မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်(DSA)နှင့် တပ်မတော်နည်းပညာတက္ကသိုလ်(DSTA) ကျောင်းဆင်းပွဲများ လာမည့်ရက်များအတွင်း ပြုလုပ်ရန် အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့ ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုဦး ကိုယ်တိုင် အထူးလုံခြုံရေး တာဝန်ယူဆောင်ရွက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များကဆိုသည်။
အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့အောက်တွင် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ ချင်းပြည်နယ်များကို ထိန်းချုပ်ထားသည့် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)၊ မန္တလေးတိုင်း၊ မကွေးတိုင်းတောင်ပိုင်းများကို ထိန်းချုပ်သည့် အလယ်ပိုင်းစစ်ဌာနချုပ်(လပခ) များကို ဦးစီးကွပ်ကဲရပြီး လက်ရှိ ကစထမှူး DSA ၃၈ ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးမှာ အလယ်ပိုင်းစစ်ဌာနချုပ်(လပခ) တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။
“သူတို့ရဲ့ Green Bookလို့ ခေါ်တဲ့ လေ့ကျင့်ရေးသင်ရိုးညွှန်းတမ်းမှာတော့ စစ်တက္ကသိုလ်က ၅ ရက်နေ့မှာ ကျောင်းဆင်းမှာ ဖြစ်ပြီးတော့ DSTA ကတော့ ၁၂ ရက်နေ့မှာ ကျောင်းဆင်းမယ်လို့တော့ ဖော်ပြထားတယ်၊ လုံခြုံရေးကတော့ အရမ်းကို တင်းကျပ်ထားတယ်၊ မနေ့တုန်းကဆိုရင် မြို့တွင်းမှာ လမ်းတွေ တော်တော်များများ ပိတ်ထားတယ်ပေါ့နော်၊ တချို့ဆိုရင် မြို့ရှောင် လမ်းကနေ သွားရတဲ့အနေအထားကို တွေ့ရပါတယ်၊ လွန်ခဲ့တဲ့ ၃ ရက်လောက်က စပြီးတော့ ကစထမှူးပေါ့နော် ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုဦး ကိုယ်တိုင်လာပြီးတော့ လုံခြုံရေးကို အာမခံပြီးတော့ ဆောင်ရွက်နေတာမျိုးတွေ တွေ့ရပါတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
စစ်တက္ကသိုလ်(DSA) ကျောင်းဆင်းပွဲများကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက် လေ့ရှိကာ ယခုသင်တန်းဆင်းမည့် DSA ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၆)မှာ အာဏာမသိမ်းမီက ခေါ်ယူထားသော အသုတ်ဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့သင်္ကြန်တုန်းက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံထားရတဲ့အခါ အခုကျောင်းဆင်းပွဲမှာ တပ်ချုပ်လာမယ်ဆိုတော့ လုံခြုံရေးကို ပိုပြီးတင်းကျပ်လာတာမျိုးပါ၊ ကျနော်တို့ သိရသလောက်ကတော့ လပခရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက်ကနေ အထူးလုံခြုံရေးအစီအမံတွေနဲ့ လုပ်ဆောင်ထားတာလို့ သိရတယ်၊ လုံခြုံရေးစည်း ၅ ထပ် လောက်ထိ ရှိတယ်တဲ့”ဟု ပြင်ဦးလွင် တပ်နယ်နှင့် နီးစပ်သူ မြို့ခံတဦးက ပြောသည်။
