မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် မန္တလေး− မြစ်ကြီးနား ဗျူဟာလမ်းပေါ်မှ အိမ်ခြေ ၁ ထောင်ခန့်ရှိ တွင်းငယ်ရွာကြီးကို ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) နှင့် တော်လှန်ရေးတပ်များက ၄လကြာ ထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီ က ပြန်လည်ထိုးစစ်ဆင်လာသဖြင့် ဒီဇင်ဘာ ၄ရက်မှစ၍ ဆုတ်ခွာပေးလိုက်ရပြီဖြစ်သည်။
တွင်းငယ်ရွာကြီးသည် သပိတ်ကျင်းမြို့မှ ၂၆ မိုင်ဝေးပြီး မိုးမိတ်မြို့နှင့်လည်း ဆက်သွယ်ထားသလို အမှတ် ၁၃ တပ်မတော် တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်း(တကက ၁၃)လည်း ရှိရာ အဆိုပါကျောင်းတွင် သပိတ်ကျင်း၊ စဉ့်ကူးစစ်မျက်နှာ များမှ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်သားများ စုဝေးခုခံနေသဖြင့် တော်လှန်ရေးတပ်များက ဝိုင်းရံကာ တိုက်ခိုက်နေ သောနေရာလည်းဖြစ်သည်။
စစ်ကောင်စီက နိုဝင်ဘာ ၁၅ရက်တွင် ဒရုန်း၊ လက်နက်ကြီးများဖြင့် အင်အားသုံး စစ်ဆင်လာရာ တိုက်ပွဲရက်ရှည် လာပြီး စစ်ပမ်းလာသည့်အတွက် တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွာပေးလိုက်ရကြောင်း PLA ပြောခွင့်ရသူက ဆိုသည်။
“ကျမတို့ တွင်းငယ်ကိုလည်း ထိန်းသိမ်းထားပြီး တကက ၁၃ကိုလည်း ဝိုင်းထားတာ ၃ လကျော်လောက် ကြာသွားပြီ၊ ရန်သူက လာလာတိုက်နေလို့ ကျမတို့က ပြန်တိုက်နေရတာတွေ ရှိတယ်။ ကြာလာပြီဆိုတော့ စစ်က နည်းနည်းပမ်းသလို ဖြစ်လာတာပေါ့၊ အဓိကအကျဆုံးကတော့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု တွေ လုပ်လာတာမို့ လူထုကို ညှာတာကြောင့်လည်း ပါတယ်၊ အခုထိုးစစ်ဆင်တာမှာ အင်အားကများတော့ ကျမတို့က ကိုယ့်အင်အားကို ပြန်ပြီးတော့ ထိန်းသိမ်းချင်တာမျိုးရောပေါ့နော်၊ ဒါကြောင့်မို့ သဘောပါပဲ”ဟု ပြောသည်။
ထို့ပြင် မန္တလေးတိုင်း ရှမ်း/မန်းစစ်ဆင်ရေးတွင် ပါဝင်နေသည့် ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA)အပါ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့အပေါ် တရုတ်နိုင်ငံ၏ ဖိအားပေးခံနေရချိန် မဟာမိတ်ပူးပေါင်းတပ်များ၏ ထိုးစစ်များ ရပ်တန့်သလို ဖြစ်နေပြီး လက်နက်၊ လူ၊ ငွေကြေးအင်အား အသာစီးရထားသည့် စစ်ကောင်စီက လေကြောင်းမှ လည်း အရပ်သားပစ်မှတ်များကို ဦးတည်တိုက်ခိုက်လာခြင်းများကြောင့် ဆုတ်ခွာပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
တွင်းငယ်ကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ( MDY-PDF)၏ ကွပ်ကဲမှုဖြင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)၊ အမှတ် (၅၀၉)တပ်ရင်း၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် သပိတ်ကျင်းမြို့နယ် ပကဖတို့က ပြီးခဲ့သည့် ဩဂုတ် ၁၇ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ထားသည်။
