ဧရာဝတီရေလမ်းကြောင်းပေါ်က ကချင်ပြည်နယ် ဗန်းမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်မှ နိုဝင်ဘာ ၄ရက်က စပြီး ထိုးစစ်ဆင်နေချိန် တရုတ်က KIO/KIA ဥက္ကဋ္ဌနှင့် အဖွဲ့အား ဖိတ်ခေါ်ဆွေးနွေးလျက်ရှိကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“သွားတာကတော့ မနေ့က (ဒီဇင်ဘာ ၈ ရက်) ထွက်တာ။ ဘာကိစ္စနဲ့လည်း ဆိုတာကတော့ ကျနော်တို့အနေနဲ့ မသိဘူး။ အရင်ကတော့ တလမှာတကြိမ်၊ နှစ်လမှာတကြိမ် ပုံမှန်တော့တွေ့တယ်။ အဲဒီပုံစံမျိုးပဲ ဖြစ်မယ်လို့တော့ ကျနော်တို့ ယူဆ ပါတယ်။ ခါတိုင်းကတော့ နယ်စပ်တည်ငြိမ်အေးချမ်းရေးကို ပြောတာပေါ့” ဟု သူက ဆိုသည်။
တရုတ်အစိုးရဘက်က ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံထိစပ်ရာ နယ်စပ်ဒေသများတွင် နယ်မြေတည်ငြိမ်ရေးအတွက် တိုက်ပွဲများ မဖော်ဆောင်ရန် KIA ခေါင်းဆောင်များအား ဖိအားပေးပြောဆိုမှုများ ရှိနေပြီး နှစ်နိုင်ငံနယ်စပ်ဂိတ်များကိုလည်း ပိတ်ထားသည်။
တရုတ်သည် KIA ကိုသာမက ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)ကိုလည်း နယ်စပ်ဂိတ်များ ဖွင့်မပေးဘဲ ကုန်စည်စီးဆင်းမှု ပိတ်ထားသလို မကြာခဏ ဖိအားပေးမှု ပြုလုပ်နေသည်။
ယခုလည်း ဖိအားများကြားမှပင် KIA ပူးပေါင်းတပ်များသည် ဒီဇင်ဘာ ၄ ရက်ကစတင်ကာ ဗန်းမော်မြို့နှင့် မံစီမြို့တို့ရှိ စစ်ကောင်စီတပ်စခန်းများကို တပြိုင်နက်ထိုးစစ်ဆင်ကာ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်လျက်ရှိသည်။
တိုက်ပွဲများမှာ ယနေ့ ၆ ရက်မြောက်နေ့အထိ နေ့စဉ်ပြင်းထန်လျက်ရှိပြီး စစ်တပ်ကာကင်းစခန်းအချို့အား သိမ်းပိုက်နိုင်ပြီ ဖြစ်သော်လည်း တပ်ရင်းဌာနချုပ်များကိုမူ သိမ်းပိုက်နိုင်သည့် အခြေအနေ မရှိသေးကြောင်း သိရသည်။
ဗိုလ်မှူးကြီး နော်ဘူက “တပ်စခန်းတွေ သိမ်းနိုင်တဲ့ အနေအထားလောက်တော့ မကြားဘူး။ တိုက်ပွဲကတော့ နေ့တိုင်းလိုလို ပြင်းပြင်းထန်ထန်တော့ ရှိပါတယ်။ စခန်းငယ်တွေ သိမ်းပိုက်နိုင်တာ ရှိနိုင်ပေမယ့် ဘယ်နေရာတွေဆိုတာတော့ အတည်ပြု ပြောလို့မရသေးဘူး” ဟု ပြောသည်။
တိုက်ပွဲများမှာ ဗန်းမော်ပတ်လည်နှင့် မံစီအခြေစိုက် တပ်ရင်းဌာနချုပ်များအနီးတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ်ဘက်က လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြင့် ဗန်းမော်မြို့မကျရေး ခုခံတိုက်ခိုက်လျက် ရှိသည်။
ကချင်ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်အရ လက်ရှိတိုက်ပွဲများတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ ကြောင့် အရပ်သားတချို့ သေဆုံးမှုရှိနေပြီး မြို့ခံအများစုမှာ ရေကြောင်းမှတဆင့် ဧရာဝတီမြစ်တဖက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်ရသည့်အပြင် မြို့ပေါ်၌ စစ်တပ်က ပိတ်ဆို့ထားသည့်အတွက် ပိတ်မိနေသူများလည်းရှိကြောင်း သိရသည်။
အမှတ်-၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အခြေစိုက်ရာ ဗန်းမော်နှင့် မံစီမြို့နယ်တွင် အမြောက်တပ်ရင်း၊ ခြေလျင်တပ်ရင်းများနှင့် လက်ရုံးတပ်များ စုစုပေါင်း ၁၄ ရင်းထက်မနည်းရှိပြီး ယခင် KIA သိမ်းပိုက်ခဲ့သည့် တပ်စခန်းများမှ ဆုတ်ခွာခဲ့သည့် တပ်သားများ အပါအဝင် အင်အားထောင်ဂဏန်းခန့် ရှိနိုင်ကြောင်း စစ်ရေးလေ့လာသူတဦးက ခန့်မှန်သုံးသပ် သည်။
ဗန်းမော်မြို့ လုံခြုံရေးအတွက် အရေးပါသည့် မိုးမောက်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၄၃၇ ဌာနချုပ်အား KIA သိမ်းပိုက်ပြီးနောက် တပ်စခန်းပြန်ရရေး ဗန်းမော်အခြေစိုက် တပ်ရင်းစစ်ကြောင်းများဖြင့် ပြန်လည်စစ်ကြောင်းထိုး တိုက်ခိုက်နေစဉ် KIA ပူးပေါင်းတပ်များက မြို့အနီးရှိတပ်စခန်းများကို ရုတ်တရက် တန်ပြန်ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။
ဗန်းမော်နှင့် မံစီမြို့အား KIA သိမ်းပိုက်နိုင်ပါက ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်အရှေ့ခြမ်းတွင် စစ်တပ်နေရာယူနိုင် သည့်မြို့မှာ ဝိုင်းမော်မြို့နှင့် ရွှေကူမြို့တို့သာ ကျန်ရှိတော့မည် ဖြစ်သည်။
You may also like these stories:
ဗန်းမော်တိုက်ပွဲ မြို့ပေါ်နေရာတချို့တွင်ပါ ပစ်ခတ်မှု ဖြစ်လာ
ဗန်းမော်-မိုးမောက် လမ်းတလျှောက် တိုက်ပွဲ ပြင်းထန်နေ
မြေရှားသတ္တု အနာဂတ်ပိုင်ရှင်သစ် KIA ဖြစ်လာ