စစ်တက္ကသိုလ်(DSA)နှင့် တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) ကျောင်းဆင်းပွဲများကို နှစ်စဉ် ဒီဇင်ဘာပထမ ပတ်တွင် ပြုလုပ်လေ့ရှိသော်လည်း အာဏာသိမ်းပြီးနောက် ကျောင်းဆင်းပွဲရက်များကို တိတိကျကျ ထုတ်ပြန်ခြင်း မရှိတော့ ဘဲ ယခင်နှစ် DSA အပတ်စဉ် (၆၅) ကျောင်းဆင်းပွဲကို ဒီဇင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ပြီး ယခုနှစ် ဒီဇင်ဘာ ၆ ရက်၌ ကျင်းပမည်ဟု သတင်းများထွက်ပေါ်နေသည်။
“မနှစ်တုန်းကဆိုရင်တော့ ခိုးကြောင်ခိုးဝှက်နဲ့ လုပ်သွားတဲ့အနေအထားမျိုး တွေ့ရတယ်၊ ဒီနှစ်မှာလည်း ကျောင်းဆင်း ဗိုလ်လောင်းတွေရဲ့ မိဘတွေ ဆီကနေ ဘာသံမှ ကြားရတာမျိုး မရှိဘူးပေါ့နော်၊ ပြင်ဦးလွင်တပ်တွင်း သတင်းရင်းမြစ်တွေကို လိုက်လံ ချိတ်ဆက်တဲ့အခါမှာလည်း ကျောင်းဆင်းပွဲက သူ့ဘာသာ ဆင်းချင်တဲ့နေ့ ဆင်းနေတယ်ဆိုတဲ့အနေအထားမျိုးကို သိရတယ်၊ တိတိပပ မသိရဘူးပေါ့နော်၊ ကာယကံရှင်ဗိုလ်လောင်းတွေကတော့ တိတိပပ သိရမယ်၊ နောက်တချက်ကတော့ ထိန်ချန်ထားလို့ မရတာ တခုရှိတယ်၊ စစ်သံရုံးတွေကိုတော့ ဖိတ်ကြားရမယ်ပေါ့နော်၊ အဲဒီတော့ စစ်သံရုံးတွေကနေ သိလို့ရမယ့်အနေအထားပေါ့၊ အဲဒီအနေအထားကို တွေ့ရပါတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
ယင်းသို့ ကျောင်းဆင်းပွဲများ ပြုလုပ်မည်ဖြစ်သောကြောင့် နိုဝင်ဘာ ၂၉ ရက်မှ စတင်ကာ မန္တလေး-ပြင်ဦးလွင်လမ်းပိုင်း နှင့် မြို့ပြင်စစ်ဆေးရေးဂိတ်များတွင် အင်အားဖြည့်တင်းခြင်းများအပြင် မန္တလေးနှင့်ကျောက်ဆည်မြို့များမှ သံချပ်ကာတပ်နှင့် တင့်ကားတပ်များကိုပါ ခေါ်ယူထားသည်ဟု မြို့ခံများက ဆိုသည်။
“လားရှိုးလမ်းမကြီးပေါ်မှာ သံချပ်ကာကားတွေပါ တွေ့ရတယ်၊ မြို့ထဲမှာပါ သံချပ်ကာကားတွေ ထားတာမျိုးပေါ့၊ လမ်းဆုံ တိုင်းမှာ နှစ်ယောက်တွဲ သုံးယောက်တွဲ ချထားတာမျိုး တွေ့ရတယ်၊ လမ်းထိပ်တိုင်းစေ့ပေါ့၊ အင်အားဘယ်လောက် ဆိုတာတော့ မသိဘူး။ တမြို့လုံးအနှံဆိုရင် တော်တော်များနိုင်တယ်၊ မနေ့ညကလည်း အသံတွေ ကြားရတယ်၊ ဘယ်မှာ ဘယ်လိုတွေ ပစ်မှန်းတော့ မသိရဘူး၊ သေနတ်သံလို့ ထင်ရတဲ့ အသံမျိုးတွေ ကြားရတယ်”ဟု ပြင်ဦးလွင်မြို့ခံတဦးက ပြောသည်။
ထို့ပြင် မန္တလေးဘက်မှ ယာဉ်ထိန်းများရောက်ရှိနေသလို ပြည်သူ့စစ် ယူနီဖောင်းဝတ် မျက်နှာစိမ်းများက လက်နက် အပြည့်အစုံဖြင့် လမ်းသွားလမ်းလာယာဉ်များအား စစ်ဆေးနေခြင်းကိုတွေ့ရကြောင်း ဒေသခံများက ပြောသည်။