“တအန်းကလည်း ငြိမ်းချမ်းရေးတံခါးဖွင့်ထားတယ် ဆွေးနွေးမယ်ဆိုတော့ ထိုးစစ်တွေမလုပ်ဘဲ ရပ်သလိုဖြစ်နေတဲ့ အပေါ် ရန်သူက အခွင့်ကောင်းယူပြီး တိုက်လာတာတွေ ရှိတယ် ထိုးစစ်ကြီးတွေ ထိုးလာတဲ့အပေါ်မှာ ကျမတို့ တွင်းငယ်မြို့ပေါ် ကနေ မဖြစ်မနေ နောက်ဆုတ်ပေးလိုက်ရတာပါ၊ လုံးဝဧရိယာတခုလုံးကနေ ဆုတ်ပေးတာမျိုးမဟုတ်ဘူး၊ တွင်းငယ်ဧရိယာ ထဲမှာပဲ ကျမတို့ ရှိနေတုန်းပဲ၊ မြို့ပေါ်ရပ်ကွက်တွေမှာ မနေတော့ဘဲနဲ့ နည်းနည်း နောက်ဆုတ် ပေးလိုက်တဲ့သဘောပါပဲ”ဟု PLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ယင်းသို့ တွင်းငယ်ကျေးရွာမှ ဆုတ်ခွာပေးလိုက်သော်လည်း ဧရာဝတီမြစ်ဘေး၊ မန္တလေး-မိုးကုတ်ကားလမ်းပိုင်းဖြတ်သန်း ရာ သပိတ်ကျင်းမြို့နယ်တခုလုံးအား လက်ရှိအချိန်ထိ KIA ၊ TNLA ၊ PLA၊ MDY PDF (မိုးကုတ်ဗျူဟာ)၊ ABSDF၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော်(BPLA)၊ MDY-PDF ပကဖ၊ ပအဖများက အပိုင်းလိုက် တာဝန်ယူ ထိန်းချုပ်ထား နိုင် ဆဲဟု သိရသည်။
PLA ပြောရေးဆိုခွင့် ရှိသူက “သပိတ်ကျင်းကနေ မိုးကုတ်သွားတဲ့ လမ်းတလျှောက်မှာလည်း တအန်းတပ်မတော်ရှိတယ်၊ ကျမတို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရှိတယ်၊ မန်းတိုင်း PDF တွေလည်း ရှိတယ်၊ မိုးကုတ်ဗျူဟာတို့ မန္တလေး PDF တို့ နောက်ဒေသ PDF တွေ ရှိတယ်ပေါ့နော်၊ ပကဖတွေလည်း ရှိတယ်၊ အဲဒီလို သူ့နေရာနဲ့ သူ့ထောင့်နဲ့ အသီးသီး တာဝန် တွေ ယူပြီးတော့ အကုန်လုံးနီးပါး လက်ရှိအချိန်ထိ ထိန်းချုပ်ထားတာတွေ ရှိပါတယ်”ဟု ပြောသည်။
ထို့ပြင် ယင်းကျေးရွာဧရိယာအတွင်းရှိ တကက ၁၃ ကျောင်းကို ပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်သလို တကက ၁၃ မကျစေရန် လေကြောင်းပစ်ကူပေးခြင်းများနှင့် အတူ ဒရုန်းများ၊ လက်နက်ကြီးများ သုံး၍ တိုက်ခိုက်နေကြောင်း မြေပြင်တော်လှန်ရေး အင်အားစုများက ဆိုသည်။
“မတ္တရာဘက်ကို အလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုအနေနဲ့ အနည်းအကျင်းတော့ ပါတာပေါ့၊ တကက ၁၃ က ကျနော်တို့လက်ထဲ မရောက်သေးတဲ့အတွက် အဲဒီကနေတဆင့် နယ်မြေတွေကို ပြန်ပြီးတော့ ထိန်းချုပ် ချင်တဲ့ သဘော ဒါပေမယ့် သူတို့ထင်သလောက်တော့ မလွယ်ဘူးဗျ၊ စခန်းကိုတော့ ရအောင် ကျနော်တို့ သိမ်းမှာပါ၊ မဟာမိတ်အဖွဲ့တွေအနေနဲ့ အကောင်းဆုံးအနေနဲ့ ဆောင်ရွက်နေကြပါတယ်”ဟု မြေပြင်စစ်ရေး သတင်းရင်း မြစ်တဦးက ပြောသည်။
စစ်ကောင်စီသည် နိုဝင်ဘာ ၁၆ ရက်က တွင်းငယ်ကျေးရွာမှ ၇ မိုင်ကျော်အကွာ ကျောက်ဖြူရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာတွင် အရပ်သား ၄ ဦး ဒဏ်ရာရခဲ့သလို ကပ်ရပ် ၂ မိုင်အကွာ ရေညာဦးကျေးရွာကိုလည်း ဗုံးကြဲခဲ့၍ ၆ နှစ် အရွယ် ကလေးငယ်နှင့် မိခင် အသက် ၃၀ အရွယ် အမျိုးသမီးတို့ သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရ သည်။
လက်ရှိတွင် သပိတ်ကျင်းမြို့နှင့် ၇ မိုင်ခန့်သာ ကွာဝေးပြီး စစ်ကောင်စီ၏ လျှပ်စစ်အင်ဂျင်နီယာတပ်စခန်းရှိသည့် ခုနစ်မိုင် ကျေးရွာ၊ သပိတ်ကျင်းမြို့အရှေ့မြောက်ဘက် ၁၀ မိုင် ကျော်၊ တွင်းငယ်ကျေးရွာနှင့် ၁၃ မိုင်သာကွာဝေးသော ကျောက်ကြီး ကျေးရွာအခြေစိုက် စစ်စခန်းများ၌ တိုက်ပွဲများပြင်းထန်နေဆဲဟု သိရသည်။
စစ်ကောင်စီအနေဖြင့် တွင်းငယ်ကျေးရွာမှ ရဲကင်းစခန်းအပါအဝင် အချက်အချာကျသည့် နေရာများကို ပြန်လည်ထိန်းချုပ် ပြီးနောက် သပိတ်ကျင်းမြို့နှင့် မိုးမိတ်များဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလာနိုင်ခြေရှိသည်ဟု တော်လှန်ရေးအင်အားစု များက ဆိုသည်။
You may also like these stories:
စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း TNLA ပြော
KIA တပ်မဟာသစ် သပိတ်ကျင်းနယ်မှ တွင်းငယ်ရဲစခန်း သိမ်းပိုက်
အထွေထွေ ဖိအားအောက် MNDAA ရောက်နေသလား