စစ်ကောင်စီ၏ ၂၀၂၅ ရွေးကောက်ပွဲကို ဝင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲကာလ လုံခြုံရေးအတွက် လက်နက်ကိုင်၍ တာဝန်ထမ်းရန် စီစဉ်နေပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ အမျိုးသား အကျိုးစီးပွား တိုးတက် ရေးပါတီ (NIDP)တို့ကမူ ကြိုတင်စာရင်းပေးထားကြောင်း သိရသည်။
ဒီဇင်ဘာ ၅ရက်၊ ၆ရက်က နေပြည်တော်၌ လုပ်သည့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC)နှင့် နိုင်ငံရေးပါတီ ၅၁ ပါတီတွေ့ဆုံပွဲတွင် ထိုသို့ကတိပြုခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်အချို့က ဧရာဝတီကို ပြောသည်။
နိုင်ငံရေးပါတီတခုမှ တာဝန်ရှိသူတဦးက “ အခုက အသက် ၃၅ နှစ်အထက် ၆၅ အောက် အဲဒီလိုလူတွေ အဲဒါတွေကို ဘယ်နေရာမဆို ဒီပါတီကလည်း ပေးလို့ရပါတယ်။ စိတ်ပါဝင်စားရင် ဝင်လို့ရပါတယ်ဆိုပြီး ဖိတ်ခေါ်တာပေါ့ နော်။ အခုမှ ဒီကိစ္စကိုသိတော့လည်း အဆင်သင့် မဖြစ်ကြဘူးလေ” ဟု ပြောသည်။
စစ်တပ် ကျောထောက်နောက်ခံပြု ဦးခင်ရီ ဦးဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကမူ လုံခြုံရေး တာဝန်ထမ်းရန် အင်ပြည့်၊ အားပြည့် ပူးပေါင်း ပါဝင်မည်ဟု ကတိပြုခဲ့သလို အမျိုးသား အကျိုးစီးပွားတိုးတက်ရေးပါတီ (NIDP) မှ ၁၆ ဦး စာရင်းပေးခဲ့ကြောင်း သိရသည်။
NIDP ပါတီကို စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ဇူလိုင်လ ၁၄ ရက်တွင် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ပါတီခေါင်းဆောင်မှာ ဦးသန့်ဇော်ဖြစ်သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို NIDP ပါတီ၏ နာယကတာဝန်ယူထားသည့် ဒေါ်စိုးစိုးမြင့်က တက်ရောက်ခဲ့ပြီး လုံခြုံရေးတာဝန်အတွက် စာရင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီတခုက “သူ့ပါတီက လက်ရှိဥက္ကဋ္ဌက သန့်ဇော်ပေါ့နော်။ ဥက္ကဋ္ဌက သေနတ်ကို လိုင်စင်နဲ့လျှောက်ထားတာ၊ ဘယ်နှစ်လရှိပြီ အဲဒါကို မကျသေးဘူး။ သေနတ်ကိုင်ဖို့ လျှောက်လွှာတင် ထားတာအခုထိမကျ သေးဘူး။ ဘာလို့မကျသေးတာလဲဆိုပြီး မေးတယ်” ဟု ပြောသည်။
လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၅၃ ခု ရှိရာ ရွေးကောက်ပွဲတွင် လက်နက်ကိုင်လုံခြုံရေးယူမည့်ပါတီများမှာ ကြံ့ခိုင်ရေးနှင့် NIDP အပြင် မည်သည့်ပါတီများ ပါဝင်မည်ကို အသေးစိတ် မသိရသေးပေ။
စစ်ကောင်စီသည် ရွေးကောက်ပွဲကာလ လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်လိုသည့် မည်သူ့ကိုမဆို ကြိုဆိုမည် ဖြစ်ပြီး သင်တန်းပေးခြင်း၊ လစာပေးခြင်းများ ပြုလုပ်မည့်အပြင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့်သူများကို ယူနီဖောင်းအပြာ ရောင်နှင့် လက်နက်အချို့ကိုလည်း တပ်ဆင်ပေးရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတဦးက “နိုင်ငံရေးပါတီဆိုတာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေဗျ။ ဒီပါတီတွေက လုံခြုံရေးယူထားမယ်ဆိုရင် သူ့ကို မဲသွားပေးမယ့်လူတွေရဲ့ လုံခြုံမှုက မရှိတော့ဘူး။ နိုင်ငံရေးပါတီဝင်တွေအနေနဲ့ လုံခြုံရေး ပေးတယ်ဆိုတာကတော့ ကျနော်တို့တော့ ရယ်စရာလိုဖြစ်နေတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ မဲသွားပေးရမယ့် လူတွေက သူတို့လုံခြုံရေးပေးမယ်ဆိုရင် တခြားပါတီကိုမဲပေးမယ့်လူက ဘယ်သွားတော့မလဲ သူတို့ကိုကြည့်ပြီးတော့။ ဥပဒေနဲ့ မညီဘူးလို့ ပြောလို့ရတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲ လုံခြုံရေး