Facebook မိခင်ကုမ္ပဏီ Meta ရဲ့ CEO မာ့ခ် ဇူကာဘတ် က အမေရိကန် ဒေါ်လာ ၁ သန်း လှူပြီး ဒေါ်နယ်ထရမ့် နဲ့ အပြုသဘောဆောင် ဆက်ဆံရေး လမ်းခင်းလိုက်ပါတယ်။
ဇူကာဘတ် က ဒေါ်နယ်ထရမ့် ရဲ့ သမ္မတ ကျမ်းကျိန်ပွဲ အတွက် ဒေါ်လာ ၁ သန်း လှူဒါန်းလိုက်ခြင်း ဖြစ်ပါတယ်။
အခုလို လှူဒါန်းမှုဟာ Meta နဲ့ မာ့ခ် ဇူကာဘတ် တို့ရဲ့ လုပ်နေကျ မဟုတ်တဲ့ ပုံစံဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဒီသတင်းကို ပထမဆုံး ဖော်ပြခဲ့တဲ့ The Wall Street Journal က ဆိုပါတယ်။
ဒီမိုကရက်တစ် သမ္မတလောင်း အဖြစ်မှ ဂျိုးဘိုင်ဒန် နုတ်ထွက်ပြီး ကမ်မလာ ဟဲရစ်ကို အစားမထိုးခင် ပြုလုပ်ခဲ့တဲ့ မီဒီယာ အင်တာဗျူး တခုမှာတော့ ဇူကာဘတ်က ဒီနှစ်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် နဲ့ ဂျိုးဘိုင်ဒန် နှစ်ဦးလုံးကို ထောက်ခံဖို့ ငြင်းဆိုထားပါတယ်။
ဒါပေမယ့် ဇူလိုင် ၁၃ ရက် နေ့ လုပ်ကြံဖို့ ကြိုးစားမှုအပေါ် ထရမ့် ရဲ့တုံ့ပြန်မှုကို ဘီလီယံနာ ဇူကာဘက်က ဘဝမှာ ကြုံခဲ့ ဖူးသမျှ အဆိုးဆုံး လုပ်ရပ်တွေထဲက တခုလို့ ပြောဆိုထောက်ခံခဲ့ပြီး ဒါဟာ ရှေးရိုးစွဲသမားတွေ လက်ခံလာစေဖို့ ကြိုးစားမှုတွေ ထဲက တခုဖြစ်တယ်လို့လည်း ဆိုပါတယ်။
New York Times သတင်းမှာလည်း ဇူကာဘတ်ဟာ ထရမ့်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ နှောင်းပိုင်းတုန်းက တွေ့ဆုံခဲ့သေး တယ်လို့ ဖော်ပြပြီး အဆိုပါတွေ့ဆုံမှုဟာ Meta CEO ရဲ့ ထရမ့်နဲ့ အပြုသဘောဆောင် ဆက်ဆံရေး ထူထောင်ဖို့ ကြိုးပမ်းမှု ဖြစ်တယ် လို့လည်း ဆိုထားပါတယ်။
ထရမ့်နဲ့ ဇူကာဘတ်ပိုင် Meta ဟာ ၂၀၂၀ သမ္မတ ရွေးကောက်ပွဲအပြီး ဆက်ဆံရေး တင်းမာမှု ရှိခဲ့တယ်လို့ သိရပါတယ်။
Meta ဟာ ၂၀၂၀ ရွေးကောက်ပွဲ ကာလအတွင်း ဘိုင်ဒန်ကို ထိခိုက်စေမယ့် အကြောင်းအရာတွေကို ဖိနှိပ် ဖုံးကွယ်ခဲ့တယ် လို့ ထရမ့်က စွပ်စွဲခဲ့ပြီး ရွေးကောက်ပွဲ အခြေခံ အဆောက်အအုံတွေ အားကောင်းစေဖို့ ဇူကာဘတ်ရဲ့ လှူဒါန်းမှုတွေ ကိုလည်း ဝေဖန်ခဲ့ဖူးပါတယ်။
၂၀၂၁ ဇန်နဝါရီမှာ ဖြစ်ပွားခဲ့တဲ့ Capitol အဓိကရုဏ်း အပြီးမှာ ထရမ့်ရဲ့ Facebook နဲ့ Instagram အကောင့်တွေကို Meta က ၂ နှစ်ခန့် ပိတ်ထားခဲ့ပါသေးတယ်။
Ref : The Wall Street Journal