ပြီးခဲ့သည့် ဇွန်လမှစ၍ စစ်ကောင်စီက ဆန်နှင့်ဆီကို သတ်မှတ်ဈေးအတိုင်း ရောင်းချစေပြီး ယခုအခါ ကြက်ဥနှင့် အသားငါး ကိုပါ ဈေးသတ်မှတ်ရန် ပြင်ဆင်နေရာ ထိုအတိုင်း မရောင်းပါက အသွင်ယူဖမ်းမည်ဟု ခြိမ်းခြောက်သတိပေးနေကြောင်း ကုန်ခြောက်ဆိုင်ပိုင်ရှင်များထံမှ သိရသည်။
ရန်ကုန်မြို့ရှိ ကုန်ခြောက်ဆိုင်ပိုင်ရှင်တဦးက “ကျနော့်ဆိုင်ကို ပြီးခဲ့တပတ်ထဲပဲ စစ်သွားတာ။ စားသုံးသူရေးရာက လိုက် စစ်တာ။ ရပ်ကွက်ထဲက ဆန်ဆိုင်တွေအကုန်လုံးပဲစစ်တာ။ ဘယ်ဈေးအမြင့်ဆုံးရောင်းလဲ၊ ဈေးပိုမရောင်းနဲ့၊ စရဖ ဝင်မယ် တို့ဘာတို့ ပြောတာရှိတယ်။ အသွင်ယူပြီး ဖမ်းတာတွေဘာတွေပေါ့။ ဒီတခေါက်ထိန်းတာက ကြက်ဥတွေဘာတွေ တောင် ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
မြို့နယ်စည်ပင်သာယာရေးက မြို့နယ်တချို့တွင် ကြက်ဥ ၁၀ လုံးလျှင် ၃,၆၀၀ ကျပ်၊ တချို့၌ ၃,၇၀၀ ကျပ်ဟု ဈေးနှုန်း သတ်မှတ် ရောင်းချမှုများရှိနေပြီး ယင်းဈေးအတိုင်း ပြင်ပလက်လီအရောင်းဆိုင်များအနေဖြင့်လည်း ရောင်းချရမည်ဟု စစ်ကောင်စီဘက်က ပြောဆိုလာကြောင်း ၎င်းက ဆိုသည်။
၎င်းက “ကြက်ဥဒိုင်တွေကနေ သတ်မှတ်ဈေးနဲ့ သွားယူပြီး တလုံး ၃၇၀ ကျပ်နဲ့ ရောင်းပေးရတယ်။ ကျနော်တို့ဆိုင်တွေ လည်း ကိုယ့်ဘာသာ အပြင်မှာဘယ်ဈေးနဲ့ဝယ်ဝယ်၊ အလုံးကြီးကြီးသေးသေး ၃၇၀ ကျပ်နဲ့ ပိုမရောင်းရဘူး။ ဆန်လိုပဲပေါ့။ ဒါပေမယ့် ဆန်က အရေးကြီးကုန်စည်ဖြစ်နေတော့ ပိုပြီးပြဿနာကြီးတယ်။ ဒါကတော့ သတိပေးရုံလောက်ပဲ ရှိသေး တာပေါ့။ ကျနော်ဆို အရောင်းရပ်လိုက်ပြီ။ အရွယ်အစားမတူတော့ ဈေးအမျိုးမျိုးရှိတယ်။ ကျနော်ယူတဲ့ ကြက်ဥဈေးက အရင်းတင် တလုံး ၃၉၀ ရှိတယ်။ အဲဒီတော့ ဘယ်လိုမှ မကိုက်ဘူး” ဟု ရှင်းပြသည်။
ယင်းအခြေအနေများကြောင့် ဆိုင်တချို့မှာ အရောင်းရပ်ထားသည့် အခြေအနေ ရှိနေကြောင်း၊ လက်ရှိတွင် စစ်ကောင်စီက ငါးမွေးမြူရေးကန်များကိုလည်း စာရင်းကောက်ယူနေပြီး ဈေးနှုန်းကို ထပ်မံထိန်းချုပ်ရန်အတွက် ပြင်ဆင်လျက်ရှိကြောင်း ကုန်သည်လုပ်ငန်းရှင်များအသိုင်းအဝိုင်းမှ သိရသည်။
