ထိုင်းငါးဖမ်းစက်လှေ ပစ်ခတ်ခံရပြီး မြန်မာရေတပ်မှ ဖမ်းခေါ်သွားသည့် ရေလုပ်သား ၃၁ဦးအနက် ထိုင်းနိုင်ငံသား ၄ ဦး ပြန်လွတ်ရေး ထိုင်း- မြန်မာ နယ်ခြားကော်မတီမှ တာဝန်ရှိသူများ လာမည့်ရက် တနင်္သာရီတိုင်း ကော့သောင်းမြို့ ၌ တွေ့ဆုံရန်ရှိကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရ ဗိုလ်ချုပ် သနတိပ်ဆွမ်ဆား၏ ပြောဆိုချက်ကို ကိုးကား၍ Thai PBS သတင်းကဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ နောက်ဆုံးပတ်က ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်နှင့် ထိစပ်နေသည့် ရှမ်းအရှေ့ မိုင်းတုံနယ်စပ်မျဉ်းမှ UWSA တပ်စခန်းများ ဆုတ်ခွာသွားဖို့ ထိုင်းဘက်မှ တောင်းဆိုထားချိန် ယခုအခါ မြန်မာပိုင် ကော့သောင်းရေပြင်တွင် ထိုင်းငါးဖမ်းစက်လှေ ပစ်ခတ်ခံရမှု ထပ်မံ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
မြန်မာစစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုင်း ငါးဖမ်းစက်လှေ အပစ်ခံရမှုနှင့် ပတ်သက်၍ မြန်မာ ရေပိုင်နက် အတွင်းဝင်ရောက် ငါးဖမ်း၍ လုပ်ထုံးလုပ်နည်းနှင့် အညီ ဖမ်းဆီးခြင်း ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ ပင်လယ်ငါးဖမ်းလုပ်ငန်း တာဝန်ရှိသူများကိုလည်း အကြောင်းကြားထားပြီး ဖြစ်ကြောင်း၊ ထိုင်းအစိုးရနှင့်သာမက တပ်မတော် အချင်းချင်း ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း ယမန်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြား သည်။
ထိုင်းကြီးချုပ် ပေထုံတန် ရှင်နာဝပ်နှင့် ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai တို့ကမူ မြန်မာရေတပ်၏ အင်အားအသုံးပြုမှု အပေါ် ကန့်ကွက်ပြီး ဖမ်းဆီးခံရသူများအမြန်ဆုံး ပြန်လွှတ်ရေး ပြောဆိုခဲ့သည့်အပြင် ထိုင်း နိုင်ငံခြားရေးဝန်ကြီးကလည်း ဤဖြစ်ရပ်အပေါ် မြန်မာသံရုံအား မေးမြန်းခဲ့ရာ စစ်ကောင်စီ၏ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ် ဦးချစ်ဆွေက တိုးတက်ကောင်းမွန်စေရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့ကြောင်း ထိုင်းသတင်းဌာန Thai PBS တွင် ဖော်ပြထားသည်။
![](https://burma.irrawaddy.com/wp-content/uploads/2024/12/thaiboat3Dec242.jpg)
ယင်းသင်္ဘောများမှာ မြန်မာရေပိုင်နက်အတွင်း ဝင်ရောက်မှု ရှိမရှိအား စုံစမ်းလျက်ရှိကြောင်း၊ မည်သည့်အကြမ်းဖက် မှုမှ မထောက်ခံကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ်က ထိုင်းမီဒီယာများအား ယမန်နေ့က ပြောဆိုထားသလို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်အား ထိုင်းနိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန်နှင့် ဆွေး နွေးရန် တာဝန်ပေး ထား ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက် မနက် ၂ နာရီ ၄၀ မိနစ်ခန့်က မြန်မာ့ရေပိုင်နက် အတွင်း မသင်္ကာဖွယ်ရာ လှုပ်ရှားမှု ၅ ခုကို ရေတပ်က စစ်ဆေးရာ ငါးဖမ်းစက်လှေများဖြစ်သည်ဟု တွေ့ရပြီး ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ကော့သောင်းမြို့နယ်၊ ကြက်မောက်ကျွန်း မြောက်ဘက်ထိပ် အရှေ့မြောက်ဘက် ၃ မိုင် ခန့် မြန်မာနိုင်ငံ ရေပိုင် နက် အတွင်း ၅ မိုင်ခန့်အကွာ၌ စက်လှေနှင့်အတူ ထိုင်းနိုင်ငံသား ၄ ဦးနှင့် မြန်မာနိုင်ငံသား ၂၇ ဦးကို ဖမ်းဆီးရမိခဲ့ ကြောင်း၊ ယင်းစက်လှေမှာ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ ထိုင်းနိုင်ငံသားတဦးပိုင်စက်လှေဖြစ်ပြီး ငါးဖမ်း ရန် ထိုင်း တဦးလျှင် ထိုင်းငွေ ၁၅၀၀၀ ဘတ်နှင့် မြန်မာတဦးလျှင် ၁၂၀၀၀ ဘတ်ပေး၍ စေခိုင်းခဲ့ခြင်းဖြစ် သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထား သည်။
