ပြီးခဲ့သော စက်တင်ဘာမှစ၍ စစ်ကောင်စီ ပို့ကုန်ရငွေ (Export Earning) ရှိမှ သွင်းကုန်ခွင့်ပြုမည်ဆို၍ စက်သုံးဆီ၊ စားအုန်းဆီ၊ လျှပ်စစ်ကားတင်သွင်းသော နာမည်ကြီးလုပ်ငန်းရှင် သွင်းကုန်သမားတချို့ ပို့ကုန်ဝင်ငွေရရန် ယခုနှစ်ပြောင်း ပို့ရာသီ၌ ဝင်ရောက်လှုပ်ရှား ဝယ်ယူလာရာ ပြည်တွင်းပြောင်းဈေးကွက် အပြောင်းအလဲ လှုပ်ခတ်မှုများ ဖြစ်ပေါ်နေသည်။
ပြည်တွင်းပြောင်းဈေးကွက်သို့ ဝင်လာသည့် ကုမ္ပဏီကြီးများ၌ မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များ အသင်း အတွင်းရေး မှူး ဦးဝင်းမြင့်၏ မြတ်မေတ္တာမွန်၊ ဦးဇော်ဇော်၏ MAX Myanmar Group၊ မင်္ဂလာသန်းမြင့်ကုမ္ပဏီတို့ ပါဝင်ပြီး မြန်မာနိုင်ငံ ပြောင်းလုပ်ငန်း အသင်းဝင် ကုန်သည်ငယ်များနှင့် ချိတ်ဆက်၍ ဈေးပြိုင်ဝယ်နေသဖြင့် ထိုင်းသို့ အခွန်လွတ်ပြောင်းတင်ပို့မှု တလကျော်သာလိုတော့ချိန် ဈေးကွက်ပျက်မည်ကို လက်ဟောင်းပြောင်းကုန်သည်များက စိုးရိမ်နေသည်။
ပြည်တွင်းပြောင်းကုန်သည်တဦးက “မင်္ဂလာသန်းမြင့်တို့ဆိုရင် အရင်က သွင်းကုန်ပဲလုပ်တာ အခုတော့ မြတ်မေတ္တာမွန် ဆီ သမားတွေ အကုန်လုံးက ဝင်လာတယ်၊ မြတ်မေတ္တာမွန်ဆိုရင် သူ့သားတွေက ခိုင်ရတနာဝင်းတို့ နောက်နာမည်တွေ ခွဲပြီး တော့ လုပ်ထားတာရှိတယ်။ အသင်းကလူတွေနဲ့ ချိတ်ဆက်ပြီးတော့ ဈေးကွက်ကို မကြည့်ဘဲ ပို့ကုန်ရငွေရဖို့ ဝင်လုပ်တာ။ ပွဲစားခပေးပြီး ဝယ်ခိုင်းတာ ပို့ခိုင်းတာ လုပ်တာ။ အဝယ်အရောင်း သူတို့ ဘာမှမသိဘူး။ ဝယ်ပေးရောင်းပေး ဒီအတွက် အကျိုးအမြတ်ကို ဒီလိုယူ၊ သူတို့လိုချင်တာ ပို့ကုန်ရငွေပဲ၊ အဲဒီလိုမျိုးဖြစ်သွားတာ”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ ထိုင်းဈေးကွက် မဖွင့်သေးသော်လည်း ပြည်တွင်းလုပ်ငန်းသုံး ရောင်းချကြသလို ပြည်ပဈေးကွက် အိန္ဒိယ၊ ဗီယမ်နမ်၊ ဖိလစ်ပိုင်စသော နိုင်ငံများသို့ တင်ပို့နေရာ ပို့ကုန်ရငွေ လိုနေသည့် အခြားကဏ္ဍမှ သွင်းကုန်သမားများက ဈေးကွက်ပေါက် ဈေးထက် အပြိုင်အဆိုင် ပိုပေး ဝယ်သဖြင့် ပြောင်းဈေးကွက် လှုပ်လှုပ်ခတ်ခတ်ဖြစ်ကာ ဈေးကွက်ပြိုသွားမည်ကို လုပ်ငန်းရှင် များက စိုးရိမ်နေကြသည်။
အထက်ပါလုပ်ငန်းရှင်က “သွင်းကုန်သမားတွေက EV ကား၊ တွဲကားတွေ နောက်တခါ ဆီတွေသွင်းချင်တယ်ပေါ့။ အဲဒီလို သွင်းချင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး တော်တော်များများက ဈေးကွက်မှာ ပြောင်းတွေကို တပိဿာ ၁၅၀၀ ကျပ် ပေါက် ရင် ၁၆၀၀ ကျပ်လည်း ပေးဝယ်တယ်ဆိုတော့ ပြောင်းဈေးကွက်ကတော့ ပျက်လိမ့်မယ် ထင်တယ်။ တောင်သူတွေ အတွက် တော့ ပိုရသွားတာပေါ့လေ။ ကျနော်တို့လို ပြောင်းချည်းပဲ ဝယ်ရောင်းလုပ်နေတဲ့သူတွေအတွက်ကျတော့ မကိုက်တော့ဘူး။ ပို့ကုန်တခုထဲ လုပ်တဲ့သူတွေကျ အဆင်မပြေတော့ဘူး။ သူတို့က ပို့ကုန်ရဲ့ အမြတ်ကို သွင်းကုန်ရဲ့ အမြတ်နဲ့ ချိန်ဝယ်သွားပြီး တော့ ပို့ကုန်ရငွေကို ရအောင် ယူသွားတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ထိုင်းဖွင့်တဲ့ ဖေဖော်ဝါရီလ လူတိုင်း ဝယ်ရတဲ့အချိန်မှာ ပိုဆိုးမယ်”ဟု ပြောသည်။
