ထိုင်းနိုင်ငံက အဆိုပြုထားသည့် “အသင်းအဖွဲ့များနှင့် ဖောင်ဒေးရှင်းများ” ဥပဒေသည် ယခင်က လက်ခံထားသည့် မြန်မာမှ လူထုအခြေပြုအဖွဲ့အစည်း (CSO) များနှင့် အဝေးရောက် မီဒီယာများကို ခြိမ်းခြောက်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီက မီဒီယာလွတ်လပ်ခွင့်၊ လူ့အခွင့်ရေးလုပ်ငန်းနှင့် လူသားချင်းစာနာမှုအကူအညီကို ဖိနှိပ်သောကြောင့် CSO များနှင့် မီဒီယာအများအပြား ထိုင်းနိုင်ငံသို့ ထွက်ပြေးကြသည်။
လွန်ခဲ့သောလတွင် ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးဌာနက အသင်းအဖွဲ့များနှင့် ဖောင်ဒေးရှင်းများဥပဒေကို မူကြမ်းရေးဆွဲသည်။
ထိုဥပဒေကြမ်းသည် ပြင်းထန်သော လုံခြုံရေးနှင့်ရင်းမြစ် စိန်ခေါ်မှုများအကြား လုပ်ကိုင်နေရသည့် အဖွဲ့အစည်းများကို ပိတ်ပစ်ရန် အတင်းအကျပ်လုပ်နေပြီး အရေးပါသည့် ပြည်သူလူထုကိုယ်စားပြုနှင့် လူသားချင်းစာနာမှု လုပ်ငန်းများကို ခြိမ်းခြောက်နေသည်။
ထိုဥပဒေကြမ်းအရ အထက်ပါ အဖွဲ့အစည်းများသည် ထိုင်းတွင် မှတ်ပုံမတင်လျှင် အမေရိကန်ဒေါ်လာ ၃,၀၀၀ ဒဏ်ငွေဆောင်ရမည် ဖြစ်သည်။ ထိုအဖွဲ့အစည်းများတွင် ခေါင်းဆောင်ပိုင်း ထက်ဝက်ကျော် အပါအဝင် ထိုင်းအဖွဲ့ဝင် အနည်းဆုံး ၃၀ ပါဝင်ရမည် ဖြစ်သည်။
မှတ်ပုံတင်ရန် ပျက်ကွက်ပါက ဒဏ်ငွေနှင့် ထောင်ဒဏ်အပါအဝင် ရာဇဝတ်ပြစ်ဒဏ်များကြောင့် ထိုဥပဒေကြမ်းသည် အခြေခံကျသော လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို ရာဇဝတ်မှုမြောက်စေသည်ဟု ဥပဒေဆိုင်ရာ အကျိုးအမြတ်မယူသော နိုင်ငံတကာစင်တာ (ICNL) က ယခုလတွင် ပြောသည်။
အကျိုးအမြတ် မယူသည့် အဖွဲ့အစည်းများ အာဏာပိုင်များထံတွင် မှတ်ပုံမတင်သောကြောင့်နှင့် အခြားအသေးစား ချိုးဖောက်မှုအတွက် ရာဇဝတ်ပြစ်ဒဏ် ချမှတ်ခြင်းကို နိုင်ငံတကာဥပဒေက တားမြစ်ထားကြောင်း ICNL က ပြောသည်။
ထိုဥပဒေကြမ်းသည် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများ၏ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ချိုးဖောက်သည်ဟု အထက်ပါစင်တာက ပြောပြီး နိုင်ငံတကာဥပဒေအရ အကျိုးအမြတ်မယူသည့် လှုပ်ရှားမှုများတွင် အစိုးရစွက်ဖက်မှု အနည်းဆုံးဖြစ်ရမည်ဟု ဆက်လက် ပြောကြားသည်။
အဆိုပြုဥပဒေကြမ်းသည် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို ကာကွယ်ပေးသည့် နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး လုံခြုံရေးအရ မှတ်ပုံမတင်နိုင်သည့် မြန်မာမှအဖွဲ့အစည်းများကို အကြီးအကျယ် ထိခိုက်နိုင်ကြောင်း မြန်မာလူ့အခွင့်အရေးအဖွဲ့ (HRM) က ပြောသည်။
ထိုသို့သော အဖွဲ့အစည်းများမှ အဖွဲ့ဝင် အများအပြားသည် ထိုင်းတွင် တရားဝင်အဆင့် မရှိသောကြာင့် ခေါင်းဆောင်ပိုင်းတွင် ထိုင်းအများစု ပါဝင်ရန် စည်းကမ်းချက်သည် မြန်မာမှ အဖွဲ့အစည်းများကို ထိုင်းနိုင်ငံတွင် လုပ်ပိုင်ခွင့် ပိတ်ပင်မည်ဖြစ်သည်ဟု HRM က ပြောသည်။