အခြားမြို့ခံတဦးကလည်း “ပြင်ဦးလွင်မှာ အခုလိုအချိန် လုံခြုံရေးတင်းကျပ်တာက ပုံမှန်လိုဖြစ်နေတာဆိုတော့ မြို့အနေနဲ့ မထူးဆန်းပါဘူး၊ ဒါပေမယ့် ဒီနှစ်မှာတော့ သံချပ်ကာကားတွေနဲ့ပါ မြို့ပြင် မြို့ပတ်လမ်းပေါ် မှာ လုံခြုံရေးယူလာတတော့ ထူးဆန်းတာပေါ့”ဟု ပြောသည်။
လက်ရှိတွင် မန္တလေး-လားရှိုးရထားလမ်း၊ မြို့ပတ်လမ်း၊ နောင်ချိုမြို့နယ်၊ မတ္တရာမြို့နယ်နှင့် ထိစပ်နယ်မြေများအထိ လုံခြုံရေးအင်အား တိုးချဲ့ထားသလို မန္တလေးမြို့ထွက် ၁၆ မိုင်တိုးဂိတ်၊ ကျောက်ဆည်မြို့ဘက် ပြင်စာရွာမလမ်း၊ အနီးစခန်းရွာလမ်း၊ ရှမ်းပြည် မြောက်ပိုင်းမှ ဝင်ရောက်နိုင်သည့် ပွဲကောက်ကျေးရွာလမ်း၊ နောင်ချိုမြို့ တောင်ခမ်းမှ ဝင်ရောက် နိုင်သော ဝက်ဝံကျေးရွာလမ်းတို့တွင်လည်း ယာယီ X-Ray စက်များဖြင့် မြို့အဝင်အထွက်များကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း သိရသည်။
“ပြင်ဦးလွင်-မန္တလေးလမ်း ဘေးဝဲယာတွေမှာလည်း လုံခြုံရေးတွေ ချထားတာကို တွေ့ရတယ်၊ တခုထူးခြားတာက ပြည်သူ့စစ် ယူနီဖောင်းဝတ်တွေ ပါလာတာတွေ့ရတယ်၊ လမ်းဂိတ်တွေကလည်း အရင်ကထက် စစ်ဆေးတာတွေ ပိုလုပ်နေတာ မျိုးတွေလည်း ရှိတယ်၊ မှတ်ပုံတင်မပါတဲ့သူတွေဆိုရင်တော့တော်တော်နဲ့ ပေးမလွှတ်တာမျိုးတွေလည်း ရှိလာတယ်”ဟု ပြင်ဦးလွင်မြို့ခံ ကားသမားတဦးက ပြောသည်။
အာဏာမသိမ်းမီ DSA ကျောင်းဆင်းပွဲ ပြုလုပ်ချိန်များတွင်လည်း လုံခြုံရေးရယူခြင်းများ ပြုလုပ်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ပို၍လုံခြုံရေးတင်းကျပ်ခဲ့ကာ ယခုအခါ မြို့ပေါ်တွင် ယာဉ်ထိန်းရဲများပါဝင်သော လက်နက်ကိုင်များဖြင့် စစ်ဆေးမှုများကို ခပ်စိပ်စိပ် ပြုလုပ်နေကြောင်း သိရသည်။
“လားရှိုးလမ်းမကြီးပေါ်က လမ်းတိုင်းမှာ လမ်းထိပ်တွေမှာတော့ ရဲတွေ စစ်သားတွေ လက်နက်အပြည့်အစုံနဲ့ လုံခြုံရေး ယူထားတာမျိုး တွေ့ရတယ်၊ ပြီးတော့ လမ်းဆုံလမ်းခွတွေမှာလည်း ယာဉ်ထိန်းတွေရော လက်နက်ကိုင်တွေရော အများကြီးပဲ၊ အားလုံးက ယူနီဖောင်းအပြည့်အစုံ လက်နက်အပြည့်အစုံတွေနဲ့ချည်းပဲ၊ လမ်းပေါ်မှာလည်း စစ်ကားတွေ သွားလာနေတာတွေလည်း အများကြီးပဲ၊ ဒီရက်ပိုင်းထဲမှာ တွေ့နေရတာ ဘာတွေမှန်းတော့ မသိရဘူး”ဟု ပြင်ဦးလွင်မြို့ခံတဦးက ပြောသည်။
အလားတူ စစ်ဗိုလ်ချုပ်ကြီးများသာ အသုံးပြုသည့် အနီးစခန်းလေဆိပ်တွင်လည်း နိုဝင်ဘာ ၂၈ ရက်က လေယာဉ်အဆင်း အတက်များ ပြုလုပ်ခဲ့သလို လေဆိပ်၏အပြင်ဘက်တွင်လည်း စစ်ကား၊ ရဲကားများဖြင့်ပါ လုံခြုံရေး ချထားကြောင်း၊ အနီးစခန်းလေဆိပ်မှတက်သည့် ရဟတ်ယာဉ် ၂ စီးအပါအဝင် ဒရုန်း၊ UAV များဖြင့်ပါ ပြင်ဦးလွင်မြို့ပတ်လည်ကို ကင်းထောက် လုံခြုံရေးများ ပြုလုပ်နေသလို မြေပြင်တွင်လည်း ညဦးပိုင်းအချိန်များ၌ ညစဉ် လုံခြုံရေး ကင်းလှည့်ခြင်းများ ပြုလုပ်နေကြောင်း၊ လျှပ်စစ်မီး ပုံမှန်မရခဲ့သည့် ပြင်ဦးလွင်မြို့တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိနေသည်မှာ ၄ ရက်ခန့် ရှိပြီဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