မြန်မာနိုင်ငံမှ ပြောင်းကို ထိုင်းနိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်ကာ ထိုင်းနိုင်ငံဘက်က မြန်မာပြောင်းတင်ပို့မှုကို ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ အခွန်ကင်းလွတ်ခွင့် ပြုထားသည်။
မြဝတီမြို့ ပြောင်းကုန်သည်ကြီးတဦးက “တပိဿာ ၂၀၀ တက်တယ်။ တအိတ် ပိဿာ ၃၀ ဆိုတော့ ခန့်မှန်း ၆၀၀၀ ဝန်းကျင်လောက် တက်သွားတာ။ အုန်းဒိုင်းအုန်းဒိုင်းဖြစ်သွားတာ။ မနှစ်က အမြင့်ဆုံးဈေးမှ တပိဿာ ၁၇၀၀ ကျပ်၊ ၁၈၀၀ ကျပ် အမြင့်ဆုံးဖြစ်ခဲ့တာ။ အခုရာသီတောင် မစရသေးဘူး။ ဈေးက မနှစ်က နောက်ဆုံးဈေးကို တက်သွားတာ။ ဈေးကွက် ကတော့ လှုပ်လှုပ်ခတ်ခတ်ဖြစ်စပြုနေပြီ။ နောက်ထပ်လည်း ပိုဖြစ်လာလိမ့်မယ်”ဟု သုံးသပ်ပြောသည်။
![](https://burma.irrawaddy.com/wp-content/uploads/2024/12/၂-.jpeg)
ယခုနှစ် ပြောင်းရာသီအစတွင် ပြောင်းတပိဿာလျှင် ၁၅၀၀ ကျပ်သာရှိရာမှ ၁၇၀၀ ခန့်ထိ မြင့်တက်နေခြင်းဖြစ်ပြီး ရာသီ ကုန်၍ ပစ္စည်းရှားပါးချိန်တွင် ယခုထက်မြင့်တက်လာမည့် အလားလားများရှိနေကြောင်း သိရသည်။
လက်ရှိစစ်ကောင်စီ၏ တရားမဝင် ကုန်စည်တိုက်ဖျက်ရေးအစီအစဉ်အရ ပြည်တွင်း၊ ပြည်ပ ကုန်စည်သယ်ယူခွင့် အတွက် ထောက်ခံစာများ လိုအပ်ရာ ပြောင်းသယ်ယူရောင်းချရန် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ထောက်ခံချက်လိုသဖြင့် အသင်းဝင်ရန် စာရင်းပေးသော ကုမ္ပဏီ ၉၀ ထက်မနည်း ရှိနေကြောင်းလည်း ပြောင်းကုန်သည်များထံ က စုံစမ်းသိရှိရ သည်။
ရန်ကုန်မြို့ရှိ ပြောင်းကုန်သည်တဦးက “အခုနောက်ပိုင်းမှာ ပြောင်းအသင်းရဲ့ ထောက်ခံချက်တွေ တောင်းဖို့ ရှိတယ်။ အရင် ကိုယ့်ဘာသာလုပ်လို့ရတယ်။ အခုတော့ မရဘူး။ ပြည်ပပို့တာတင် မဟုတ်ဘူး။ ရှမ်းမြောက်ကနေ မန္တလေး ဆင်းတာရှိ တယ်။ အဲဒီကနေ ရန်ကုန်သယ်ရင် မန္တလေးတိုင်း ပြောင်းအသင်းရဲ့ ထောက်ခံချက်နဲ့မှ ထွက်လို့ရတာရှိတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
ထောက်ခံချက်ပါက ပြောင်းသယ်ယူသည့်အစီအစဉ်ကို ထိုင်းသို့ ပြောင်းပို့ရာသီ၌ စတင်နိုင်သဖြင့် ယခုကတည်းကပင် လုပ်ငန်းရှင်သစ်များ အသင်းဝင်ကာ ကြိုတင်ပြင်ဆင်နေကြခြင်းဖြစ်သည်။
