မြန်မာစစ်ကောင်စီနှင့် ၎င်းကို လက်နက် အဓိကရောင်းချသည့် ရုရှားအကြား ကြီးထွားနေသည့် ဆက်ဆံရေး ပြယုဂ်အဖြစ် ရန်ကုန်မြို့တွင် ရုရှား ရှေးရိုး အော်သိုဒေါက် ဘုရားကျောင်း တည်ဆောက်ခြင်းကို လာမည့်နှစ် ဇန်နဝါရီလတွင် စတင်မည်ဖြစ်သည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် လွန်ခဲ့သောနှစ်က နေပြည်တော်တွင် တွေ့ဆုံပြီးနောက် ထိုဘုရားကျောင်း မှတ်ပုံတင်ခြင်းနှင့် မြေနေရာချထားခြင်းကို ထင်ထားသည်ထက် ပိုမိုလျင်မြန်စွာ ပြီးစီးကြောင်း စင်ကာပူနှင့် အရှေ့တောင်အာရှဒေသဆိုင်ရာ ရုရှား အော်သိုဒေါက် ဂိုဏ်းချုပ် ဓမ္မဆရာ ဆာဂေးက လွန်ခဲ့သောအပတ်၌ ဘန်ကောက်တွင် ပြောသည်ဟု တက်စ် သတင်းဌာနက ဖော်ပြသည်။
“ကျနော်တို့ရဲ့အစီအစဉ်က ရန်ကုန်မှာ ဘုရားကျောင်း တည်ဆောက်ရေးကို ၂၀၂၅ ခုနှစ် ပထမဆုံး ၁၀ ရက်အတွင်း စတင်မယ်” ဟု ၎င်းကပြောသည်။
၂၀၀၀ ပြည့်နှစ်များ အစောပိုင်းမှစတင်ပြီး အရှေ့တောင်အာရှနိုင်ငံများတွင် ကာလရှည်ဖြစ်စေ၊ အမြဲတမ်းဖြစ်စေ နေထိုင်သည့် ရုရှားအရေအတွက် တိုးပွားနေကြောင်းလည်း ၎င်းကပြောသည်။ အော်သိုဒေါက် ခရစ်ယာန်ဘာသာသည် ရုရှားတွင် လူများစုကိုးကွယ်သည့် ဘာသာဖြစ်သည်။
“ရုရှား အော်သိုဒေါက် ဘုရားကျောင်းရဲ့ ဘာသာရေးနယ်မြေတွေဖွင့်ဖို့ တောင်းဆိုမှုတွေကို နိုင်ငံတော်တော်များများကနေ ကျွန်ုပ်တို့ ရနေတယ်။ ဘုရားကျောင်းက ဒါတွေကို လျစ်လျူရှုမထားနိုင်ဘူး” ဟုလည်း ဂိုဏ်းချုပ် ဓမ္မဆရာ ဆာဂေးက ပြောသည်။
လွန်ခဲ့သောနှစ် မေလက အစည်းအဝေးတွင် ဂိုဏ်းချုပ် ဆားဂေးနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့သည် မြန်မာတွင် ရုရှား အော်သိုဒေါက်ဘုရားကျောင်း တည်ဆောက်ရေးနှင့် ရုရှားတွင် ဗုဒ္ဓဘာသာစင်တာ တည်ဆောက်ရေး ဆွေးနွေးသည်ဟု စစ်ကောင်စီမီဒီယာက ဖော်ပြသည်။
ရုရှားခရီးသည်များသည် ၎င်းတို့ခရီးသွားသည့်နိုင်ငံများမှ အော်သိုဒေါက် ဘုရားကျောင်းများကို သွားရောက်တတ်ကြောင်းနှင့် မြန်မာတွင် ဘုရားကျောင်းရှိခြင်းသည် ရုရှားခရီးသည်များကို ဆွဲဆောင်မည်ဖြစ်ကြောင်း ဂိုဏ်းချုပ် ဆာဂေးက ပြောသည်။
ထို့နောက် မင်းအောင်လှိုင်က ထိုဘုရားကျောင်းအတွက် ရန်ကုန်မှ မြောက်ဒဂုံမြို့နယ်တွင် မြေ ၁ ဒသမ ၂၅ ဧက (ဝ ဒသမ ၅ ဟက်တာ) ချထားပေးသည်။
ထိုဘုရားကျောင်း တည်ဆောက်ရေးအတွက် လိုအပ်သောအကူအညီ တတ်သနိုင်သမျှပေးမည်ဟု စစ်ကောင်စီက ထိုစဉ်ကပြောကြောင်း၊ ထိုစီမံကိန်းအတွက် ရေနှင့်လျှပ်စစ်ဓာတ်အားကို စည်ပင်က ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီမီဒီယာက ဖော်ပြသည်။
၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ရုရှားနှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်သည်။ အဓိက လက်နက်ရောင်းသည့်နိုင်ငံ ဖြစ်သည့်အပြင် ရုရှားအစိုးရသည် တရုတ်၊ စစ်ကောင်စီတို့နှင့် ရပ်တည်ကာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက စစ်ကောင်စီကို အရေးမယူနိုင်ရန် တားဆီးသည်။ ရုရှား၏ထောက်ပံ့မှုဖြင့် မြန်မာသည် ပထမဆုံး နျူကလီးယား စင်တာကို ၂၀၂၃ ခုနှစ် အစောပိုင်းတွင် ဖွင့်လှစ်သည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် မင်းအောင်လှိုင်သည် ပုဂံမှ ရွှေဆည်းခုံစေတီပုံစံတူကို ရုရှားမြို့တော်တွင် အနေကဇာတင်သည်။ သီတဂူဆရာတော် ဦးဉာဏိဿရလည်း သူနှင့်အတူ လိုက်ပါသွားပြီး စစ်အာဏာသိမ်းမှုကို ထောက်ခံကြောင်း ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Construction of Russian Church in Yangon to Start Next Month ကို ဘာသာပြန်သည်။)
You may also like these stories:
အမည်ပျက် ရုရှားအုပ်ချုပ်ရေးမှူးကို မင်းအောင်လှိုင် ကော်ဇောနီနဲ့ ကြိုဆို
အမြဲလို နွေးထွေးနေတဲ့ စစ်သွေးဆာ မြန်မာစစ်ကောင်စီနှင့် ရုရှားကြား ဆက်ဆံရေး
ဆုံးရှုံးနယ်မြေများကို ဗုံးကြဲရန် စစ်ကောင်စီက ရုရှားလုပ် လေယာဉ်များသုံးနေ
စစ်ကောင်စီ ဆန့်ကျင်သူများ ကွပ်မျက်ရေး ဆရာတော်များ ဝစီပိတ်နေ