လက်ရှိဘဏ္ဍာရေးနှစ်တွင် မြန်မာ့စီးပွားရေးသည် ၁ ရာခိုင်နှုန်း ကျုံ့သွားမည်ဟု မျှော်လင့်ရကြောင်း၊ ပြင်းထန်သော ရေလွှမ်းမိုးမှုသည် ပဋိပက္ခ ဖြစ်ပွားနေသော မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ပိုမိုဆိုးရွားစေကြောင်း ကမ္ဘာ့ဘဏ်က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြောသည်။
မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းပြီး စက်တင်ဘာလအတွင်း နိုင်ငံတဝှမ်းကို တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံရှိ လမ်းများ ကျယ်ကျယ်ပြန့်ပြန့် ရေလွှမ်းမိုးခံခဲ့ရသည်။ တည်ဆောက်ထားသည့် အခြေခံအဆောက်အဦအားလုံး၏ ဆယ်ပုံတပုံ၊ လမ်းများ၏ ငါးပုံတပုံခန့် ပျက်စီးခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် နောက်ဆုံးအစီရင်ခံစာတွင် ဆိုထားသည်။ လူပေါင်း ၂ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်းလည်း အစီရင်ခံစာက ဆိုသည်။
လူဦးရေ ၅၅ သန်းရှိသည့် မြန်မာနိုင်ငံသည် ရွေးကောက်ခံ အရပ်သား အစိုးရထံမှ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တနိုင်ငံလုံးဆန့်ကျင်မှုသည် လက်နက်ကိုင်ဆန့်ကျင်မှုအထိ ပါဝင်လာသောကြောင့်လည်း ဖရိုဖရဲဖြစ်နေသည်။
စစ်အာဏာသိမ်းမှုသည် မြန်မာတွင် ဒီမိုကရေစီစမ်းသပ်မှုနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆယ်စုနှစ်တခုကို ရုတ်တရက် အဆုံးသတ်လိုက်ပြီး အနောက်တိုင်း ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံမှ ထွက်ခွာစေကာ အရေးယူပိတ်ဆို့မှုများက ကုန်သွယ်ရေး ပြတ်တောက်စေသည်။
“လက်နက်ကိုင် ပဋိပက္ခတင်းမာမှု ဆက်လက်မြင့်မားနေပြီး ဘဝများနှင့် အသက်မွေးဝမ်းကြောင်းများကို အပြင်းအထန် ထိခိုက်စေကြောင်း၊ ကုန်ထုတ်လုပ်ရေးနှင့် ကုန်စည်ဖြန့်ချိရေးကွင်းဆက်ကို အနှောင့်အယှက်ဖြစ်ပြီး စီးပွားရေး အလားအလာ မရေရာမှုကို ပိုမိုမြင့်မားစေကြောင်း” ကမ္ဘာ့ဘဏ်၏ ယခု အစီရင်ခံစာတွင် ဖော်ပြသည်။
မြန်မာ့စီးပွားရေးကဏ္ဍ အများအပြားသည် ရုန်းကန်နေရပြီး စိုက်ပျိုးရေး ထုတ်လုပ်မှုသည် စက်တင်ဘာလက တိုက်ခတ်ပြီး ရေလွှမ်းမိုးမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေသည့် ယာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် ကျဆင်းဖွယ်ရှိသည်။
“ကုန်ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍများသည် ကုန်ကြမ်းပစ္စည်း၊ သွင်းအားစု တင်သွင်းမှုနှင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှု၊ ပြည်တွင်း ဝယ်လိုအား အားနည်းခြင်းနှင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခနှင့် စီးပွားရေး မရေရာမှုကြောင့် အနည်းငယ် ကျုံ့သွားဖွယ်ရာရှိသည်” ဟု ထိုအစီရင်ခံစာက ဖော်ပြသည်။
မြန်မာလူဦးရေ၏ ၂၅ ရာခိုင်နှုန်းခန့်သည် ဆိုးရွားသည့် ငွေကြေးဖောင်းပွမှုနှင့် စစ်ကြောင့် ဆိုးရွားလာသည့် မလုံလောက်မှုကြောင့် စားနပ်ရိက္ခာ မဖူလုံမှု ရင်ဆိုင်နေရသည်ဟု ကမ္ဘာ့ဘဏ်က ပြောသည်။
ယခုဘဏ္ဍာရေးနှစ်အတွင်း ငွေကြေးဖောင်းပွမှုသည် နှစ်စဉ်ပျှမ်းမျှ ၂၆ ရာခိုင်နှုန်းရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်က ၂၇ ဒသမ ၅ ရာခိုင်နှုန်းထက် အနည်းငယ် နိမ့်ကျလာကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။
အသစ်ဖွဲ့စည်းလာသည့် လက်နက်ကိုင်အဖွဲ့များနှင့် အခြေကျပြီးသား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ကျယ်ပြန့်လာသော တော်လှန်စစ်သည် စစ်ကောင်စီကို ကောင်းစွာချေမှုန်းနိုင်ပြီး နိုင်ငံ၏ မြို့နယ် ၃၃၀ အနက် ထက်ဝက်မက သိမ်းပိုက်ကာ လူ ၃ သန်းခွဲ နေအိမ်များမှ ထွက်ပြေးရသည်ဟု သိရသည်။
“မည်သည့် ပဋိပက္ခ တင်းမာမှုမျှ မြင့်မား မလာစေကာမူ စီးပွားရေးတိုးတက်မှုသည် လာမည့်နှစ်တွင် ကျဆင်းလာမည်ဟု မျှော်လင့်သည်” ဟု ကမ္ဘာ့ဘဏ်က ပြောသည်။
ကိုးကား ။ ။ Reuters သတင်း Myanmar”s economy to shrink as floods compound crisis, says World Bank
You may also like these stories:
ရေဘေးသင့်မြန်မာတွင် စစ်သုံးစရိတ်က ကယ်ဆယ်ရေးစရိတ်ထက် အဆ ၂၀၀ ပိုများနေ
ယာဂီအလွန် စိုက်ပျိုးရေးကဏ္ဍ နာလန်ထူနိုင်မလား
ယာဂီမုန်တိုင်း ရေဘေးက စစ်ကောင်စီ သဘောထားမှန်ကို ထုတ်ဖော်
မြန်မာရေဘေးသင့်သူများကို ကူညီရန် အမေရိကန် ခေါင်းဆောင်ရမည်
အထည်ချုပ်လုပ်ငန်း ပြိုကွဲပြီး မျှော်လင့်ချက်ကင်းမဲ့မှု မြင့်မား