ထို့ပြင် အသားဈေးကွက်တွင်လည်း စစ်ကောင်စီ လက်အောက်ခံ စည်ပင်သာယာရေးကော်မတီ၊ သားသတ်ဌာနမှ ဆိတ်သား တပိဿာ ၃၂,၀၀၀ ကျပ်ထပ် ပိုမရောင်းရန်နှင့် ရောင်းချပါက ဆိုင်ခန်းပိတ်သိမ်းပြီး အရေးယူသွားမည်ဟု လက်လီအရောင်း ဆိုင်များကို ယခုရက်ပိုင်းအတွင်း၌ ပြောဆိုထားကြောင်း သိရသည်။
မြောက်ဒဂုံမြို့နယ်ရှိ အိမ်ရှင်မတဦးက “သူတို့ ကြက်ဥတော့ ရောင်းပေးနေတယ်။ ဒါပေမယ့် အလုံးက သေးသေးလေးတွေ။ ကျမတို့ မြို့နယ်ကိုတော့ သတ်မှတ်ဈေးနဲ့ မရောင်းရင် ဘာလုပ်မယ်ညာလုပ်မယ်တော့ လာတာမရှိသေးဘူး။ အပြင်မှာတော့ တလုံး ၄၀၀ ကနေ ၅၀၀ ကျပ်လောက်ရှိတယ်။ သူတို့ ဘယ်လိုထိန်းထိန်း ကုန်ဈေးနှုန်းတွေက တက်နေတာပဲ။ ဆန်ကြမ်း တပြည် ၄,၇၀၀ ကျပ် ရှိတယ်။ ငရုတ်သီးစိမ်း တပိဿာတောင် အခု ၃,၀၀၀ ကျပ် ရှိတယ်။ ဒါတောင် တသောင်းကျော်က ပြန်ကျတာ” ဟု လက်ရှိအခြေအနေကို ပြောပြသည်။
အလားတူ ပြည်တွင်းဆန်ဈေးကွက်ကို လက်ကားဖြန့်ဖြူးသည့် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ဝါးတန်းလမ်းကုန်စည်ဒိုင်တွင် လည်း ဈေးပိုမရောင်းရန် စစ်ကောင်စီက သတိပေးပြောဆိုမှုများကြောင့် ယခုရက်ပိုင်းအတွင်း ကုန်သည်အချင်းချင်း နားလည်မှုဖြင့်ရောင်းချသည့် ပုံစံမျိုးနှင့်သာ လည်ပတ်နေပြီး အပြင်လူဆိုပါက ပစ္စည်းမရှိဘူးဟုသာ ပြောလိုက်ကြောင်း ကုန်သည်တဦးက ပြောသည်။
စစ်ကောင်စီ၏ သတ်မှတ်ဈေးမှာ ဧည့်မထအနိမ့်ဆုံး ဆန်ကြမ်း တအိတ်လျှင် ၈၂,၀၀၀ ကျပ်မှ အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း တအိတ်လျှင် ၁၅၀,၀၀၀ ကျပ်သာ လက်ကားဈေးရှိပြီး ပြင်ပလက်ကားဈေးမှာမူ ဆန်ကြမ်းအနိမ့်ဆုံး တအိတ်လျှင် ၇၉,၀၀၀ ကျပ်မှ အမြင့်ဆုံး ၁၁၀,၀၀၀ ကျပ်နှင့် ဆန်ချောအနိမ့်ဆုံး တအိတ်လျှင် ၉၅,၀၀၀ ကျပ်မှ အမြင့်ဆုံး ၁၉၅,၀၀၀ ကျပ်ထိ ရှိသောကြောင့် ပြင်ပဈေးနှင့် နှိုင်းယှဉ်ပါက ဆန်တအိတ်လျှင် ကျပ်ထောင်ကျော်မှ သောင်းဂဏန်းအထိ ကွာဟချက် ရှိနေသည်။