ထို့အပြင် ငါးဖမ်းစက်လှေပါ မြန်မာရေလုပ်သားများကို လက်နက်ခဲယမ်းမဟုတ်သည့် အကြမ်းဖက်အဖွဲ့အစည်းများ ဖြင့် ဆက်နွယ်ပစ္စည်းများတွေ့ရှိရသဖြင့် စစ်ဆေးနေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
ထိုင်းနိုင်ငံရှိ ရေလုပ်သားများနှင့် နီးစပ်သူတဦးက “ငါးဖမ်းလှေတွေမှာ ထုံးစံအတိုင်း အဝင်အထွက်တွေမှာ အမြဲတမ်း စစ်တယ်။ အဓိကကတော့ စားနပ်ရိက္ခာ၊ အထောက်အထား၊ ကျန်းမာရေးအစရှိသဖြင့် စစ်တယ်။ လက်နက်ဆိုတာက ယူခွင့်လည်း မရှိပါဘူး။ မြန်မာရေလုပ်သားတွေအနေနဲ့ ကိုင်ခွင့်လည်းမရှိဘူး။ ဘယ်လိုပစ္စည်းပစ္စယကို တွေ့တာလည်း ဆိုတာ မပြောထားဘဲနဲ့ စစ်ဆေးနေတာမျိုးပဲ ပြောထားတာ” ဟု ပြောသည်။
![](https://burma.irrawaddy.com/wp-content/uploads/2024/12/thaiboat3Dec243.jpg)
ထိုင်းနိုင်ငံသည် ၎င်းတို့နိုင်ငံသားများ ထိခိုက်နစ်နာမှုအတွက် သံတမန်ရေးအရပါ ဦးစားပေးလုပ်ဆောင်လျက်ရှိသော် လည်း မြန်မာနိုင်ငံသည် နစ်နာမှုရှိသည့် မိမိတို့နိုင်ငံသားများအတွက် တရားဝင်စာ ထုတ်ပြန်ရန်ပင် ဝန်လေးလျက် ရှိကြောင်း ထိုင်းနိုင်ငံရှိ အလုပ်သမားရေး ဆောင်ရွက်သူများက သုံးသပ်သည်။
ထိုင်းနိုင်ငံတောင်ပိုင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့မှ အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက “မြန်မာဘက်က ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မဖြေရှင်းနိုင်ရင် တဖက်နဲ့တဖက် ပိုပြီးတော့ နားလည်မှုတွေ လွဲနိုင်တယ်။ ဒီကြားထဲမှာလည်း တွေ့ဆုံဆွေးနွေးမယ့်ကိစ္စက အကောင်းလားအဆိုးလားဖြစ်သွား နိုင်တယ်။ ကျနော့်အမြင်ပြောရရင် ထိုင်းဘက်မှာ ရွှေ့ပြောင်းလုပ်သားအများစုက ကျန်ခဲ့တဲ့လတွေမှာ ပြဿနာတွေ တက်ထားဖူးတော့ အမြင်ကျဉ်းတဲ့ထိုင်းလူမျိုးတွေ၊ မျိုးချစ်တွေက အမြင်မကောင်းတဲ့အချိန်မှာ ဒါမျိုးတွေ ဖြစ်တဲ့ အခါမှာ မြန်မာတွေ အကုန်ပြန်ပို့ဆိုပြီး တွေ့နေရတော့ ဒါတွေက ဆိုးတဲ့အကျိုးဆက်တွေပေါ့။ ထိုင်းရောက်နေတဲ့ မြန်မာတွေ အနေအစားကျပ်အောင် မြန်မာ (စကစ) ဘက်ကပဲ လုပ်သလားလို့ တွေးစရာဖြစ်လာတယ်” ဟု သုံးသပ် သည်။
နိုဝင်ဘာ ၃၀ ရက်တွင် ရနောင်းခရိုင်အနီးရှိ မြန်မာရေပိုင်နက်အတွင်း ထိုင်းငါးဖမ်းသင်္ဘော ၁၅ စီးအနက်၂ စီးကို မြန်မာ ရေတပ်က ပစ်ခတ်ခဲ့သဖြင့် ရေထဲခုန်ချသွားသူများထဲမှ ၁ ဦးမှာ ရေနစ်သေဆုံးသွားခဲ့ပြီး သင်္ဘောပေါ်ပါ ရေလုပ်သား ထိုင်း ၄ ဦး၊ မြန်မာ၂၇ ဦးအား သင်္ဘောများနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုအတွင်း အသက် ၂၄ နှစ်အရွယ် ထိုင်းအမျိုးသားတဦးမှာ ရေထဲခုန်ချသဖြင့် ရေနစ်သေဆုံးသွားသည် ဟု ယူဆရပြီး ၎င်းသေဆုံးမှုအပေါ် ထိုင်းဝန်ကြီးချုပ်က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သလို ထိုင်းရေတပ် ဗိုလ်ချုပ်ကြီး အပါအဝင် အရာရှိများက ဒီဇင်ဘာ ၁ ရက်တွင် နာရေးအိမ်သို့ သွားရောက်၍ ကျန်ရစ်သူ မိသားစုဝင် များနှင့် တွေ့ဆုံခဲ့သည်။
You may also like these stories:
တရုတ်ဖိအားအောက် စစ်ကောင်စီ ဘယ်လို အသွင်ပြောင်းမလဲ
ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