ထိုဥပဒေသည် ထိုင်းအစိုးရအနေဖြင့် မြန်မာမှ အဖွဲ့အစည်းများကို တိုက်ရိုက်စွက်ဖက်ရန်၊ ပိတ်ပင်စေရန် ခွင့်ပြုပြီး ၎င်းတို့လုပ်ကိုင်နိုင်စွမ်းကို ဖိနှိပ်သည်ဟု အထက်ပါအဖွဲ့က ပြောသည်။
မှတ်ပုံတင်သည့် လုပ်ငန်းစဉ်တွင် အဖွဲ့အစည်းများအနေဖြင့် ခေါင်းဆောင်ပိုင်းကို အမျိုးသားပြန်တမ်းတွင် လူသိထင်ရှားပြောရန်လိုပြီး ၎င်းတို့ရုံးများ၏ အမှတ်သင်္ကေတများ ဖော်ပြရန် လိုအပ်မည်ဖြစ်သည်။
ထိုဥပဒေအရ ထိုင်းအာဏာပိုင်များသည် ရုံးများနှင့် အစည်းအဝေးမှတ်တမ်းများ၊ အကြောင်းကြားစာများ၊ အဖွဲ့ဝင်သစ်စာရင်းနှင့် ဘဏ္ဍာရေးရှင်းတမ်း အပါအဝင် စာရွက်စာတမ်းများကို စစ်ဆေးခွင့်ရှိမည် ဖြစ်သည်။
ထိုသို့ ခွင့်ပြုထားသောကြောင့် “ငြိမ်းချမ်းမှု သို့မဟုတ် ပြည်သူလူထုတည်ငြိမ်မှု” ကို ခြိမ်းခြောက်မှုကဲ့သို့သော မတိကျသည့် အကြောင်းပြချက်များဖြင့် အဖွဲ့အစည်းများကို ဖျက်သိမ်းမှုဖြစ်စေ၊ ခေါင်းဆောင်ပိုင်းကို ထုတ်ပယ်မှုဖြစ်စေ ဖြစ်လာစေနိုင်သည်။
ထိုဥပဒေကြမ်းအရ အဖွဲ့အစည်းများသည် များပြားသော ပြည်ပလှူဒါန်းမှုများကို ထိုင်းအာဏာပိုင်များသို့ သတင်းပို့ရမည်ဖြစ်ပြီး မိတ်ဖက်အဖွဲ့အစည်းများသို့ ပြန်လည်မျှဝေခြင်းကို တားမြစ်သည်။
CSO များနှင့် သတင်းဌာနများသည် ပြည်ပရန်ပုံငွေကို မှီခိုနေရပြီး ကန့်သတ်ချက်များသည် ဗျူရိုကရေစီ အခက်အခဲများဖြစ်စေကာ အဖွဲ့အစည်းများကို အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် ရင်းမြစ်မျှဝေခြင်းကို ထိထိရောက်ရောက် တားမြစ်ကြောင်း HRM က ပြောသည်။
ထိုဥပဒေကြမ်းသည် မြန်မာမှ သွေးချောင်းစီးမှုကြောင့် ထွက်ပြေးလာသူများကို ဘေးကင်းစွာ ခိုလှုံခွင့်ပေးသည့် ထိုင်းနိုင်ငံ၏ ဂုဏ်သတင်းကို ထိခိုက်စေမည်ဟု ထိုအဖွဲ့ပြောသည်။
ထိုဥပဒေကြမ်းကို ရုတ်သိမ်းရန် သို့မဟုတ် ထိုင်းရှိ မြန်မာဆိုင်ရာ CSO များနှင့် မီဒီယာများကို လက်ရှိကန့်သတ်ချက်များ လျှော့ချရန် ထိုအဖွဲ့က ထိုင်းအစိုးရကို တောင်းဆိုသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Thai Legislation Threatens Exiles from Myanmar: Rights Groups ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာနိုင်ငံသားများ ဇီဝ အချက်အလက် ထိုင်း ကောက်ခံခြင်းက အငြင်းပွားစရာဖြစ်
စိန်ခေါ်မှုတွေ ပိုပြင်းထန်လာတဲ့ ထိုင်း-မြန်မာ နယ်စပ်က ရွှေ့ပြောင်းကျောင်းများ (ရုပ်/သံ)
မဲဆောက်ရောက် မြန်မာဒုက္ခသည်များထံ သွားလည်ခြင်း
ထိုင်းသို့ ရွှေ့ပြောင်းအခြေချ မြန်မာများ ငယ်ရွယ်ပြီး ပညာရပ် ကျွမ်းကျင်
စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရောက်ရသည့် မြန်မာကျောင်းသားများဘဝ
ထိုင်းတွင် မြန်မာဖောက်သည်များအတွက် စီးပွားရေးလုပ်ငန်းများ များပြားလာ