ထိုင်းဈေးကွက်ဝယ်လိုအားမှာ နှစ်စဉ် ပြောင်းတန်ချိန် ၈ ဒသမ ၉ သန်းရှိပြီး ပြည်တွင်းထုတ်လုပ်မှုမှာ တနှစ်လျှင် တန်ချိန် ၄ ဒသမ ၉ သန်းခန့်သာရှိသောကြောင့် မြန်မာအပါအဝင် အိမ်နီးနိုင်ငံများမှ ပြောင်းတန်ချိန် ၁ ဒသမ ၆ သန်းခန့် တင်သွင်းနေ ကြောင်း၊ မြန်မာနိုင်ငံမှ တန်ချိန် ၆ သိန်းမှ ၇ သိန်း၊ လာအိုနိုင်ငံမှ တန်ချိန် ၃ သိန်းမှ ၄ သိန်းနှင့် ကမော္ဘဒီးယားနိုင်ငံမှ တန်ချိန် ၁ သိန်းခန့် တင်သွင်းလျက်ရှိကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ယခုနှစ် မတ်လက ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ပြောင်းကို ရှမ်းပြည်နယ်၌ အများဆုံးစိုက်ပျိုးပြီး စိုက်ပျိုးဧက ၇ သိန်းကျော်အထိရှိကာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင်လည်း စိုက်ပျိုးကြသည်။
သို့သော် ယခုနှစ်တွင် ပြောင်းစိုက်ပျိုးသည့် ဒေသအများစုမှာ စစ်ပွဲများ ဖြစ်ပွားနေသလို ရာသီဥတု ဖျက်ဆီးမှုကြောင့်လည်း ပြောင်းအထွက်နည်းလိမ့်မည်ဟုလည်း ကုန်သည်များက ခန့်မှန်းထားသည်။
မြန်မာပြောင်းကို အများဆုံးဝယ်ယူသည့် ထိုင်းနိုင်ငံ CP ကုမ္ပဏီက ပြောင်းစိုက်ပျိုး ထုတ်လုပ်မှုကြောင့် သစ်တောများကို မီးရှို့ခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ မဖြစ်အောင် စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းသည်အထိ တဆင့်ချင်း စနစ် တကျ မှတ်တမ်းတင်သော Block Chain နည်းစနစ်၊ ဂြိုလ်တုပုံရိပ်ဖော်ခြင်းတို့ကို သုံး၍ လေထုညစ်ညမ်းမှု လျော့ချကာ နိုင်ငံတကာ ကုန်သွယ်ခြင်းများ၌ ယုံကြည်မှှုရှိရန် မြန်မာနိုင်ငံ ပြောင်းစက်မှုအသင်း (MCIA)နှင့် လုပ်ဆောင်နေကြောင်း နိုဝင်ဘာလအတွင်းက ဆိုသည်။
မြန်မာ့ပြောင်းကို ထိုင်းနှင့် တရုတ်နိုင်ငံများသို့ အများဆုံးတင်ပို့ပြီး ပင်လယ်ရေကြောင်းမှလည်း အိန္ဒိယ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် အစရှိသည့် နိုင်ငံများသို့ တင်ပို့ကာ တလလျှင်ခန့်မှန်းခြေ မတ်ထရစ်တန်ချိန် ၁ သိန်းနှင့် ၂ သိန်းကြားတင်ပို့ လျက်ရှိပြီး ၂၀၂၄ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအထိ ပြောင်းတန်ချိန် ၁၈ သိန်း တင်ပို့ထားကာ အမေရိကန်ဒေါ်လာသန်း ၄၀၀ ကျော် ရရှိထားကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။
You may also like these stories:
အဖမ်းခံထားသည့် ပြောင်းကုန်သည်တချို့ ပို့ကုန်သွင်းကုန်ဥပဒေနှင့် အရေးယူ
မှောင်ခိုတင်ပို့သည်ဆိုကာ ပြောင်းကုန်သည်အချို့ ဖမ်းဆီး စစ်ဆေးခံနေရ
ကြံနှင့်ပြောင်း သယ်ယူနိုင်ရေး နယ်စပ်ဂိတ်တချို့ တရုတ် ပြန်ဖွင့်
မီးခိုးကြောင့် ပြောင်းတင်သွင်းမှု ပိတ်ရန် ထိုင်းအစိုးရ စီစဉ်
တင်းကျပ်သည့် ပို့ကုန်မူဝါဒကြောင့် ပြောင်းတင်ပို့မှု ကျဆင်းလာနေ
ထိုင်းသို့ ပြောင်းတင်ပို့မှု ရုတ်တရက် ပိတ်လိုက်သဖြင့် ကုန်သည်များ အခက်ကြုံ