“ကိုယ်သွားနေတုန်း ပစ်ခတ်မှုဖြစ်မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ အသွားအလာတော့ ဆင်ခြင်ရတာပေါ့၊ အဲဒါတော့ သတိထားရတယ်၊ တော်ကြာ သူတို့ ရှိနေတုန်း တိုက်ပွဲများဖြစ်ရင် ကိုယ်ကလည်းအသွားနဲ့ ကြုံပြီး ထိခိုက်မိမှာမျိုး ပူတာပေါ့၊ အဲဒီလိုမျိုး စိုးရိမ်စိတ်တွေနဲ့ စိတ်လွတ်လပ်မှုတွေ မရှိတော့တာမျိုး တမြို့လုံး ဖြစ်နေကြတယ်”ဟု ပြင်ဦးလွင်မြို့ခံ အမျိုးသမီးတဦးက ပြောသည်။
ယခုနှစ် ဧပြီ ၈ ရက်က ပြင်ဦးလွင်သို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိနေချိန် မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က DSA ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် တိုက်ခိုက်ခိုက်ခဲ့ရာ စစ်သည်များ နေထိုင်သည့် အဆောင်အနီး ၄ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD)က ထုတ်ပြန်ထားသည်။
စစ်တက္ကသိုလ်ကြီးများရှိရာ ပြင်ဦးလွင်မြို့နှင့် ၂၁ မိုင်ခန့်သာ ကွာဝေးသည့် ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ) တည်ရှိရာ လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) က တဖက်သတ် အပစ်ရပ်မည်ဟု ကြေညာထားချက်ကြောင့် ပြင်ဦးလွင်မြို့နှင့် အနီးစပ်ဆုံးရှိနေသည့် တောင်းခမ်း၊ ဘန့်ဘွေး၊ ဂန့်ကော်ရွာများဘက်မှ စတင် တိုက်ခိုက်လာနိုင်ခြေ မရှိသဖြင့် DSA၊ DSTA ကျောင်းဆင်းပွဲများကို ပေါ်ပေါ်ထင်ထင် လုပ်လာနိုင်ခြေရှိသည်ဟုလည်း စစ်တပ် CDM အသိုင်းအဝိုင်းက ဆိုသည်။
ယခုအခါ ပြင်ဦးမြို့နှင့် ၁၆ မိုင်ခန့်သာဝေးသည့် နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အကြား ဂန့်ဂေါကျေးရွာနှင့် အနီးတဝိုက်တွင် စစ်ကောင်စီနှင့် ပလောင် (တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ ပြင်ဦးလွင်မြို့အရှေ့တောင်ဘက်ရှိ တောင်းခမ်းကျေးရွာ၌လည်း တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။
You may also like these stories:
တိုက်ပွဲများကြောင့် မန္တလေးနှင့် ပြင်ဦးလွင် လုံခြုံရေး တင်းကျပ်
ပြင်ဦးလွင်က စစ်ကျောင်းကြီးတွေ ရွှေ့ရတော့မလား
ရတနာပုံ ဆိုက်ဘာစီးတီး၌ တပ်ချ၍ ပြင်ဦးလွင် လုံခြုံရေး ပိုမိုတင်းကျပ်ထား
မန္တလေးတိုင်းနှင့် ရှမ်းမြောက်မှာ တိုက်ပွဲများ ပြန်ဖြစ်ပွား
တောင်ခမ်းတွင် စစ်ကောင်စီနှင့် TNLA စစ်ဆိုင်နေ