ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်အရာရှိ ဝူကန်းနှင့် ဘေဂျင်းမြို့ ၌ တွေ့ဆုံဆွေးနွေးနေစဉ် ကချင်ပြည်နယ်ရှိ တရုတ် နယ်စပ် ဂိတ်အားလုံး ယနေ့နံနက်က ပြန်လည်ဖွင့်လိုက်ပြီဖြစ်သည်။
KIO/KIA ကိုယ်စားလှယ်အဖွဲ့သည် တရုတ်၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာ ၈ရက်က ဘေဂျင်းမြို့သို့ သွားရောက်ခြင်းဖြစ်ပြီး ထိုအဖွဲ့တွင် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်၊ DGA အတွင်းရေးမှူး ဗိုလ်မှူးကြီးလဖိုင်ဇော်ရော်နှင့် ဗိုလ်မှူးကြီးခွန်နောင်တို့ ခရီးစဉ်တွင် ပါဝင်သည်။
ဧရာဝတီ၏ သတင်းရင်းမြစ်များအဆိုအရ တရုတ်တို့အနေဖြင့် KIA အား ပိုနေမြဲ ကျားနေမြဲ နေရန်၊ နိုင်ငံရေးကိစ္စရပ်များကို ရွေးကောက်ပွဲပြီးမှ ဆက်လက်ဆွေးနွေးရန်၊ မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးကို တရုတ်မှသာ ဦးဆောင်မည်ဖြစ်ပြီး၊ တရုတ်စီမံကိန်းများနှင့် ပတ်သက်၍ လုံခြုံရေးအစီအမံများ စေလွှတ်မည့် ကိစ္စရပ်များကိုသာ ဦးစားပေးဆွေးနွေးကြောင်း သိရသည်။
“ဗန်းမော်လည်း တိုက်နေတာဆိုတော့ တိုက်ပွဲရပ်ထားဖို့ ဆွေးနွေးတယ်၊ နယ်စပ်ဂိတ်ကတော့ ကုန်စည်အကုန်လုံးက တင်သွင်းတင်ပို့လို့ရတယ်ဆိုပေမယ့် ဆီတင်ပို့ တင်သွင်းမှုက လုံးဝကို မရဘူးပေါ့၊ နောက်ပြီးတော့ အီလက်ထရောနစ် ပစ္စည်း ဥပမာ ဒရုန်းမှာသုံးလို့ရတဲ့ ဟာလေးတွေဆိုရင် အဲဒီဟာတွေသယ်ဆောင်ခွင့်မရဘူး” ဟု ပြောသည်။
ယနေ့ လူမှုကွန်ရက်တွင် ထွက်ပေါ်လာသည့် ရုပ်သံဖိုင်တွင် ကချင်ပြည်နယ်ထဲရှိ လိုင်ဇာ၊ လွယ်ဂျယ်၊ မိုင်ဂျာယန်၊ ပန်ဝါ စသော တရုတ်နယ်စပ်ဂိတ် များ၌ ချထားသော အတားအဆီးများအား KIA ဘက်မှ ဖယ်ရှားနေသည်ကို တွေ့ရသည်။
KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “ ဂိတ်တံခါးတွေ၊ ဝါးလုံးတွေတော့ အကုန်ဖွင့်ထားပြီ၊ လူဝင်မှုတွေတော့ ခွင့်မပြုဘူး ပြောတယ်၊ တရုတ်ပြည်ဘက်ကနော်။ ကားတွေ ဘာတွေလည်း အဝင်အထွက် မရဘူး၊ ပစ္စည်းတွေလည်း အဝင်အထွက် မရဘူးပြောတယ်၊ အဲဒီလောက်ပဲ ပြည်ပရေးရာဌာနကနေ အကြောင်းကြားတာ” ဟု ပြောသည်။
ယနေ့မနက် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်မှုမှာလည်း နှစ်ဖက်ဆွေးနွေးမှုနှင့် ပတ်သက်မှုရှိ မရှိ မပြောနိုင်သေးကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
ယခင်က မြန်မာပြည်နယ်စပ်ရေးရာနှင့် ပတ်သက်လျှင် တရုတ်၏ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းကသာ တွေ့ဆုံဆွေးနွေးလေ့ရှိသော်လည်း ယခု KIO/KIA ဥက္ကဋ္ဌနှင့်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်(CPPCC) ဗဟိုအဖွဲ့ဝင် ဝူကန်ဦး ဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးနေခြင်းသည်။