ထိုသို့ ကုန်စည်စီးဆင်းမှုအား ဝင်ရောက်စွက်ဖက်ခြင်း၊ ဈေးနှုန်းကန့်သတ်ခြင်းနှင့် အာဏာသုံးပြီး ခြိမ်းခြောက်အရေးယူခြင်း များသည် ကမာ္ဘပေါ်တွင် အာဏာရှင်များ ကျင့်သုံးနေကျနည်းလမ်းဖြစ်ကြောင်း၊ စစ်ကောင်စီအနေဖြင့် ဈေးကွက်အား ချုပ်ကိုင်နေခြင်းက တိုင်းပြည်စီးပွားရေးကို ကျဆင်းပျက်စီးစေပြီး ဈေးကွက်စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်လာမည် ဖြစ်ကြောင်း စီးပွားရေးပညာရှင်တဦးက မှတ်ချက်ပြုသည်။
၎င်းက “အရင်တုန်းက ဆိုရှယ်လစ်စနစ်၊ စီမံကိန်းစီးပွားရေးစနစ် ကျင့်သုံးတဲ့နိုင်ငံတွေ၊ အာဏာရှင်နိုင်ငံတွေမှာ အနည်းနဲ့ အများရှိခဲ့သလို အခုလည်း ရှိသလောက်ရှိနေဆဲပါ။ မြန်မာပြည်မှာက စနစ်မပီပြင်တဲ့ ဆိုရှယ်လစ်ဖြစ်ခဲ့တော့ အခြားဆိုရှယ် လစ်နိုင်ငံတွေလောက်တောင် အဆင်မပြေခဲ့ပါဘူး။ အခု စစ်ကောင်စီကတော့ အဆိုးဆုံးတန်းမှာဝင်ပါတယ်။ ဈေးကွက် စီးပွားရေးသွားတယ်လို့ တရားဝင်ပြောထားပေမယ့် လက်တွေ့မှာ စစ်အာဏာရှင်တို့ထုံးစံအတိုင်း စိတ်ကူးထင်ရာလုပ်နေ တာ။ စစ်အာဏာရှင်က အဆိုးဆုံးပါပဲ။ အာဏာတည်မြဲရေးကို ဘယ်နည်းနဲ့မဆိုလုပ်တဲ့အထဲမှာ ဆန့်ကျင်သူတွေကို ဖြတ်တောက်တာ၊ နိုင်ငံကိုတလွဲတချော်စီမံခန့်ခွဲပြီး ရလဒ်ဆိုးကိုနားမလည်ဘဲ အမှားတွေ ဆက်ကျူးလွန်နေတာ ဖြစ်ပါတယ်” ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်ကလည်း ဆန်ဈေးနှုန်းများအား သတ်မှတ်နှုန်းထက် ပိုရောင်းသည်ဆိုကာ ဂျပန်နိုင်ငံ Aeon ကုမ္ပဏီ၏လုပ်ငန်းခွဲ Aeon Orange၊ City Mart ၊ One Stop Mart၊ စိန်ဂေဟာ စသည့် စူပါမားကတ်မှ ဒါရိုက်တာ၊ အမှုဆောင်အရာရှိ ၄ ဦးနှင့် ဆန်ကုန်သည် ၇ ဦးကို စစ်ကောင်စီက ဖမ်းအရေးယူခဲ့သည်။
You may also like these stories:
စစ်ကောင်စီကဖမ်း တရုတ်က ပိတ်၍ ပြည်တွင်း၌ ကုန်စည်ပြတ်လပ်
မူဆယ် ဆင်ဖြူဂိတ်မှ ကုန်ပစ္စည်းများကို ထောက်ခံချက်ဖြင့် သယ်ခွင့်ပေးမည်
ကြံနှင့်ပြောင်း သယ်ယူနိုင်ရေး နယ်စပ်ဂိတ်တချို့ တရုတ် ပြန်ဖွင့်