စီမံကိန်းတခုတွင် လက်နက်ကိုင် လုံခြုံရေး ဝန်ထမ်းများ ဖြန့်ချထားခြင်းကြောင့် ဖြစ်ပေါ်လာ နိုင်သည့် ဆိုးကျိုးကောင်းကျိုးများ ထည့်သွင်း စဉ်းစားရန်၊ လုံခြုံရေးချထားခြင်းသည် ရွေးကောက်ပွဲ၌ သွေးထွက်သံယို ဖြစ်မှု ပေါ်ပေါက်ရန် အလားအလာများသည့်အခါ လိုအပ်ကောင်း လိုအပ်မည် ဖြစ်သော်လည်း ယင်းသို့ဖြန့်ချ ထား ခြင်းသည်ပင် လူအများစုကို ကြောက်လန့်စေပြီး ပြည်သူများ မဲပေးခြင်းမှ တားဆီးစေနိုင်ကြောင်း ရွေးကောက်ပွဲ သတင်းအချက်များ ဖော်ပြသော Open Election Data Initiative အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲ လုံခြုံရေးအတွက် ပြည်သူ့စစ်မှုထမ်း အင်အား ၁ သောင်းကိုလည်း အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ထိုအထဲမှ စစ်သင်တန်းဆင်း ၇ ထောင်ကို ကျဉ်စက်နှင့် ရာဘာတုတ်ကဲ့သို့ လုံခြုံရေး လက်နက်များ ကိုင်ဆောင်ခိုင်းမည် ဖြစ်ပြီး ကျန် ၃ ထောင်အား သေနတ်ကိုင်၍ လုံခြုံရေးယူခွင့် ပြုမည်ဖြစ်ကြောင်း နေပြည်တော်တွင် အစည်းအဝေး တက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီခေါင်းဆောင်များက ဆိုသည်။
နိုင်ငံရေးပါတီတခုမှ တာဝန်ရှိသူတဦးက “အဓိကကတော့ ဟို NSPNC က ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ပြန်ပြောသွားတာ လုံခြုံရေးပိုင်းမှာ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ဆိုတာ သူဥက္ကဋ္ဌပေါ့နော်၊ သူဖွဲ့စည်းထားတဲ့ အပတ်စဉ် ၁ ကတော့ ဆင်းသွားပြီ။ အင်အားတသောင်းလောက်ရှိတယ်။ အဲဒီကိစ္စတွေနဲ့ မဲရုံလုံခြုံရေး ပထမစည်း၊ ဒုတိယစည်း၊ တတိယစည်း ဆိုပြီးတော့မှ ဆောင်ရွက်သွားမှာပေါ့နော်။ အဲဒီမှာ အင်အားတသောင်းထဲမှာတော့ ၇ ထောင်ကတော့ လက်နက်မကိုင်ဘူးပေါ့။ ကျဉ်စက်နဲ့ နံပါတ်တုတ်ပေါ့။ ကျန်တဲ့အင်အား ၃ ထောင်ကတော့ လက်နက်ပါမယ်ပေါ့နော် အဲဒီလိုမျိုး စီစဉ်ထားတယ်လို့တော့ ပြောပါတယ်“ ဟုပြောသည်။
မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိပြီး တိုက်ပွဲများနှင့် နယ်မြေမငြိမ်မသက်မှုများကြောင့် မြို့နယ်ပေါင်း ၁၆၁ ခုတွင်သာ ရွေးကောက်ပွဲကို ကျင်းပနိုင်ရန် စစ်ကောင်စီဘက်မှ ပြောဆိုကြောင်း ဆွေးနွေးပွဲတက်ရောက်သူများက ဆိုသည်။
ရွေးကောက်ပွဲဥပဒေအရ နယ်မြေမငြိမ်သက်သည့် ဒေသများ၌ မဲရုံ၏ ကိုက် ၅၀၀ အကွာအဝေးတွင် တာဝန်ရှိသူများက လက်နက်ကိုင်၍ လုံခြုံရေးယူနိုင်ကြောင်း သိရသည်။
လုံခြုံရေးတာဝန်ထမ်းဆောင်မည့် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီမှသူများအား မည်သည့် လက်နက် ထုတ်ပေးမည်ကို စစ်ကောင်စီဘက်မှ တိတိကျကျ ပြောဆိုခဲ့ခြင်းမျိုး မရှိကြောင်း တက်ရောက်သူများထံမှ သိရသည်။
၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အနိုင်ရသည့်ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲ၌ မဲစာရင်းများ မှားယွင်းမှု မရှိစေရေး၊ မဲစာရင်းများ မှန်ကန်မှုရှိစေရေး အဓိက ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ Myanmar Electronic Voting Machine စနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။
You may also like these stories:
စစ်သေနတ် ပြောင်းဝ ရှေ့က ရွေးကောက်ပွဲ…ယုံရဲစရာလား…
“မျှတတဲ့ရွေးကောက်ပွဲ” ကျင်းပဖို့ တရုတ်ကို မင်းအောင်လှိုင် ကတိပေး
တရုတ် ကျားကန်မှုဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပမည်