုနှင့်အတူ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် ဒေသခံများ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး လက်ရှိ အချိန်ထိ စက်သုံံးဆီဆိုင်များ အလှည့်ကျ ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။
You may also like these stories:
ကြံနှင့်ပြောင်း သယ်ယူနိုင်ရေး နယ်စပ်ဂိတ်တချို့ တရုတ် ပြန်ဖွင့်
နယ်စပ်ဂိတ်များ ပြန်ဖွင့်ရေး တရုတ်ဘက်မှ လုပ်ဆောင်လာ
တရုတ်က မန်ဝိန်းဂိတ်ဖွင့်သော်လည်း စစ်ကောင်စီ ဆက်ပိတ်ထား
စစ်ကောင်စီကဖမ်း တရုတ်က ပိတ်၍ ပြည်တွင်း၌ ကုန်စည်ပြတ်လပ်