ဝူကန်သည် CPPCC ဗဟိုအဖွဲ့ဝင်လည်းဖြစ် ဂျာမနီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။
KIO/KIA ခေါင်းဆောင်များအား ယခုအကြိမ် တရုတ်ကဖိတ်ခေါ်ဆွေးနွေးမှုသည် စစ်ရေး၊ စီးပွားရေးအရ အရေးပါသည့် ကချင်ပြည်နယ်၏ ဒုတိယမြို့တော် ဗန်းမော်မြို့အား KIA ပူးပေါင်းတပ်များက မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေသည့် ကာလနှင့်လည်း တိုက်ဆိုင်နေသည်။
ဗန်းမော်သည် မန္တလေးမြို့နှင့် ရေလမ်း၊ ကုန်းလမ်း တိုက်ရိုက်ဆက်သွယ်နိုင်သကဲ့သို့ တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်၊ မြစ်ကြီးနားနှင့် ရှမ်းမြောက်ဒေသတို့ဆုံချက်နေရာတွင် ရှိနေသည့်မြို့လည်း ဖြစ်သည်။
လက်ရှိ KIA ပူးပေါင်းတပ်များ ဗန်းမော်မြို့နှင့်မံစီမြို့တို့အား ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ဆယ်ရက်မြောက် ရှိလာပြီ ဖြစ်ပြီး တိုက်ပွဲများ နေ့စဉ်ပြင်းထန်လျက်ရှိသကဲ့သို့ မြို့ခံအများစုမှာလည်း စစ်ဘေးရှောင်ထွက်ပြေးနေကြသည်။
ဗိုလ်မှူးကြီးနော်ဘူက “တိုက်ပွဲကနေ့တိုင်းလိုလို ရှိပါတယ်။ မြို့ထဲမှာ ကျနော်တို့အဖွဲ့ တချို့နေရာမှာတော့ ရောက်တယ်လို့ ပြောတယ်၊ စခန်းတွေသိမ်းရတယ်ဆိုတာတော့ တရားဝင်အကြောင်းကြားလာမှု မရှိသေးဘူး၊ ပြည်သူလူထုတွေ ပြောတာ တော့ရှိတယ်၊ ဒါပေမယ့် ကျနော်တို့အတည်ပြုပြောလို့ မရသေးဘူး” ဟုပြောသည်။
တိုင်းရင်းသားဒေသများ၏ နိုင်ငံရေးနှင့် စစ်ရေးကို လေ့လာနေသူတဦး တရုတ်အနေဖြင့် အရေးပါသည့် ဗန်မော်မြို့သိမ်း စစ်ဆင်ရေး အပါအဝင် နယ်စပ်တလျောက်တိုက်ပွဲများရပ်ရန် ယခင်ကတည်းက အကြိမ်ကြိမ်ပြောသော် လည်း KIA အနေဖြင့် ရပ်တန့်ဖွယ်မရှိကြောင်း အလျောမပေးဘဲ ကချင်ပြည်နယ်တခုလုံး လွတ်မြောက်အောင် တိုက်ခိုက်လိမ့်မည်ဟု ထင်ကြောင်း သုံးသပ်သည်။
ယခုနှစ်စပိုင်းတွင်စတင်သည့် KIA ထိုးစစ်သည် ကချင်ပြည်နယ်အတွင်း စစ်တပ်စခန်းပေါင်း ၂၀၀ ကျော်သိမ်းပိုက် ထားနိုင် ပြီ ဖြစ်ကာ ဒေါ်လာဘီလီယံချီတန်ဖိုးရှိသည့် မြေရှားသတ္တုများထွက်ရှိရာ ကချင်အထူးဒေသ-၁ တခုလုံးကိုလည်း သိမ်းပိုက် ထားနိုင်ပြီ ဖြစ်သည်။
မြေရှားသတ္တုသည် တရုတ်သို့နှစ်စဉ် တန်ချိန်သောင်းနှင့်ချီတင်သွင်းနေသည့် အဖိုးတန်တွင်းထွက်သယံဇာတတခုဖြစ်ပြီး KIA အနေဖြင့် မြေရှားတူးဖော်ထုတ်လုပ်မှုကဏ္ဍအား ကော်မတီတရပ်ဖွဲ့စည်းကာ အသစ်ပြန်လည်စတင်ရန် ကြိုးပမ်းလျက် ရှိသည်။
You may also like these stories:
ဗန်းမော်ကို စစ်ဆင်နေချိန် KIA ကို တရုတ် ခေါ်ယူဆွေးနွေး
မြေရှားသတ္တု အနာဂတ်ပိုင်ရှင်သစ် KIA ဖြစ်လာ
တရုတ်ဩဇာ မြန်မာကို လွှမ်းမိုးမှု အနောက်တိုင်းက ချိန်ခွင်လျှာညှိရန် အချိန်ကျပြီ